RSS

we need peace

22 Aug


ပြည်တွင်းစစ် ရပ်စဲရေး ဒို့အရေး
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဒို့အရေး
ဆလိုင်းယောအောင်
သြဂုတ် ၂၂၊ ၂၀၁၁

မိမိတို့တိုင်းပြည်ရှိပါလျက် နှင့် မိမိတို့တိုင်းပြည်အတွင်း ငြိမ်းချမ်းစွာနေထိုင်ခွင့် မရရှိသူများ



စစ်ပွဲများနဲ့ မြန်မာပြည်
မြန်မာပြည် ပြည်တွင်းစစ်ဟာ ကမ္ဘာသမိုင်းမှာ အကြာရှည်ဆုံး စစ်သမိုင်းတခုလို့ ပြောလိုရပါတယ်။ ကျနော်တို့ တိုင်းပြည်ဟာ ရှေးဘုရင်များ လက်ထက်မှာလည်း အပြိုင်အဆိုင် မိမိရဲ့ ပဏာဆက် နိုင်ငံငယ်များ ချဲ့ထွင်ရေးအတွက် နယ်နိမိတ်အပိုင်းအခြားအလိုက် တိုက်ခိုက်ခဲ့ကြပါတယ်။ ကိုယ်အချင်းချင်းလည်းတိုက်၊ အိမ်နီးခြင်းများနှင့်လည်းတိုက်၊ နန်းတွင်းအာဏာ ရယူရေးအတွက်လည်း တိုက်ခိုက်ခဲ့ကြပါတယ်။
၁၈၂၄ မှ စကာ ၁၈၈၅ ခုနှစ် အထိ အင်္ဂလိပ်တို့၏ နယ်ချဲ့ကိုလိုနီပြုရေး ကျူးကျော်မှုကြောင့် အင်္ဂလိပ် မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး ကျွန်ဘ၀သို့ ကျရောက်ခဲ့ရပါတယ်။ ကျွန်ဘ၀ အောက်မှ လွတ်မြောက်ရေးအတွက် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ရရာလက်နက်စွဲကိုင်ကာ နီးစပ်ရာ အစုအဖွဲ့များဖွဲ့ကာ လူမျိုးအလိုက်၊ အယူဝါဒအလိုက်၊ နယ်မြေဒေသအလိုက်၊ လူတန်းစားအလိုက် တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်တွင် နှစ်ပေါင်း (၆၃) နှစ်ကြာ ကျွန်ဘ၀ဖြင့် နေထိုင်ခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးရခဲ့ပါတယ်။




လွတ်လပ်ရေးရပြီး ဖြစ်ပွားသော စစ်ပွဲများ
လွတ်လပ်ရေးနှင့် အတူ အယူအဆ အမြင်များ နှင့် တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့သော အစိုးရများ၏ တိုင်းရင်းသားအခွင့်အရေး ကန့်သတ် ဖိနှိပ်မှုများကြောင့် ပြည်တွင်းစစ် စတင်ခဲ့ရသည်။ တက်လာသော အစိုးရအဆက်ဆက်ကလည်း ပြည် တွင်းစစ် ဖြစ်ရသည့် မူလအကြောင်းရင်းကို လေ့လာကာ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် ဆောင်ရွက် ခြင်းမရှိဘဲ လက်နက်အားကိုဖြင့်သာ ဖြေရှင်းခဲ့ကြသည်။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းများ ရှိခဲ့သော် လည်း အရင်းခံစေတနာ မမှန်သောကြောင့် ပျက်ပြားခဲ့ကြရသည်။ ထင်ရှားသည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဆွေးနွေးပွဲမှာ ဦးနေ၀င်း ဦးဆောင်သည့် တောင်လှန်ရေးကောင်စီ လက်ထက် ၁၉၆၃ ခုနှစ် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲဖြစ်သည်။ တော်လှန်ရေးကောင်စီက ၁၉၆၃ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ ရက်စွဲဖြင့် ၎င်းအား ဆန့်ကျင် တိုက်ခိုက်နေသော အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထိုဖိတ်ခေါ်ချက်အရ မိမိတို့၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်း သား အဖွဲ့အစည်းများဖြစ်သည့် KNU,NMSP,KNPP နှင့် နိုင်ငံရေး အယူအဆ အရ တိုက်ပွဲဝင်နေ သော ဗမာပြည်ကွန်မြူနစ်ပါတီတို့က လက်ခံခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲ ရလဒ် များမှာ ကနဦးအစမှာ အတော်လေးကောင်းမွန်ခဲ့ပြီး နောက်ဆုံးတွင် တော်လှန်ရေးကောင်စီက တိုင်းရင်းသားပါတီများ နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့သည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အခွင့်ကောင်းယူကာ မိမိပါတီ အင်အားကြီးထွားရေး နှင့် ဘဏ္ဍာငွေ တောင့်တင်ခိုင်မာရေးအတွက် ရည်ရွယ်ပြီး ပြည်သူလူတုအတွင်း မဟုတ်မမှန်ဝါဒဖြန့် စည်းရုံးခြင်းများကို ယခင်ကထက် ပိုမိုဆောင် ရွက် နေခြင်းများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မိမိတို့ဘက်မှ ဆက်လက်ဆွေးနွေး နေခြင်း အားဖြင့် တိုင်းပြည်အတွက် အကျိုးရှိမှုထက် အန္တရယ်များ ပိုမိုဖြစ်ပေါ်လာနိုင်သည် ဆိုသော အ ကြောင်းပြချက်ဖြင့် တော်လှန်ရေးကောင်စီက တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် ဗမာပြည်ကွန်မြူနစ် ပါတီ တို့အား ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန်ဆန္ဒရှိပါက ၎င်းတို့ လိုက်နာဆောင်ရွက်ရမည့် စည်း ကမ်း သတ်မှတ်ချက်များပါဝင်သည့် စာကို ၁၉၆၃ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ရက်စွဲဖြင့် သက် ဆိုင်ရာ အဖွဲ့အစည်းများထံ ပေးပို့ခဲ့သည် ထိုစာထဲတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ (၆)နာရီ နောက်ဆုံးထားပြီး တော်လှန်ရေးကောင်စီထံ သဘောထား ပေးရန်ကိုပါ တပါတည်းဖော်ပြထားသည်။ (၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်)။ ထိုနောက်ပိုင်းတွင် အပြန်အလှန်စာများပေးပို့ခဲ့ကြပြီး ပြည်တွင်း ငြိမ်းချမ်း ရေးလည်း ရပ်ဆိုင်းသွားကာ သေနတ်သံများ ပိုမို ကျယ်လောင်စွာ ပြန်လည်ပေါ်ပေါက်ခဲ့သည်။


တိုင်းရင်းသားတွေ ဘာကြောင့် တိုက်ပွဲဝင်ရသလဲ
ဒီနေရာမှာ တိုင်းရင်းသားတွေ ဘာကြောင့် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရသလဲ ဆိုတာကို တင်ပြလိုပါတယ်။ လွတ်လပ်ရေး ရယူရန် ချုပ်ဆိုခဲ့တဲ့ အောင်ဆန်း – အက်တလီ စာချုပ် ပေါ်မှာ အခြေခံခဲ့ခြင်း ဖြစ်ပါတယ်။ အောင်ဆန်း – အက်တလီ စာချုပ်၏ အဓိကအနှစ်သာရမှာ မြန်မာ မဟုတ်သော တိုင်းရင်သားများအနေဖြင့် မိမိတို့၏ အနာဂါတ်ကံကြမ္မာကို မိမိတို့ဖာသာ ပြဌာန်းပိုင် ခွင့်ရှိကြောင်း ဗြိတိသျှအစိုးရ (အက်တလီ) နှင့် မြန်မာခေါင်းဆောင် (အောင်ဆန်း) တို့က လေးစား အသိအမှတ်ပြုကြောင်း တရားဝင် ကြေညာချက်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုပါက အမျိုးသား များ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး တိုင်းရင်းသားလူမျိုးများ အားလုံး တန်းတူရည်တူ ပူးပေါင်းသော ပြည်ထောင်စု နိုင်ငံတော်ကို အတူတကွထူထောင်ရေး (၀ါ) မထူထောင်ရေးကိစ္စကို တိုင်းရင်းသားများ ကိုယ်တိုင် က လွတ်လပ်စွာ ဆုံးဖြတ်ရန်ဟူသော အချက်ပင်ဖြစ်ပါသည်။ ထိုထက် ပိုမိုရှင်းလင်းစွာ ဆို ပါက မြန်မာလူမျိုးများ နှင့် အတူတကွ လွတ်လပ်ရေး ရယူရေး မရယူရေး ကိစ္စကို တိုင်းရင်းသားများ ကိုယ်တိုင်က ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ဗြိတိသျှလူမျိုးများက သော်လည်းကောင်း၊ မြန်မာလူမျိုးများက သော်လည်းကောင်း ထိုတိုင်းရင်းသားလူမျိုး များ၏ အရေးကို ဆုံးဖြတ်ပိုင်ခွင် မရှိဟူသော အချက်ကို အောင်ဆန်း နှင့် အက်တလီ တို့က အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။ အောင်ဆန်း – အက်တလီ စာ ချုပ်အရ သမိုင်းဝင် ပင်လုံညီလာခံကို ခေါ်ယူကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အောင်ဆန်း နှင့် တိုက်ရိုက်မ ဆွေးနွေးခင် တိုင်းရင်းသားလူမျိုးများ အချင်းချင်း တိုင်ပင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၁၉၄၇ ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် ရှမ်း နှင့် ကချင် ခေါင်းဆောင်များ ညှိနှိုင်း၍ အောက်ပါ သဘောတူညီ ချက်ကို ချမှတ်ခဲ့ကြသည်။ ယင်းမှာ မြန်မာလူမျိုးများ နှင့် အတူ လွတ်လပ်ရေး ရယူပါက (၁) မြန်မာ လူမျိုးများရရှိသော အခွင့်အရေးအားလုံးကို တန်းတူရည်တူ ရရှိစေရမည်။ (၂) ပြည်ထောင်စုထဲမှ မိမိ တို့ ဆန္ဒအတိုင်း လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိစေရမည် ဟူသော အချက်ကြီး နှစ်ချက် နှင့် အခြား အချက်များအပေါ် သဘောတူညီ ခဲ့ကြပါသည်။ ထိုနေ့ ညနေပိုင်းတွင် ပင်လုံမြို့ကို ရောက်ရှိသော ချင်း ခေါင်းဆောင်များ နှင့် နောက်နေ့ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် ဆွေးနွေးကြသောအခါ အထက်ပါ အချက်ကို ထပ်မံ အတည်ပြု သဘောတူညီ ခဲ့ကြပါသည်။ အဆိုပါ အချက်များကို အခြေခံ၍ ဖေဖေါ် ၀ါရီလ (၁၂) ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပင်လုံ ညီလာခံ သဘောတူညီချက်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တိတိကျကျ ရေးဆွဲ ပြဌာန်းခဲ့ပါသည်။ ယင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၀)၊ ပုဒ်မ (၂၀၁) နှင့် (၂၀၂) တို့အရ ဆယ်နှစ်အတွင်း ပြည်ထောင်စု မြန်မာ နိုင်ငံတော်မှ ခွဲထွက်နိုင်ရန် ပြည်နယ်တိုင်း (အားလုံး)၌ အခွင့်အရေး ရှိရမည်ဟူသော အချက် ဖြစ်ပါသည်။ ခွဲထွက်ရေး ပုဒ်မ၏ ဆိုလိုရင်းမှာ ဆယ်နှစ် ကြာသောအခါ အကယ်၍ တန်းတူမှုမရှိဟု ယူဆပါက သော်လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖြစ် ပါဝင်ခြင်းထက် မိမိတို့၏ အမျိုးသားနိုင်ငံတော်များကို သီးခြားလွတ်လပ်စွာ ထူ ထောင်ခြင်းက မိမိတို့၏ အမျိုးသားရေးအတွက် ပို၍ ကောင်းကျိုးဖြစ်ထွန်းသည် ဟု ယူဆလာပါက သော်လည်းကောင်း ပြည်ထောင်စုမှ လွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့် ရှိစေရမည် ဟူသော အချက်ပင်ဖြစ် ပါသည်။ (လျန်ဆာခေါင်း ရေးသားသော ဗမာလော၊ မြန်မာလော ဆောင်းပါးမှ ကူးယူ ဖေါ်ပြခြင်း ဖြစ်ပါသည်)


လက်နက်ကိုင် ပဋိပက္ခ ဘာကြောင့်ရပ်မသွားသလဲ
မိမိတို့၏ ယုံကြည်ချက်ဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများသည် တိုင်း ပြည် ငြိမ်းချမ်းရေးအတွက် အလျဉ်းသင့်သလို တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တောင်းဆိုခဲ့ကြသော် လည်း အချည်းအနှီးသာဖြစ်ခဲ့သည်။ ဦးနေ၀င်း ဦးဆောင်သည့် မဆလပါတီသည် တွေ့ဆုံဆွေးနွေး ရေးထက် နိုင်ငံရေး ယုံကြည်ချက်ဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်နေသော အင်အားစုများအား အမြစ် ပြတ် ချေမှုန်းရေးကို ဦးတည်သည့် စစ်ဆင်ရေးများကိုသာ အကောင်အထည် ဖော်ခဲ့သည်ကို တွေ့ရ သည်။ ၎င်းအား ဆန့်ကျင် တိုက်ခိုက်နေသော အင်အားစုများအတွင်း အင်အားချိနဲ့အောင် အကျိုးစီး ပွားဖြင့် စည်းရုံး ဖြိုခွဲခြင်း၊ လွတ်ငြိမ်းချမ်း သာခွင့် နည်းဖြင့် ဖြိုခွဲခြင်း၊ သက်ဆိုင်ရာ စစ်တိုင်းများအ လိုက် အောက်ချေခြင်း ဆွေးနွေးမှုများ ပြုလုပ်ကာ အပစ်အခတ် ရပ်စဲခြင်း စသဖြင့် နည်းပရိယယ် အမျိုးမျိုး ကျင့်သုံးကာ ဆောင်ရွက်ခဲ့သည်။ ထိုသို့သော ဖြေရှင်းမှုများသည် ယာယီသာဖြစ်ခဲ့ပြီး ထာဝ ရငြိမ်းချမ်းရေး နှင့် ပိုမို အလှမ်းကွာဝေးခဲ့သည်။ ပြည်တွင်းစစ် နှင့် အတူ အမုန်တရားများ၊ နာကျည်း မှုများ ပိုမို ခိုင်မြဲခဲ့ပြီး စည်းလုံးညီညွတ်ရေး တနည်းအားဖြင့် အမျိုးသားသင့်မြတ်ရေးသည် အတိုင်းအ ဆမဲ့စွာ ပျက်ပြားခဲ့ရသည်။ လူထု၏ ကျန်းမာရေး၊ ပညာရေး အတွက် အသုံးပြုရမည့် ဘဏ္ဍငွေများကို စစ်အာဏာရှင်တို့သည် အမြစ်ပြတ်ချေမှုန်ရေး ဖြတ်လေးဖြတ် စစ်ဆင်ရေးများအတွက် အသုံးပြုခဲ့ကြ သော်လည်း ယနေ့ထက်ထိ မည်သည့် အဖွဲ့အစည်းကိုမျှ အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းမရှိချေ။ ဘယ် တော့ မှလည်း ချေမှုန်းနိုင်မည် မဟုတ်ပေ။ ဘာကြောင့်လဲ ဆိုတော့ စစ်အာဏာရှင် များကလည်း ၎င်း တို့၏ အာဏာရှင်စနစ် ဆက်လက် တည်တံ့ ခိုင်မြဲရေးအတွက် မျိုးဆက်သစ် လက်ကိုင်တုတ်များဖြင့် တည်ဆောက်နေသလို မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေသော အင်အားစုများက လည်း ၎င်းတို့၏ ယုံကြည့်ချက်များ ဆက်လက် ရှင်သန် တိုက်ပွဲဝင်နိုင်ရေးအတွက် မျိုးဆက်သစ်များ ဖြင့် တည်ဆောက်ကြရသည်။ ထိုကဲ့သို့ မျဉ်းပြိုင် အသွင် သွားနေသော အတွေးအခေါ် နှစ်ခုသည် ဘယ်မှာ ဆုံချက်ရှိနိုင်ပါမည်နည်း။ ထို့ကြောင့် နိုင်ငံရေး နည်းဖြင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ မရှိသမျှ ကာလပတ်လုံး လက်နက်ကိုင် ပဋိပက္ခများ ဘယ်တော့မှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။


အပစ်အခတ် ရပ်စဲမှုများ
ကျနော် ကြုံတွေ့ခဲ့ရသော မရိုးသားသည့် အပစ်အခတ်ရပ်စဲရေး အကြောင်း မျှဝေလိုပါတယ်။ ၁၉၉၁ ခုနှစ် နှစ်ဆန်းကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ် မာနယ်ပလော နယ်မြေသို့ တရားဝင် ကြေညာ ခြင်းမရှိဘဲ အပစ်အခတ် ရပ်စဲရေး မုန်တိုင်း ချဉ်းနင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်က မာနယ်ပ လောမှာ ရှိကြတဲ့ ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ အ ကြားတွင် အပစ်အခတ်ရပ်စဲရေး ကိစ္စနှင့် ပက်သက်ပြီး တွေ့သင့် မတွေ့သင် ဆွေးနွေးမှုများ ရှိခဲ့ကြ ပါတယ်။ တပ်ပေါင်းစုဖြင့် အောင်ပွဲခံရေး အတွေးအခေါ် အောက်တွင် တပ်ပေါင်းဖြင့်သာ တွေ့ရန် သ ဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၎င်းနောက် န၀တ မှ တပ်ပေါင်းစု နှင့် မတွေ့လိုကြောင်း တ ဖွဲ့ခြင်းစီနှင့် သာ တွေ့လိုကြောင်း အကြောင်းပြန်သည့် အခါတွင်တော့ တွေ့သင့် မတွေ့သင့်ကို ဆွေးနွေး ကြသော အခါ အမြင်တူမှုများ ရှိသလို မတူကွဲပြားမှုများလည်း ရှိခဲ့ကြပါတယ်။ ထိုအချိန်က ဗမာပြည်ကွန်မြူ နစ်ပါတီ ပြိုကွဲပြီးချိန်လည်း ဖြစ်နေပါတယ်။ ပြောရမယ် ဆိုလျင် လက်နက်ကိုင်တော်လှန်ရေး ရေချိန် စ ကျလာချိန်လို့ ပြောရင် မမှားနိုင်ပါဘူး။ ၁၉၈၉ ခုနှစ် မှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းအချို့ န၀တ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီနောက် ၁၉၉၁ ခုနှစ် သြဂုတ်လမှာ မကဒတ (၂) ဖွဲ့ကွဲပါ တယ်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ န၀တ က မာနယ်ပလော သိမ်းပိုက်ရေး ထိုးစစ် စတင် ပါတော့တယ်။ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် KNU အတွင်း ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၁၉၉၅ ခုနှစ် အစပိုင်းတွင် KNU (၂) ဖွဲ့ ကွဲပါတော့တယ်။ ခွဲ ထွက် သွားသူများက DKBA အမည်ခံပါတယ်။ KIO က ၁၉၉၄ ခုနှစ်တွင် လည်းကောင်း၊ မွန်ပြည်သစ် ပါတီ က ၁၉၉၅ ခုနှစ်တွင် လည်းကောင်း အသီးသီး အပစ်အခတ် ရပ်စဲခဲ့ ကြပါတယ်။ သိပ်မကြာခင် မှာ ဘဲ KNU မှ နောက်ထပ် (၂)ဖွဲ့ ထပ်ကွဲပါတယ် ၁၉၉၇ ခုနှစ် တွင် တပ်မဟာ (၆)မှ ဗိုလ်မှူး သု့မူဟဲ ဦးဆောင်သော အဖွဲ့ နှင့် ၁၉၉၈ ခုနှစ်တွင် ဖဒို အောင်ဆန်း ဦးဆောင်သော အဖွဲ့တို့ ဖြစ်ပါတယ်။ ကျန် ရှိနေတဲ့ KNU ကတော့ ဆက်လက် တိုက်ပွဲဝင် ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တွင် လူကြီးလူကောင်း သဘော တူညီချက် (Gentelment Agreement) လုပ်ခဲ့သော်လည်း ကြာရှည်မခံဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းတော့ KNU တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော အဖွဲ့ ထပ်မံ ခွဲထွက်ခဲ့ပါတယ်။ နအဖ သည် KNU အင်အားချိနဲ့ပြီး နောက်ဆုံး လက်နက်ချရေးကို မျှော်မှန်း ကာ သွေးခွဲသည့် နယ်ပရိယယ်ကို အသုံးပြု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုသည်မှာ နအဖ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်လိုသည့် ဆန္ဒမရှိခြင်း (၀ါ) မရိုးသားမှု များကို တင်ပြခြင်း ဖြစ်ပါတယ်။ တ ကယ် စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားပါက ယခုကဲ့သို့ သွေးခွဲစရာမလိုပါ။ တတိုင်း ပြည်လုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမှာဖြစ်ပါတယ်။


အမျိုးသားညီလာခံ
ထိုအချိန်က ပြည်တွင်း နိုင်ငံရေးအခြေအနေကို ကြည့်မယ်ဆိုလျင် ၁၉၉၀ ရွေးကောက်ပွဲ ပြီး ကာစ NLD ရဲ့နိုင်ငံရေး လှုပ်ရှားမှုများ တက်ကြွနေချိန် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အတွင်း အပြင် လှုပ် ရှားမှု (၂)ခု ပေါင်းစပ်သွားမှာကို န၀တ က အကြီးအကျယ် စိုးရိမ်းနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အပြင်မှာ ရှိတဲ့ အင်အားစုတွေကို တဖွဲ့ခြင်း ခွဲကစားခဲ့ပြီး၊ ပြည်တွင်း အင်အားစုမျာကိုတော့ ၁၉၉၀ ရွေး ကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခြင်းခံရသူများဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရမည့် တာဝန် ရှိတယ် ဒါကြောင့် အမျိုးသားညီလာခံကျင်းပဘို့လိုတယ်။ အမျိုးသားညီလာခံကို မကြာခင် ခေါ်ယူ ပေး မယ် ဆိုပြီး အာဏာလွှဲမပေးဘဲ လှည့်စားခဲ့ပါတယ်။ အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ တွင် ကျင်းပခဲ့ပြီး ထိုအချိန်က အပစ်ရပ်ထားသော တိုင်းရင်းသား အင်အားစုများကို တက်ရောက် စေခဲ့ ပါတယ်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလထဲမှာတော့ NLD က န၀တကို တောင်းဆိုမှုတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ လက်ရှိကျင်းပနေတဲ့ အမျိုးသားညီလာခံက မြန်မာပြည်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်း ပေးနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ NLD အနေနဲ့ နအဖ ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ဆွေးနွေးချင်တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးပြီးမှသာ NLD က အမျိုးသားညီလာခံကို ဆက်ပြီး တက်မှာဖြစ်တယ်။ မတွေ့ ဆုံနိုင် သေးသ၍ NLD အနေနဲ့ အမျိုးသားညီလာခံကို တက်ရောက်နေခြင်းကနေ ရပ်ဆိုင်း ထားမယ် ဆိုတာပဲဖြစ်ပါတယ်။ န၀တ ဟာ NLD နဲ့ မတွေ့ခဲ့ပါဘူး။ အဲဒီအတွက် NLD က အမျိုးသားညီ လာခံကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေ အားလုံးဟာလည်း ညီလာခံကို ဆက်မတက်ကြ တော့ပါဘူး။ NLD မတက် ရောက်တော့တာနဲ့ နောက်တနေ့မှာဘဲ န၀တ ရဲ့ အမျိုးသားညီလာခံဟာလည်း ရပ် ဆိုင်း ခဲ့ရပါတယ်။ အဲဒါက ၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးအရ အကြပ်အ တည်းတွေ့ နေချိန်မှာ NLD ကိုယ်စား တိုင်းရင်းသားတွေကို အစားထိုလိုတာက တကြောင်း၊ တတိုင်း ပြည်လုံး ငြိမ်းချမ်းပြီဆိုတာကို ကမ္ဘာကိုပြလိုတာက တကြောင်း တို့ကြောင့် အတုအယောင် ဟန်ပြ အပစ်အခတ် ရပ်စဲရေးကို န၀တ က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား အင်အားစု တွေဖက် က ထိုအပစ်အခတ်ရပ်စဲရေးမှ တဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆီကို ဦးတည်လိုတာဖြစ်ပါတယ် တနည်း အားဖြင့် အပြန်အလှန် ယုံကြည် မှုတည်ဆောက်ပြီး အဲဒီကမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆီကို ဦးတည်လိုတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုအချိန်က န၀တ ထောက် လှမ်းရေးတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် (၂၁)ရက် ဇွန်လ ၂၀၁၁ ရက်စွဲဖြင့် ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သော ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး ဆောင်းပါးတွင် “၁၉၉၇ ခုနှစ် အလွန်မှ စ၍ အာဏာရှင်ကြီးများ၏ ဉာဏ် နီ ဉာဏ်နက်များကို သိလာရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအပေါ် ထားရှိရမည့် သ ဘောထားကို တိုင်းမှူး၊ တပ်မမှူးများ လေးလပတ်အစည်းအဝေးတွင် လမ်းညွှန်မှုများ ပြုလုပ်လာ ခဲ့သည်။ အပစ်ရပ်ငြိမ်းချမ်းရေး အဖွဲ့များအား ပြည်တွင်းပြည်ပ နိုင်ငံရေးကိစ္စ များတွင် လက်နက်တခု သဖွယ် ကိုင်တွယ် အသုံးပြုရန်သာ ဖြစ်ကြောင်း၊ အချိန်မရွေး စစ်ပြန်တိုက် ရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို မပြတ်စောင့်ကြည့်ရန် လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်နိမိတ်အစပ်များတွင် စစ်တပ် တပ်ရင်းပေါင်းများစွာကို တိုးချဲ့ဖွဲ့ စည်းသွားရန် လမ်းညွှန် မှုများပေးခဲ့သည်။” အထက်ပါအချက်ကို ကြည့်ခြင်းအားဖြင့် နအဖ တို့၏ သဘောထားအမှန်ကို သိရ မှာဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ဆောင်ရွက်ချက်လား။ အပစ်ရပ်စဲ ထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများ အတွင်း၌ပင် ခေါင်းဆောင်ပိုင်း အတွင်း တွင်လည်းကောင်း၊ ခေါင်းဆောင်ပိုင်း နှင့် အောက်ချေ အကြားတွင် လည်းကောင်း အကျိုးစီးပွားများဖြင့် သွေးခွဲမှုများ ပြုလုပ်ခဲ့သည်၊ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ထိုကဲ့သို့ သွေးခွဲမှုများကြောင့် အချို့အဖွဲ့အစည်းများတွင် ခေါင်းဆောင်များ နှင့် အောက်ချေ အကြားတွင် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်ကာ ခွဲထွက် ပုန်ကန် မှုများ ဖြစ်ခဲ့ကြသည်။ နအဖသည် ရပ်ဆိုင်းထားရသော အမျိုးသားညီ လာခံပြန်လည် စတင်နိုင်ရေးအတွက် ၂၀၀၃ ခုနှစ် သြဂုတ်လ တွင် လမ်းပြမြေပုံ (၇)ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းတို့၏ လမ်းပြမြေပုံ (၇)ချက်ပါ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း ဖြစ်ပါတယ်။


နယ်ခြားစောင့်တပ်
ထိုရွေးကောက်ပွဲ မတိုင်ခင်မှာဘဲ အပစ်ရပ်အဖွဲ့များအား နယ် ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးပါတော့တယ်။ အချို့အင်အားစုများ က အခြေအနေအရကိုက လက်မခံလို့ မရသည့် အခြေ အနေသို့ ဆိုက်ရောက်နေကြသဖြင့် လက်ခံလိုက်ကြရသည်။ အချို့အဖွဲ့အစည်းများသည် နယ်ခြား စောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ပြောင်ပြောင် တင်းတင်းပင် ငြင်းဆန် ခဲ့ကြ သည်။ ထိုအထဲကမှ DKBA သည် တခုလုံးလက်ခံပြီးနောက် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ (၈)ရက်နေ့တွင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေး ဦးဆောင်သည့် အဖွဲ့သည် DKBA မှ ခွဲထွက် ကာ နအဖကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ (၁၅) နှစ်ကြာ အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်သွားခဲ့သည်။ ပြောရမည် ဆိုလျှင် ထိုအချိန်ကတည်းက နအဖ နှင့် တိုင်းရင်း သားအင်အားစုများ အကြား ချုပ်ဆို ထားခဲ့သော အပစ်အခတ်ရပ်စဲရေးသည် ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ တဆက်တည်းမှာပင် ပြည်သူ့ စစ်အသွင် ပြေင်းလဲရေးကို လက်မခံခဲ့သည့် SSPPအား ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၇)ရက် နေ့ တွင် ဥပဒေပြင်ပ အဖွဲ့အစည်း အဖြစ်သတ်မှတ်ခဲ့ရာမှ (၂)ဖက်တင်းမာမှုများ ဖြစ်ပေါ်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် တာပိန်စီမံကိန်း အပေါ်အခြေခံကာ KIO နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့သဖြင့် (၁၇) နှစ်ကြာ အပစ်အခတ် ရပ်စဲရေး နိဂုံးချုပ်သွားခဲ့သည်။


အတုအယောင် အပစ်အခတ်ရပ်စဲရေး
KIO နှင့် မြန်မာစစ်တပ် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့မှ ပြည်တွင်းစစ်မီး ပြန်လည်တောက် လောင်ခဲ့ခြင်း မဟုတ်ပါ။ ပြည်တွင်းစစ်မီးဟာ စတင် မီးတောက်လောင်ချိန်မှ ယနေ့ထက်ထိ လုံးဝ ငြိမ်း သွား ခြင်းမရှိခဲ့ပါဘူး။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားအဖွဲ့ အချို့ ယာယီ အပစ်အခတ်ရပ်ဆိုင်း ခဲ့ခြင်း သာဖြစ်ပါတယ် ထိုနယ်မြေတွေမှာသာ သေနတ်သံတွေ တိတ်သွားခဲ့တာဖြစ်ပြီး တတိုင်းပြည်လုံး ငြိမ်သက်သွားခြင်း မဟုတ်ပါ။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး (သို့) စစ်မှန်တဲ့ငြိမ်းချမ်းရေး တည် ဆောက်နိုင်မှာ မဟုတ်တဲ့အတွက် အပစ်အခတ်ရပ်စဲရေး မလုပ်ခဲ့တဲ့ KNU နယ်မြေမှာတော့ သေနတ် သံတွေမစဲခဲ့သလို ဒေသခံပြည်သူတွေဟာလဲ စစ်ဘေးစစ်ဒံ လွတ်ရာဒေသကို ထွက်ပြေးတိမ်းရှောင် ရတာလဲ အမောပါဘဲ။ ဒီနေရာမှာ အပစ်အခတ်ရပ်စဲရေးနှင့် ပက်သက်ပြီး အနည်းငယ်တင်ပြလိုပါ တယ်။ ထိုအချိန်က နအဖ အနေနဲ့ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး (သို့) တတိုင်းပြည်လုံး ငြိမ်းချမ်း ခြင်တယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သွေးခွဲဖဲ့ထုတ်ပြီး တည်ဆောက်ရန် မလိုပါ။ တခုလုံး အသွင်ဆောင်တဲ့ (သို့) တတိုင်းပြည်လုံး အသွင်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ စကတဲ့ကိုက မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာက တကြောင်း၊ နောက်တချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် အတင်းအကျပ် ဖိအားပေး ဆောင်ရွက်ခဲ့တာတွေကြောင့် ဆယ်စုနှစ်ကျော် တည်ရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စစ်မှန်တဲ့ အပစ် အခတ်ရပ်စဲရေး မဟုတ်တဲ့အတွက် (သို့) အတုအယောင် အပစ်အခတ်ရပ်စဲရေးရဲ့ အကျိုးဆက် ရလဒ် တွေဖြစ်တယ် ဆိုရင် မမှားနိုင်ပါဘူး။


စစ်ရဲ့ နောက်ဆက်တွဲပြဿနာ
တကယ်တော့ ပြည်တွင်းစစ်သည် ကျနော်တို့ တိုင်းပြည်အတွက်၊ ကျနော်တို့ တိုင်းရင်းသား များအတွက်၊ ဘယ်သူ့အတွက်မှ အကျိုးဖြစ်ထွန်းခဲ့ခြင်းမရှိပါဘူး။ သို့သော် အာဏာရှင် ဗိုလ်ချူပ်တွေ အတွက် အကျိုးဖြစ် ထွန်းခဲ့ကြပါတယ် စီးပွားဖြစ်ခဲ့ကြပါတယ်၊ သြဇာအာဏာပိုမို ထူထောင်လာကြ တယ်၊ အိမ်နီးချင်းနိုင်ငံများ အတွက် များစွာ အကျိုးဖြစ်ထွန်းခဲ့တာကို တွေ့ရပါတယ်။ ကျနော်တို့၏ သယံဇာတများ ဘယ်ရောက်သွားခဲ့ပါသလဲ ထိုနိုင်ငံများကိုရောက်သွားခဲ့ပါတယ်၊ ကျနော်တို့၏ လုပ် အားများ ဘယ်ရောက်သွား ခဲ့ပါသလဲ ထိုနိုင်ငံများ သို့ရောက်သွားခဲ့ပါတယ်၊ ကျနော်တို့ ဘယ်သူ့ကို အလုပ်အကျွေးပြုနေပါသလဲ ထိုနိုင်ငံများကို အလုပ်အကျွေး ပြုနေကြပါတယ်၊ အခြားတတိယနိုင်ငံ များကို အလုပ်အကျွေးပြုနေကြပါတယ်၊ ကျနော်တို့ ပတ်ဝန်းကျင် နေရာတိုင်းမှာ လူသားအရင်းအမြစ် ဆုံးရှုံးမှု အခက်အခဲနှင့် ရင်ဆိုင်ကြ ရလျက်ရှိပါတယ်။ ပြည်တွင်းစစ်ကြောင့် ကောင်းကျိုး ရလဒ်တွေ ရခဲ့ပါသလား၊ ဆိုးကျိုး ရလဒ်တွေ ရခဲ့ပါသလား၊ ကောင်းကျိုး နှင့် ဆိုးကျိုး ဘယ်ရလဒ်က ပိုများသလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားကြည့်ပါ။ ကောင်းကျိုးရလဒ်တွေ သိပ်များနေတယ် ဆိုရင်တော့ ဆက်လက်ဆင်နွှဲကြပါ၊ တိုက်ကြပါ၊ ခိုက်ကြပါ။ ဆိုးကျိုးတွေ များသထက် များနေတယ် ဆိုရင်တော့ ဒီကနေ့ ချက်ချင်း ရပ်ဆိုင်း ကြပါ။ သို့မှသာ ဆိုးကျိုးတွေကို စက္ကန့်နှင့် အမျှ၊ မိနစ်နှင့် အမျှ နည်းနိုင် သမျှ နည်းသွားအောင် လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်မီး တောက်လောင် နေဆဲ (၆၃) နှစ် အတွင်းမှာ မျိုးဆက်တွေ ဘယ်လောက် ပေးဆပ်ခဲ့ကြရသလဲ၊ အပြစ်မဲ့တဲ့ နှလုံးသားတွေ ဘယ် လောက်ကြေမွပျက်ဆီး ဆုံးရှုံး ခဲ့ကြရသလဲ၊ အမုန်းတရားတွေ ဘယ်လောက် ရစ်ပတ် ချည်နှောင် ခဲ့ကြသလဲ၊ တိုင်းပြည် ငြိမ်းချမ်း တာကို မြင်ခြင်သူ များလည်း တဖြည်းဖြည်း ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်သည် ဗြိတိသျှ ကိုလိုနီဘ၀ ကျရောက်ပြီးချိန်မှ လွတ်လပ်ရေး ရသည့်အထိ တိုက်ပွဲဝင် ခဲ့ရသည့် ကာလမှာ (၆၃) နှစ်ကြာခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးချိန်မှ ယနေ့အထိ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် အချိန်ကာလမှာ (၆၃)နှစ် ရှိပြီဖြစ်ပါတယ်။ ထိုကာလများကို ရေတွက်ကြည့်ပါက နှစ်ပေါင်း (၁၂၆)နှစ် လုံးလုံး စစ်ပွဲများ တိုက်ခဲ့ရတာ ဖြစ်ပါတယ်။ (၂)ဖက် စလုံးလဲ စစ်ပန်းနေကြပြီ၊ သယံဇာ တများလည်း ကုန်နေပြီ၊ လူထုလည်း သူတောင်းစားဖြစ်နေပြီ၊ အမျိုးကောင်း သမီးများလည်း ဖျော်ဖြေခံ လိင်သမများ ဖြစ်နေပြီ၊ တိုင်းပြည်လဲ ကြေမွနေပြီ၊ ဧရာဝတီတောင် မငိုကြွေးနိုင်တော့ဘူး မျက်ရည်ကုန်ခမ်းပြီး အင်အားချိနဲ့နေပြီ ဖြစ်တယ်။ (၆၃) နှစ်ဆိုသော အချိန်ကာ လသည် တိုတောင်းသော ကာလမဟုတ်ပါ ကျနော်တို့လို့ ဆင်းရဲတဲ့ တိုင်းပြည်အတွက် မွေးဖွားချိန်မှ သေဆုံးချိန်အထိ လူတယောက်ရဲ့ အသက်ရှင်နေထိုင်မှု ပျမ်းမျှ သက်တမ်းဖြစ်ပါတယ်။ ပြည်တွင်းစစ် ကို စတင် မီးမွှေးခဲ့သူများလည်း ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လောက် အထိ ပြည်တွင်းစစ် မီးရှုးတန်ဆောင်ကြီးကို ဆက်လက် သယ်ဆောင် သွားကြအုံးမှာလဲဆိုတာ အရေး တကြီး စဉ်းစားကြရမည့် အချိန်ရောက်ပြီဖြစ်ပါတယ်။ စစ်ကြောင့် ဒုက္ခသည် အရေအတွက်ဟာလည်း အမြဲတိုးပွားလျက်ရှိပါတယ်။ အခုဆိုလျင် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းများမှာ လူဦးရေ တစ် သိန်းခွဲဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။
ပြည်တွင်းစစ် အနိဌာရုံ နှင့် ပက်သက်ပြီး သက်ရှိထင်ရှား ကျန်ရစ်နေသော မြန်မာ့လွတ်လပ် ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ အားထုတ်ကျိုးပမ်းခဲ့သော ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချူပ်ကျော် ဇောက ဒီလို မှတ်ချက်ပေးထားပါတယ် – ပြည်တွင်းစစ်ကြီအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေး အတွက် အတူ တိုက်ပွဲဝင်လာခဲ့ကြသူများ အကြား အချင်းချင်းပြန်လည်တိုက်ခိုက်ကြရပြီး ဗမာ့ သားကောင်း၊ သမီးကောင်း မြောက်များစွား သေကြေခဲ့ကြရပေသည်။ တိုင်းပြည်အတွက် နှမြော တသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်း ကြားမတိုက်ကြရဘဲ၊ မသေဆုံးကုန်ကျဘဲ အားလုံး တိုင်းပြည်ထူထောင်ရေး တည်ဆောက်ရေး များမှာသာ ၀ိုင်းအလုပ် လုပ်ကြမည်ဆိုလျင် တိုင်း ပြည်အတွက် ဘယ်လောက်ကောင်းလိုက် မလဲဟုလည်းယူဆ စဉ်းစားနေမိပါသည်။ ပြည်တွင်းစစ်သည် ကျနော်တို့ တိုင်းပြည် တိုးတက်ရေးအတွက် အနှေင့်အယှက်ဖြစ်စေခဲ့သော အကြောင်းဆိုးကြီး ဖြစ်ခဲ့သည်ဟု ကျနော့ စိတ်တွင်ထင်မြင်မိပါသည်။


သင်ခန်းစာ
တိုင်းရင်းသား အချို့ရဲ့အမြင်ကတော့ – ပြည်တွင်းစတင်ဖြစ်ပွားခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာမြင့်ခဲ့ ပြီဖြစ်တဲ့အတွက် ၎င်းကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု ဒံရာဒံချက်တွေ ဟာလည်း အ တော်လေး ခိုင်ခဲ့ပြီဖြစ်တယ်။ လက်ရှိ ဦးသိန်းစိန် အစိုးရဟာလည်း ဗိုလ်သန်းရွှေရဲ့ လူတွေဘဲ ဖြစ်နေ တာကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နိုင်ကြပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အစိုးရဖက်က စားပွဲပေါ် မှာ အဖြေရှာနိုင်တယ် ဆိုတဲ့ အချက်ကို မယုံကြည်ဘဲ စစ်ရေးနည်းလမ်းဖြင့် တိုင်းရင်းသား အဖွဲ့တွေကို အပြတ် နှိမ်နှင်းမယ်ဆိုတဲ့ အမြင်အတွေးအခေါ်ရှိနေလျင် ဘယ်လို့မှ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဘို့မလွယ်ပါ။ တိုင်းပြည်မှာ သေနတ်သံတွေ ရပ်စဲသွားတာနှင့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရပြီလို့မဆို လိုနိုင်ပါ၊ တိုင်းရင်းသားပြည်သူများ လိုလားတဲ့ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မိုးစက်တွေ ရွာသွန်းနေပြီလို့ ပြော နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်လည်သင့်မြတ်ဘို့အတွက် ယုံကြည်မှုတည်ဆောက်ရေးဟာ အရေး ကြီးပါတယ်။ ယနေ့ မြန်မာပြည်အတွင်း စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် စစ်မှန် သော ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ ရရှိနိုင် မှာဖြစ်ပါတယ်။ ဒီနေရာမှာ တခုထည့်သွင်း စဉ်းစားရမှာက တွေ့ဆုံဆွေးနွေးရေးဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ လက်ခံပြီး ပါတီထောင် ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာကို သတိထားကြဘို့ လိုပါ တယ်။ အဲဒီပြောစကားတွေဟာ ငြိမ်းချမ်းရေးနဲ့ ပိုမိုဝေးကွားစေပါတယ်။ ပြည်တွင်းစစ်မီး ပိုမိုတောက် လောင်ရေးကို တွန်းအားဖြစ်စေပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကြောင့် အပစ်အ ခတ်ရပ်စဲရေး ပျက်ပြားခဲ့ရပြီးဖြစ်ပါတယ်။ ဒါကို သင်္ခန်းစာထုတ်သင့်ပါတယ်။
ပြည်သူလူထု အချို့၏ အမြင်မှာလည်း – စစ်အာဏာရှင်တို့ ရှိနေသမျှ ငြိမ်းချမ်းရေးသည် လည်း ကောင်း၊ ဒီမိုကရေစီသည် လည်းကောင်း ရှင်သန်နိုင်မည်မဟုတ်၊ တိုင်းပြည်အေးချမ်း သာယာရေး အ တွက် တကယ် ဖြေရှင်းလိုသော စေတနာအမှန် ရှိပါက တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်ရပ်ခြင်း၊ နိုင်ငံရေး အကျဉ်းးသားအားလုံး လွှတ်ပေးခြင်း ပါတီပေါင်းစုံပါဝင်သော ညီလာခံ ခေါ်ယူ နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးခြင်း၊ လွတ် လပ်စွာ ဆွေးနွေး ညှိနှိုင်းခြင်း၊ ပါတီပေါင်းစုံပါဝင်သော လွတ်လပ်ပွင့်လင်းသည့် ညီလာခံမှ တိုင်းပြည် ၏ အနာဂါတ်ကို အများ သဘောတူ ပုံဖေါ်ခြင်းတို့ကို လုပ်ရမှာ ဖြစ်ပါတယ်။ သို့မှသာ အမှန်တကယ် ဆွေနွေး အဖြေရှာခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့သော အချက်အလက်များ မရှိဘဲ အာမခံချက် မရှိသည့် အခြေအနေ အောက်တွင် စစ်မှန်သော အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်မှာ စိတ်ကူး ယဉ်ရာကျပြီး စစ်အာဏာရှင်တို့၏ လှည့်စားမှုသံသရာတွင် မျိုးဆက် တဆက်ပြီး တဆက် ခံကြရပေ လိမ့်မည်။


တိုက်တွန်းချက်
ပြည်တွင်းငြိမ်းချမ်းရေး အတွက် အဓိက အရေးကြီးသည်မှာ (၂)ဖက်စလုံးက တိုင်းပြည် အမှန် တကယ် ငြိမ်းချမ်း လိုသော ဆန္ဒရှိဘို့လိုပါတယ်။ ပါးစပ်ကပြောနေလို့မရပါ လက်တွေ့ အလုပ်ပါဘို့ လို ပါတယ်။ ကျနော်တို့မှာ မူရှိပါတယ်၊ အဲဒီမူအတိုင်း အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ် ဆိုတဲ့ စ ကား အစား ဘယ်နေ့ရက်စွဲဖြင့် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲလိုက်ပါပြီ ဆိုသော ကြေညာချက် က တိုင်းရင်းသားလူထု အတွက် ကျေနပ် ၀မ်းသာစရာဖြစ်ပါတယ်။ ဆန္ဒအမှန်ရှိပါက လွယ်ကူပြီး၊ ဆန္ဒမရှိပါ ခက်ခဲသော အလုပ်ဖြစ်ပါတယ်။ ဘယ်သူ့ ဘယ်သူ့ ကိုမှ အပြစ်ပုံချစရာမလို၊ ဘယ်ဖွဲ့စည်း ပုံအခြေခံဥပဒေ ကိုမှပြောစရာမလိုဘဲ လက်ရှိ အာဏာရှိနေသည့် အစိုးရက အောက်ပါ လုပ်ငန်းစဉ် များကို ပထမ ခြေလှမ်းအဖြစ် ပဏာမ စတင်အကောင်အထည်ဖေါ်ရမှာ ဖြစ်ပါတယ် –
(၁) တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရန်။
(၂) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများတွင် တပ်စွဲထားသော တပ်
များအား ပြန်ရုပ်ရန်။
(၃) မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်
မရှိလွှတ်ပေးရန်။
(၄) ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် ဖြစ်ပါတယ်။ ထိုကမှ တဆင့် တိုင်းရင်းသားများ ပါဝင်သော တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များကို တဆင့်ပြီး တဆင့် ဆောင်ရွက် ရမှာ ဖြစ်ပါယတ်။ ကျနော်တို့ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ ပြည်တွင်း စစ်ရပ်စဲ ရေးအတွက် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ၊ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော် တို့ ကိုယ်တိုင် ဒီကနေ့ စလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ် ရပ်စဲရေး ဒို့အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဒိုအရေး ဟူသော ကြွေးကြော်သံများ မိုးယံထက်ထိပျံ့အောင် အစွမ်းကုန် ဟစ် ကြွေးကြပါစို့ လို့ တိုက်တွန်းလိုက်ပါတယ်။
 
Leave a comment

Posted by on August 22, 2011 in Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: