RSS

Tu Maung Nyo – Equality is the best policy for the peace in Burma

19 Aug

 တန်းတူရည်တူသဘောထားပြီး နိုင်ငံရေးအရဆွေးနွေးဖြေရှင်းတယ်ဆိုရင်
 ငြိမ်းချမ်းရေး ရနိုင်ပါတယ်
တူမောင်ညို
သြဂုတ် ၁၉၊ ၂၀၁၁
(၁/၂၀၁၁)သတင်းစာရှင်းလင်းပွဲမှာထည့်ပြောသွားတဲ့ “ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် ဆန္ဒပြုမေတ္တာရပ်ခံ တောင်းဆိုစာများ” ကို သြဂုတ်လ (၁၆) ရက်နေ့ က စတင်ပြီး သတင်းစာနောက်ကျောဖုံးမှာ ဖေါ်ပြလာခဲ့ပါတယ်။
ယခုဆောင်းပါးရေးတဲ့ သြဂုတ်လ (၁၇) ရက်နေ့ သတင်းစာမှာလည်းဖေါ်ပြထားပါတယ်။ နောက်ရက်များမှာလည်း ဆက် လက်ဖေါ်ပြမယ့်သဘောရှိပါတယ်။ လောလောဆယ်ဖေါ်ပြထားတာ ၂ ခုရှိနေပါပြီ။
      ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ ( ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် )
      ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုကိုယ်စားလှယ်များ (၂၀၁၁ ဇူလိုင်လ ၂၄ ရက်)
ကချင်ပြည်နယ်က မိမိနှစ်သက်ယုံကြည်ရာ ဘာသာပေါင်းစုံကို ကိုးကွယ်ကြတဲ့ လူမျိုးစုံပြည်သူတွေက ငြိမ်းချမ်းရေး တောင်းဆိုတာ မကောင်းဘူးလား။ သိပ်ကောင်းပါတယ်။
ငြိမ်းချမ်းရေးက ကချင်ပြည်နယ်မှာလိုအပ်နေတာမဟုတ်ပါဘူ။ ရှမ်းပြည်နယ်မှာလည်းလိုအပ်နေပါတယ်။ ကရင်ပြည်နယ် မှာ လည်းလိုအပ်ပါတယ်။ မွန်ပြည်နယ်မှာလည်းလိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဆိုတဲ့ ပြည်နယ် ၄ ခုမှာပဲ ကွက်ပြီး လိုအပ်နေ တာလား။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူ။ တစ်တိုင်းတစ်ပြည်လုံးမှာလိုအပ်နေတာဖြစ်ပါတယ်။ ချက်ချင်းလက်ငင်း လိုအပ်နေတဲ့ ကိစ္စကြီးလည်းဖြစ်ပါတယ်။
လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးက လွတ်လပ်ရေးသက်တမ်းနဲ့အမျှ တောင့်တမျှော်လင့်ခဲ့ကြတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အာသာဆန္ဒလည်းဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ခဲ့သော်ငြားလည်း ညီညွတ်မှုပြိုကွဲပြီး၊ ပြည်တွင်း စစ်မီးကြီးတောက်လောင်ခဲ့ရကာ၊ ငြိမ်းချမ်းရေးပျက်ပြားခဲ့ကြရတာဟာ ဒီကနေ့အထိပဲမဟုတ်ပါလား။
 ခင်ဗျားတို့ ကျနော်တို့ အဖိုးအဖွားတွေခေတ်မှာလည်း ငြိမ်းချမ်းရေးကို တောင့်တခဲ့ကြတယ်။ အဖေအမေတွေခေတ်မှာ လည်း ငြိမ်းချမ်းရေးကိုတောင့်တခဲ့ကြတယ်။ အခု ခင်ဗျားတို့ကျနော်တို့ခေတ်မှာလည်းငြိမ်းချမ်းရေးကိုတောင့်တနေရဆဲဖြစ်ပါတယ်။ တောင်းဆိုနေရဆဲဖြစ်တယ်။ တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။
 ပြည်တွင်းစစ်ကြီးဟာ ၁၉၄၈ ကနေစတင်ခဲ့တာဆိုတာတော့ အခုဆိုရင် (၆၃) နှစ် တင်းတင်းပြည့်ခဲ့ပြီ။ (၆၃) နှစ်တာ ကာလတစ်လျှောက်မှာအုပ်စိုးခဲ့တဲ့အုပ်စိုးသူအဆက်ဆက် (ဖဆပလ) (အိမ်စောင့်) (ပထစ)  (တော်လှန်ရေးကောင်စီ) (မဆလ) (နဝတ-နအဖ)စစ်အစိုးရကနေ ယနေ့သမ္မတ ဦးသိန်းစိန်လက်ထက်ထိ ငြိမ်းချမ်းရေးအရသာကို တင်းပြည့်ကျပ်ပြည့်မခံစားခဲ့ကြရ သေးပါဘူး။ တိုင်းရင်းသားတွေ နေထိုင်တဲ့ပြည်နယ်တွေကတော့ပိုပြီး ကျီးလန့်စားစား၊ အထိတ်ထိတ်အလန့်လန့်နေခဲ့ရတာပါ။ နေနေ ရ ဆဲပါ။
အဲဒီလိုနေခဲ့ရတဲ့ ဘဝတွေ၊ ခါးသီးမှုတွေကို လူမျိုးစုံပြည်သူများက လုံးဝမလိုတော့ပါဘူး။ ငြိမ်းချမ်းရေးကို ရေလိုလလို၊ သကာလိုပျားလိုချိုချိုမြမြခံစားရရှိလိုနေကြတာပါ။ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားတာပါ။ ခဏပန်းငြိမ်းချမ်းရေး၊ ကွက်ကြားငြိမ်းချမ်းရေး၊ သတင်းစာထဲကငြိမ်းချမ်းရေး၊ ယာယီငြိမ်းချမ်းရေးဆိုတာတွေကို မလိုချင်ကြပါဘူး။
စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုသာ လူမျိုးစုံပြည်သူအပေါင်းက လိုလားတောင့်တနေကြတာပါ။ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး စတဲ့ သဘာဝဘေးအန္တရာယ်တွေကလည်း ကြုံတွေ့နေရတဲ့အထဲ ပြည်တွင်းငြိမ်းချမ်းရေးက ကင်းမဲ့နေပြန် တော့ ကျနော်တို့လူမျိုးစုံပြည်သူတွေဘဝဟာ မုန့်လေပွေဆင်နင်းသလို ဖြစ်နေကြရရှာတာပါ။ အဲဒီလိုဘဝအသိတွေထဲကနေ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အူလှိုက်သည်းလှိုက်လိုလားနေကြတာလည်းဖြစ်ပါတယ်။
အစိုးရအဆက်ဆက်ကလည်း “ငြိမ်းချမ်းရေး” ရခဲ့ပြီလို့ ကြွေးကြော်ခဲ့ကြတာပါပဲ။ ဒီကြွေးကြော်သံတွေဟာ လက်တွေ့မှာ တကယ်မဟုတ်ဘူးဆိုတာကို ဖြတ်သန်းခံစားခဲ့ကြတဲ့ လူမျိုးပေါင်းစုံပြည်သူများက ဘဝအသိနဲ့ယှဉ်ပြီး နားလည်ပြီးသားဖြစ်ပါတယ်။
အဖွဲ့(၄၀) နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပေမယ့် တကယ့်ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရခဲ့သေးဘူးဆို ပကတိဖြစ်ရပ်မှန်ပဲ မဟုတ်ပါလားခင်ဗျာ။ ဟိုးယခင်ခေတ်တွေမှာလည်း လက်နက်နဲ့ ဒီမိုကရေစီလဲတယ်ဆိုတဲ့ဖြစ်ရပ်တွေ ၊ လက်နက်ချတဲ့ဖြစ်ရပ် တွေရှိခဲ့တာပဲလေ။ လဲတဲ့သူတွေသာ လဲသွားကြတာပါ။ လက်နက်ချသူတွေသာ ချသွားကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့ပါဘူး။
စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို ဘယ်လိုရရှိနိုင်မလဲ။
ပြည်တွင်းစစ်ဖြစ်လို့ ငြိမ်းချမ်းရေးပျက်ပြားရတာပဲ။
ပြည်တွင်းစစ်ဘာလို့ဖြစ်သလဲ။
ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြဿနာ နဲ့ ဒီမိုကရေစီပြဿနာတို့နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ ပြဿနာဖြစ်ပါတယ်။
 အာဏာရအစိုးရအဆက်ဆက်ကတော့ ဒီပြဿနာကို ဆူပူမှုပြဿနာ၊ သောင်းကျန်းမှု ပြဿနာ။ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်း ဂဏစွဲပြဿနာလို့သာ စွပ်စွဲပြောဆိုခဲ့ကြတာပါ။ အရင်းစစ်လိုက်တော့  နိုင်ငံရေး၊ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအခွင့် အရေးတွေ ကင်းမဲ့ခဲ့လို့သာ စစ်ခင်းခဲ့ကြရတာပါ။
 “စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်”လို့ဆိုကြတယ်မဟုတ်လား။ ဒီတော့ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာရဲ့ အဆက်ပဲပေါ့ဗျာ။
ပြည်တွင်းနိုင်ငံရေးပြဿနာဆိုတာ ကိုယ့်တိုင်းသူပြည်သား အချင်းချင်းဖြစ်နေရတဲ့ ပြဿနာဆိုတော့ အချင်းချင်းတန်းတူ ရည်တူ ဒီမိုကရေစီနည်းကျ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းလိုက်ကြမယ်ဆို အသာတကြည် ပြီးစီးသွားနိုင်တဲ့ကိစ္စဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံရေးပြဿနာအဖြစ်လည်း မရှုမြင်ဘူး၊ အသိအမှတ်မပြုဘူး။ နိုင်ငံရေးနည်းအရ တန်းတူရည်တူတွေ့ဆုံ ဆွေးနွေးဖြေရှင်းတာလည်း မလုပ်ဘူးဆိုရင်တော့ ဒီပြဿနာဟာ ဘယ်တော့မှပြေလည်သွားစရာ အကြောင်းမမြင်ပါဘူး။ (၆၃) နှစ် ပဲကြာခဲ့ပြီလေ။ ပြေလည်တဲ့အဖြေနဲ့ မဖြေရှင်းနိုင်ခဲ့ဘူးမဟုတ်လား။
တပြည်လုံးအတိုင်းအတာနဲ့ဖြေရှင်းကြရမယ့်ကိစ္စဖြစ်ပါတယ်။
ဒီတော့အဖြေက အချင်းချင်းတန်းတူရည်တူ ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ပါ။
အဲဒီလိုမဟုတ်ပဲ။ အစိုးရဆိုတာ မိဘပဲ ဆိုတဲ့သဘောထားနဲ့ အပေါ်စီးယူထားမယ်။ သဘောထားနေမယ်ဆိုရင်တော့ ဘယ် လိုမှ ပြေလည်နိုင်စရာမရှိပါဘူး။
အစိုးရနဲ့ အမြင်မတူနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ (နိုင်ငံရေးပါတီ/ လက်နက်ကိုင်အဖွဲ့အစည်း) သူ့ကိုယ်ပိုင်သားသမီး မဟုတ်ဘူး။
အစိုးရ ဆိုတာ ရန်သူမျိုးငါးပါး (ရေ၊မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ)  တစ်ပါး အပါအဝင်လို့ နားလည်ထားကြသူ တွေဖြစ်ပါတယ်။ “မိဘပြည်သူ”လို့သာ သုံးစွဲကြပါတယ်။ အမိတိုင်းပြည်၊ အဖတိုင်းပြည်လို့ သုံးကြပါတယ်။
 အဖအစိုးရ အမိအစိုးရလို့ သုံးတာ ပြောတာမကြားဖူးပါဘူး။
နိုင်ငံရေးပြဿနာဆိုတာ၊ ပြည်တွင်းစစ်ပြဿနာဆိုတာ၊ တိုင်းရင်းသားအခွင့်အရေး ပြဿနာဆိုတာ မိဘနဲ့ သားသမီးကြားက ပြဿနာမျိုးမဟုတ်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် တန်းတူရည်တူ ဖြေရှင်းကြရမယ့်နိုင်ငံရေးပြဿနာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲ တစ်ဖက်သတ် ဇွတ်အတင်းသွတ်သွင်းနေလို့မဖြစ်ပါဘူး။  
၁၉၈၈ ကနေ ၂၀၁၁ နှစ်ဦးပိုင်းအထိ အခြေခံဥပဒေမရှိဘဲနဲ့ (နဝတ-နအဖ) စစ်အစိုးရ နှစ်ပေါင်း (၂၀) ကျော်နေခဲ့ တာ ပဲလေ။
လူမျိုးစုံပြည်သူတွေကတော့ သူတို့အာသာငမ်းငမ်း လိုလားတောင့်တနေတဲ့ စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်းကျဉ်းပေးလာနိုင်သူ မည်သူ့ကိုမဆို အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ တိုင်းပြည်ခေါင်းဆောင်အဖြစ် လှိုက် လှိုက်လှဲလှဲ အသိအမှတ်ပြုပြီး ချစ်ခင်လေးစားကြည်ညိုကြမှာတော့ ဘယ်လိုမှ သံသယမရှိပါနဲ့။
စစ်မှန်ပြီးရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကတစ်ပြည်လုံးလိုအပ်နေတာပါ။
ဒီတော့ သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ အချင်းချင်း တန်းတူရည်တူ ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ပါ။
ဒီလိုဖြေရှင်းနိုင်မှသာ လူမျိုးစုံပြည်သူအပေါင်းက တောင်းဆိုနေတဲ့ စစ်မှန်ပြီးရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကို ရရှိ နိုင်ပါလိမ့်မယ်။ တခြားနည်းလမ်းမရှိပါဘူး။
  စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရှိမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင် မှာဖြစ်ပါတယ်။ 
(သရုပ်ဖော် – ဘီရုမာ၊ ဧရာဝတီဝက်ဆိုက်)
 
Leave a comment

Posted by on August 19, 2011 in Op-Ed, Tu Maung Nyo

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: