RSS

Maung Maung One – 23 year ago 8888 (Part 5)

23 Aug

ရင်ထဲက ရှစ်ဆယ့်ရှစ် – အပိုင်း (၅)
မောင်မောင်ဝမ်း
သြဂုတ် ၂၃၊ ၂၀၁၁
သြဂုတ်လ ၉ ရက်၊ ၁၉၈၈
ဒီနေ့လည်း မနေ့က ရှစ်လေးလုံးလိုပဲ .. လူထုဆန္ဒပြပွဲနဲ့ စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်ကနေထွက်ပြီး တောင်ဘက်က ပြန်ဝင်လာခဲ့တယ်… ထူးခြားတာက .. ပစ်တာ ခတ်တာ လုံးဝ မရှိခဲ့ဘူး .. မြို့လူထုက ပိုရဲတင်းလာတယ် … သောက်ရေတွေအိုးတွေကို အိမ်တွေရှေ့မှာ တန်းစီချထားတာမျိုး၊ သပိတ်တပ်ဦးကို ပန်းကုံးတွေစွပ်တာမျိုးတွေ လုပ်ကြတယ် … သတင်းတွေထဲမှာလည်း တနိုင်ငံလုံးလောက် လူထုအုံကြွမှုတွေ စနေကြပြီ … တမြို့ပြီးတမြို့ ဆန္ဒပြပွဲတွေ အကြောင်း အသံလွှင့်ဌာနတွေကတဆင့် သိနေရတယ် … တကယ်တော့ … လူထုဟာ ဘယ်ဟာ မတရားဘူး၊ ဘယ်ဟာ တရားတယ်ဆိုတာကို သိကြပါတယ် .. အကြောက်တရားတွေဖြစ်အောင် ခြောက်လှန့်ဖိနှိပ်ထားလို့သာ မလွန်ဆန်နိုင်ဖြစ်နေကြတာပါ .. လွတ်လပ်ခွင့်နဲ့ ထိုးဖောက်ခွင့် တစုံတရာလည်း ရောက်လာရော .. လူထုရဲ့ဆန္ဒတွေ၊ သဘောထားတွေက သိသာတယ် …။

သပိတ်စခန်းထဲ ဆန္ဒပြစစ်ကြောင်းကြီးပြန်ဝင်တော့ .. ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ တယောက်ကိုတယောက်ကြည့်ပြီး တော်တော်ရယ်ချင်နေကြတယ်.. ဘာလို့လဲဆိုတော့ .. လူတွေက ချွေးတွေ တရွဲရွဲနဲ့ ဆံပင်တွေမှာလည်း ဖုံတွေ အလိမ်းလိမ်း .. ဒါပေမယ့် .. လည်ပင်းမှာ အစွပ်ခံထားရတဲ့ ပန်းကုံးတွေက ဇာတ်မင်းသားလိုလို ဘာလိုလိုနဲ့ဆိုတော့ .. စပ်ဖြဲဖြဲပုံတွေ ပေါက်နေကြတယ် … ဒီကြားထဲမှာ .. သပိတ်စခန်းထဲက .. စင်မြင့်မှာ နိုင်ငံရေးတရားဟောတော့ .. ပန်းကုံးတွေက မချွတ်ရဲသေးဘူး .. လူထုက တမြတ်တနိုးနဲ့ ချီးမြှင့်ထားတာဆိုတော့ … ငြိုငြင်သွားမှာကိုလည်း ကြောက်ရသေးတယ် .. တခါ ဆန္ဒပြလမ်းကြောင်းကို အကြံပေးတဲ့ အမကြီးက လုပ်ပြန်ပါလေရော .. ကျနော်တို့ စင်မြင့်ပေါ်တက် တရားမဟောခင် ခြေထောက်အောက်နားမှာ ခြင်္သေ့ပုံနဲ့ နေဝင်း၊ စိန်လွင် ဆို နှစ်ပုံခင်းထားတယ်လေ … အဲဒီပုံတွေပေါ် ခြေဖနောင့်နဲ့ “ဟိတ်” ဆို ပေါက်ပြီးမှ ပြောရမယ်တဲ့ .. ကျနော်တို့ကလည်း အားနာတတ်တယ် .. ဒါလေးလုပ်တာ ဘာမှ မခက်ပါဘူးလေဆို .. သူပြောသလိုလုပ်လုပ်ပြီးမှ စင်ပေါ်တက်ရတယ် .. သူကတော့ .. တော်တော်ကိုကျေနပ်လို့ … ပြီးတော့ပြောလိုက်သေးတယ်။

“သူတို့ကလည်း ငါတို့ကို ဗေဒင်၊ ယတြာတွေနဲ့တိုက်နေတာ .. ငါတို့ကလည်း ပြန်တိုက်စစ်ဆင်ရမယ်လေတဲ့”
ရင်ထဲမှာ သူ့ကိုကြိတ်ပြီးတော့ ချီးကျူးမိတာရှိပါတယ် .. သူလည်း သူတတ်နိုင်သလောက် တော်လှန်ရေး လုပ်နေတာကိုပါ။ တမြို့လုံးမှာရှိတဲ့ ရပ်ကွက်အသီးသီးက ထမင်းထုတ်တွေစုပြီး လာပေးကြတယ် .. ရှစ်လေးလုံးလူထုဆန္ဒပြပွဲကာလတွေမှာ လူထုကပေးတဲ့ .. ထမင်းထုတ်တွေ စားရတာကိုက သိပ်အရသာရှိလှပါတယ် …။ 
သြဂုတ်လ ၁၀ ရက်၊ ၁၉၈၈
ဒီနေ့မှာ .. ရေနံမြေအလုပ်သမားတွေက .. သူတို့ရဲ့ လုပ်ငန်းခွင်တွေကိုစွန့်ခွာပြီး .. ကျောင်းသားသမဂ္ဂရှိရာ သပိတ်စခန်းကို ချီတက်လာကြတယ် .. ပြီးတော့ .. ရေနံမြေ အလုပ်သမားသမဂ္ဂ ဆိုတာကို ရေနံမြေအလုပ်သမားအများစု ထောက်ခံမှုနဲ့ ဖွဲ့လိုက်ကြတယ် .. ဥက္ကဋ္ဌက .. ဦးခင်ဝင်း (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ဥက္ကဋ္ဌ) အတွင်းရေးမှူးက ဦးချစ်ညီညီ (လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီပါတီ) … ရေနံမြေအလုပ်သမားတပ်ကြီး ချီတက်လာတော့ .. မြို့နေလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့မြင်ကွင်းကို အခုထိ သတိရနေဆဲပါ .. တခါ…ပွင့်ဖြူ၊ စလင်းနယ်ဘက်က လယ်သမားတွေနဲ့ ရေနံချောင်းပတ်လည်ရွာတွေက လယ်သမားတွေလည်း ချီတက်လာမယ်ဆိုတဲ့ … သတင်းတွေကိုလည်း ရထားတယ် … တချို့ရွာတွေက လယ်သမားတွေ .. မော်တော်တွေနဲ့ တက်လာပြီတဲ့ … ဒါနဲ့ .. ကျနော်တို့လည်း သူတို့လာချိန်နဲ့တိုက်ပြီးမှ .. စီတန်းလှည့်လည် ဆန္ဒပြပွဲကိုထွက်ဖို့ ဆုံးဖြတ်လိုက်ကြတယ် … မနက် ၉ နာရီမှာစတင်ပြီး သပိတ်ဆန္ဒြုပစစ်ကြောင်းကို စခန်းထဲကနေ စတင်ထွက်ခွာလိုက်ကြတယ် … ဒီနေ့ နေကလည်း အရင်နေ့ကထက်စာရင် နည်းနည်း ပြင်းသလား မသိဘူး .. လူတွေကြည့်လိုက်ရင် ချွေးသံတရွဲရွဲနဲ့ .. ဒါပေမယ့် ဘယ်သူမှ မောရပမ်းရကောင်းမှန်း မသိ .. မြင့်ငွေဆိုရင် .. ရှေ့က ကြွေးကြော်သံတိုင်ရလွန်းလို့ အသံတွေဝင်ပြီး ထွက်တောင် မထွက်တော့ဘူး … မြို့လည်ဈေးတနေရာရောက် တော့ .. ကျနော်စီးလာတဲ့ ဖိနပ်က ပြတ်သွားတယ် .. အဲဒါကို သပိတ်တပ်ဦးမှာ အလံကိုင်လာတဲ့ .. ကျောင်းသား .. သူ့နာမည်က သန်းဇော်ဦးတဲ့ .. ရေနံချောင်းကောလိပ်မှာ တက်နေတာ .. သူက ချက်ခြင်း သူ့ဘိနပ်ကိုချွတ်ပြီး ကျနော့်ကိုထိုးပေးတော့ ကျနော်က ငြင်းတယ် … ဒါပေမယ့် မရဘူး။ သူက ဇွတ်အတင်းထိုးပေးတာနဲ့ .. ကျနော်လည်း အားနာပြီး ယူစီးလိုက်မိတယ် .. ဒါနဲ့ … ကျနော်က …
“ညီလေး မင်းခြေထောက်တွေ ပူမှာပေါ့ … နေက ပူတယ်ကွ” ဆိုတော့ …
“ရပါတယ် အကိုရာ .. နေပူတာ .. နေဝင်းပူတာလောက် မဆိုးသေးပါဘူးတဲ့”
ဒီစကားလေးက ကျနော့်ရင်ထဲ စိမ့်ခနဲ ဝင်သွားတယ် … နေဝင်းဆိုတာ အဲဒီအခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဥက္ကဋ္ဌကြီး၊ နိုင်ငံအကြီးအကဲ ဦးနေဝင်းကိုပြောတာ … ဒါပေမယ့် အဲဒီအချိန်မှာ သူက အနားယူသွားပြီး ဦးစိန်လွင် (ဗိုလ်မှူးချုပ်စိန်လွင်) ကို ပါတီဥက္ကဋ္ဌ ရာထူးရော၊ ကောင်စီဥက္ကဋ္ဌ ရာထူးရော လွှဲပေးထားခဲ့ပြီး နောက်ကွယ်ကနေ ကြိုးကိုင်တယ် … ဒီလိုနဲ့ လမ်းခွဲတနေရာကိုရောက်တော့ စောစောကပြောခဲ့တဲ့ တောင်သူလယ်သမားတွေက .. ဆီးစောင့်နေကြတယ် .. နည်းတဲ့အင်အားလား တော်တော်များတယ် … ကျနော်တို့လည်း တော်တော်လေး ဝမ်းသာကြတယ် … တောင်သူလယ်သမားဦးကြီးတွေက ကျနော်တို့ ပွေ့ဖက်နှုတ်ဆက်ပြီး .. သပိတ်စစ်ကြောင်းကို ဆက်ချီတက်လာတော့ … … ရှေ့ကလွှတ်ထားတဲ့ ကင်းထောက်လူငယ်တွေက အပြေးအလွှား သတင်းတွေ လာပို့ကြတယ် … ရှေ့မှာ ရဲတွေ သေနတ်တွေနဲ့ လမ်းပိတ်ပြီး အဆင်သင့်နေရာယူ စောင့်နေကြပြီတဲ့ … ကျနော်တို့အားလုံး ဘာဆက်လုပ်ကြမလဲ ဆုံးဖြတ်ရတော့မယ် … ခေါင်းဆောင်တွေစုစည်းပြီး ချက်ခြင်းဆုံးဖြတ်လိုက်တယ်…ရှေ့ဆက်တက်ဖို့ (ဒီ ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ မဆိုနိုင်ပေမယ့် မမှန်ခဲ့တာတော့ သေချာပါတယ်) .. အားလုံးက သွေးဆူနေကြတာ မဟုတ်လား .. တရွေ့ရွေ့နဲ့ သပိတ်တပ်ကြီးက မိုးလုံးညံ ကြွေးကြော်သံတွေနဲ့ ချီတက်လာရာကနေ … မြို့နယ်ကောင်စီရုံးရှေ့မှာ ရဲတွေက လမ်းကိုကန့်လန့်ပိတ်ပြီး သေနတ်တွေနဲ့ ချိန်ထားတယ် … နောက်မှာလည်း သံဆူးကြိုး အထပ်ထပ်ကာလို့ … ရှေ့ဆက်တက်မလာဖို့ကို လော်စပီကာနဲ့ အော်တယ် … ကျနော်က သပိတ်တပ်ဦးမှာရှိနေတော့ .. အလံကိုင်အဖွဲ့ကို ခဏရပ်တန့်ကြည့်ဖို့ ပြောလိုက်တယ် … ဆဲသံဆိုသံ အော်သံတွေနဲ့ ဆူညံနေတော့ .. ဟိုဘက်က လော်စပီကာနဲ့ အော်နေတာ .. သဲသဲကွဲကွဲ မကြားရဘူး … တချက်တချက် ကြားရတာက … အခု ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း (ပုဒ်မ ၁၄၄ ဆိုတာ- ည ၆ နာရီကနေ မနက် ၆ နာရီ ပြင်ပကိုထွက်ခွင့်မပြု၊ လူငါးဦးထက် ပိုမစုဝေးရ ဆိုတဲ့ဥပဒေပါ) နောက် ကြွေးကြော်သံတွေ သံပြိုင် တိုင်တယ် … ပထမ မိုးပေါ်ထောင်ပစ်တဲ့ သေနတ်သံတွေ ထွက်လာတယ် … နောက်တော့ လူအုပ်ကြီးရှိနေတဲ့အနီးနားက တမာပင်ကိုင်းတွေကို လှမ်းပစ်ပြီး ချောက်လှန့်တယ် … လူအုပ်ကြီးဘက်ကလည်း ပါလာတဲ့ လောက်လေးဂွတွေ .. ဂျင်ကလိတွေနဲ့ ဝိုင်းပစ်ကြတယ် … ဒါပေမယ့် နည်းနည်းအလှမ်းဝေးနေတော့မ ရောက်နိုင်ပါဘူး .. အပေါ်က သစ်ကိုင်းတွေ .. သေနတ်မှန်ပြီး … တဖျောင်းဖျောင်း ကျလာတာ မနည်းရှောင်လိုက် ရတယ် … ရှေ့ဆုံးက အလံကိုင်သပိတ်တပ်ဦးက .. ရှေ့ဆက်တက်ဖို့ရုန်းထနေတော့ .. သေနတ်သံတွေအဆက် မပြတ်ထွက်လာပြီး ကျည်ဆံတွေ တရွှီရွှီပြေးနေတယ်လို့တောင် ထင်ရတယ် … အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီ … တဖက်ကလည်း အဆက်မပြတ် ပစ်နေပြီ … ရုတ်တရက် .. ကျနော့်ဘေးနားမှာ အလံကိုင်နေတဲ့ စောစောက ကျနော် တင်ပြခဲ့တဲ့ .. ကျောင်းသား .. သေနတ်မှန်သွားတယ် .. ရင်အုံလောက်မှာဖြစ်မယ် ထင်တယ် … သွေးတွေ ဖျာခနဲထွက်လာတာကို တွေ့လိုက်ရတယ် … အလံကိုင်ထားရက်က ကတ္တရာလမ်းမပေါ်ကို မှောက်ရက် ကျသွားတယ် .. ဒီမြင်ကွင်းကိုမြင်လိုက်ရပြီး .. ကျနော့်လည်း ပူထူသွားတယ် .. ဘေးမှာ လူထုက ကျနော့်ကို ချက်ခြင်းဝိုင်းလိုက်ပြီး .. လှဲချ .. အပေါ်ကနေ အုပ်ထားတယ် .. ပြီးတော့ သေနတ်သံ ယာယီ အစဲလောက်မှာ .. ကျနော့်ကိုဆွဲထူပြီး အပြေးအလွှား ခေါ်သွားတော့တာပဲ … ကျည်ကွယ်ရာ ကုန်းကမူ တခုကိုရောက်တော့မှ အပေါ်စီးကနေလှမ်းကြည့်နေတော့ … လမ်းမပေါ်မှာ လဲကျနေတာ .. ၄ ဦးလောက် ရှိမယ် … အလံကိုင်ကျောင်းသား သန်းဇော်ဦးကတော့ ချက်ခြင်း .. ကျဆုံးသွားတယ် .. ရဲတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေရောက်လာပြီး .. သူ့အလောင်းနားရောက်တော့ .. ရဲတယောက်က ဖိနပ်နဲ့ မျက်နှာကိုဆွဲလှန်လိုက်တယ် … ကျန်တဲ့သူတွေက .. ကျန်တဲ့အလောင်းတွေ လိုက်ကောက်နေတယ် …
အဲဒီနေ့က မြင်ကွင်းကိုတော့ ကျနော့်တသက်မှာ ဘယ်တော့မှ မမေ့နိုင်ပါဘူး .. ကျနော့်ဘဝမှာ ငိုကြွေးတယ်ဆိုတာ အလွန်မှ ရှားပါးပါတယ် … ကျနော်သာမက အားလုံးသော လူထု တော်တော်များများ ဝမ်းနည်းပက်လက် ငိုကြွေးမိကြတယ် .. တကယ်တော့ ဒီမျက်ရည်တွေဟာ ခံပြင်းနာကျဉ်းလို့ကျလာတဲ့ မျက်ရည်တွေသာလျှင် ဖြစ်ပါလိမ့်မယ် … လူထုရဲ့ စိတ်ဓာတ်ခွန်အားတွေကတော့ မာသထက် မာကျောသွားပြီ .. ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှုကိုမှ လက်မခံ တော့ဘူး … ပိုပြီးတော့ စုစည်းကျစ်လစ်လာကြတယ် … သပိတ်အမာခံစခန်းကို အသက်နဲ့လဲကာကွယ်ဖို့ ဆုံးဖြတ် ကြတယ် … ၁၀ ရက်နေ့က ၄ ဦး ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ် … အဲဒီ့နောက်ပိုင်းမှာတော့ .. ချီတက် တန်းစီဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းထားကြတယ်။
 
အဲဒီနေ့ညမှာပဲ တခါ … သပိတ်စခန်းကို ဝင်စီးဖို့ကြိုးစားခဲ့တဲ့ .. ရဲတွေကို ပြည်သူလူထုကြီးက .. မောင်းထုတ်နိုင်ခဲ့တယ် .. ညဘက်မှာ ထိပ်တိုက်တွေ့ကြတယ် … သူတို့ရဲတွေက .. သပိတ်စခန်းရှိရာ လမ်းသွယ်ထဲကိုဝင်လိုက်တာနဲ့ .. လူထုက သူတို့ကို ဝိုင်းပတ်ထားလိုက်ပြီ … ရဲတွေက နယ်မြေ မကျွမ်းကျင်ဘူး .. ပြီးတော့ အမှောင်ထဲမှာ … လူထုက တားတယ် .. ရှေ့ဆက်တက်ရင် ခုခံမယ်ဆိုတာ ပြောတယ် .. သူတို့က မရဘူး .. အထက်အမိန့်အရ .. သပိတ်စခန်းကို ဝင်သိမ်းမယ်ဆိုတာ ပြောတော့ … မမြင်ရတဲ့ အမှောင်ထဲက ထွက်လာလိုက်တဲ့ .. သံလုံးထည့်ပစ်တဲ့ လောက်လေးဂွတွေ၊ ဂျင်ကလိတွေနဲ့ ဝိုင်းအုံပစ်ကြတာ .. ရဲတွေ ဒဏ်ရာရပြီး .. ကစင့်ကလျား ထွက်ပြေးကုန်ကြတယ် … သေနတ်နဲ့တောင် ပြန်မပစ်နိုင်အားဘူး … … အဲဒီ့နောက်ပိုင်းမှာ .. သူတို့ သပိတ်စခန်းကို လာမစီးရဲတော့ဘူး … (နောက်ပိုင်းမှသိရတာက .. ဒီကိစ္စတွေအတွက် တိုင်းရဲမှူးနဲ့ သက်ဆိုင်ရာ ပါတီ၊ ကောင်စီတွေနဲ့ ပြဿနာတက်တယ်၊ တိုင်းရဲမှူးကပြောတာ … အမုန်းခံရ၊ အနာခံရတော့ ကျုပ်တို့ရဲတွေ … ခင်ဗျားတို့က ပါတာ မဟုတ်ဘူး .. စားပွဲပေါ်ထိုင်ရာမပျက် အမိန့်ပေးနေတယ် … ကျုပ်တို့ မလုပ်နိုင်ဘူးလို့ အာခံတယ်)
နောက်ပိုင်းမှာ ကျနော်တို့ဆီက သတင်းမှားတွေ သူတို့ရတယ် … ဘာလဲဆိုတော့ .. ကျနော်တို့ ကျောင်းသားတွေလက်ထဲမှာ လက်နက်အချို့ ရောက်နေပြီဆိုတာ သူတို့ကြားမှာ သတင်းကြီးသွားတယ် .. ဒါ့ကြောင့် ဝင်မစီးရဲတော့တာလည်း ပါတယ် … အမှန်က ကျနော်တို့လက်ထဲမှာ လောက်လေးဂွ၊ ဂျင်ကလိ၊ လေးမြား လို လက်နက်ကလွဲရင် ကျန်တာဘာမှမရှိဘူး … ဖြစ်တာက ဒီလိုပါ … ကျနော်တို့အဖွဲ့ထဲက မြင့်ငွေနဲ့၊ ကိုအေးမောင်မောင်ကြည် (ယခု ရွှေဝါရောင်တော်လှန်ရေးနဲ့ ထောင်ကျနေသူ)က ညဘက် ရောက်ရင် .. တယောက်တလှည့် လော်စပီကာနဲ့ အော်နေတာ … စကားဝှက်တွေလည်း ပါတယ် … တခါ ဘာလုပ်သလဲဆိုတော့ … ကျနော်တို့ကို လူတစုက … ရိုင်ဖယ်ကျည်ဆံတွေ လာပေးတယ် … အတောင့် ၄၀ လောက်ရှိမယ်ထင်တယ် .. အဲဒါတော့ ရှိတယ် … ဒါနဲ့ ဘာလုပ်လို့ရမှာလဲ … ဒီတော့ … ဘာလုပ်သလဲ ဆိုတော့ .. လေသေနတ် အလက် ၄ လက်လောက် ရှာလာတယ် … လုပ်တဲ့သူတွေကလည်း ပေါက်ပေါက်ရှာရှာ လုပ်တတ်တယ်ဗျ … လေသေနတ်ပြောင်းတံထိပ်မှာ .. စောစောက ရိုင်ဖယ်ကျည်ကို တိတ်စတွေနဲ့ အသာကပ်ထားတယ် … ကျည်ဆံဖင်ကို .. လေသေနတ်ကျည်က ရိုက်ထွက်တဲ့ သဘောပေါ့ … (လေသေနတ်ကျည်က ကျည်ရိုက်တံလို ဖြစ်သွားတယ်) … ည လူခြေခပ်တိတ်တိတ်အချိန်ရောက်ပြီဆို မိုးပေါ်ထောင်ပစ်လိုက်တယ် … တကယ် သေနတ်ပစ်လိုက်တဲ့အတိုင်း ဟိန်းထွက်နေတာ … တလက်ပစ်ပြီးပြီဆို တခါ .. တိတ်နဲ့ပြန်ကပ်ပေါ့ … နောက်တခါ တချက်ပစ်လိုက် … လော်စပီကာနဲ့ကလည်း အော်သေးတာ …
“ရဲဘော်တို့ ကျည်တွေသိပ်မဖြုန်းပါနဲ့ … တတောင့်ကို တယောက်မှန်အောင် ပစ်ပါ”…
(နောက်မှ ပြန်သိရတာက .. အဲဒီအချိန်မှာ ရဲစခန်းအချုပ်ထဲမှာ ဆန္ဒပြပွဲကြောင့် ဖမ်းထားတာ … အယောက် ၃၀ လောက်ရှိတယ် .. သူတို့က ရဲစခန်းမှာ ဖြစ်ပျက်နေတဲ့မြင်ကွင်းစုံကို အကုန်တွေ့နေရတယ် … ကျနော့်တို့ဆီက သေနတ်သံတွေ ထွက်လာပြီဆို .. နေရာတွေယူ .. အသင့်တွေပြင် .. ပြာယာခပ်နေကြတာတဲ့ …)
နောက် .. လူထုဟောပြောကနေ .. ကျနော်က ပြင်းပြင်းထန်ထန် တောင်းဆိုချက်တခုကို တောင်းဆိုလိုက်တယ် … ဖမ်းထားတဲ့သူတွေကို ချက်ခြင်း လွှတ်ပေးပါ .. လွှတ်မပေးရင် .. ရဲစခန်း အပါအဝင် … ပါတီကောင်စီရုံးတွေ … သက်ဆိုင်ရာ အာဏာပိုင်တွေအိမ်တွေကို အကုန်ဝင်စီးမယ် … မိရင်မိတဲ့သူ .. အကုန်ရှင်းမယ်ဆို ခပ်တည်တည်ပဲ ကြေငြာလိုက်တယ် … ညဘက်ရောက်တော့ … ကျနော်တို့ဆရာတွေဖြစ်တဲ့ … ဆရာဦးသိန်းနဲ့ … ဦးရဲမြင့်တို့နှစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက အကူညီတောင်းပြီး ကျောင်းသားတွေနဲ့ စေ့စပ်ဆွေးနွေးလိုကြောင်းကို ကမ်းလှမ်းလာတယ် … ကျနော်တို့ဆီက လွှတ်လိုက်မယ့် .. ကိုယ်စားလှယ်ကိုလည်း .. လုံးဝဖမ်းဆီးခြင်း .. အန္တရာယ်ပြုခြင်း မလုပ်မယ့် အကြောင်းကိုလည်း ကတိကဝတ်တွေနဲ့ မှာလိုက်တယ် … ကျနော်တို့ဘက်က ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး (မကွေး ကောလိပ်ကျောင်းသား ကျော်စွာ) လိုက်သွားတယ် … အေးအေးဆေးဆေးပဲ ပြန်ရောက်လာပါတယ် … သူတို့ဘက်က ကျနော်တို့ကို အကြမ်းမဖက်ဖို့ ကတိပေးလာတယ် .. ကျနော်တို့ကလည်း အကြမ်းမဖက်ဖို့ပြောတယ် .. နောက် ဖမ်းထားတဲ့သူတွေကို မနက်မှာ ပြန်လွှတ်ပေးမယ်ဆို ပြောတယ် … တွဲဖက်အတွင်းရေးမှူးကလည်း …
“အန်ကယ်တို့ဘက်က ကတိတည်ရင် .. ကျနော်တို့ဘက်ကလည်း ကတိတည်ပေးပါ့မယ် .. ဒါပေမယ့် စောင့်ကြည့်လေ့လာဦးမယ် .. သို့သော် သပိတ်လှန်ဖို့ကိစ္စမျိုးကိုတော့ လုံးဝ .. လုံးဝ လက်မခံပါ” ဆိုပြောလာခဲ့တယ် … ပြောမယ်ဆို အဲဒီနေ့ညက .. အပစ်အခပ်ရပ်စဲထားတယ်ပေါ့ …
 
တနိုင်ငံလုံးမှာလည်း မြို့နယ်အသီးသီး ရှစ်လေးလုံးသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေတဲ့ အကြောင်းသတင်းတွေထဲမှာ ကြားနေရပြီ … ကျနော်တို့ တိုက်ပွဲအရှိန်ကလည်း မြင့်သထက် မြင့်လာနေတယ် … ဒီလိုနဲ့ … နောက်နေ့ရောက်တော့ မြို့ထဲ ဈေး ၂ ဈေးက ဈေးသူဈေးသားတွေကစုပြီး ကျောင်းသားသမဂ္ဂ သပိတ်စခန်းကို ရောက်လာကြတယ် … သူတို့က .. ဈေးပိတ်ထားရတဲ့အတွက် များစွာ နစ်နာနေတဲ့အကြောင်း၊ ဈေးကိုပြန်ဖွင့်ခွင့်ရအောင် ကြိုးစားပေးဖို့အကြောင်းတွေ တင်ပြလာတယ် … ကျနော်တို့ ဘာလုပ်နိုင်မှာလဲ … ကျနော်တို့က တော်လှန်ရေးလုပ်နေတာ .. အာဏာပိုင်တွေလည်း မဟုတ် .. ဒါပေမယ့် .. ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ကျနော်တို့ ကြိုးစားပေးပါ့မယ်ဆိုပြောလိုက်ကြတယ် … သူတို့ပြန်သွားတော့ .. ခေါင်းဆောင်ပိုင်းတွေစုဝေးပြီး တို့ ဘာလုပ်ကြမလဲ .. ဒီကိစ္စဘယ်လိုလုပ်ရပါ့လဲပေါ့ … ဒါနဲ့ ကျနော်က …
“ငါ့အမြင်ကတော့ .. ဖြစ်လာတာ မလာတာ ခဏထား .. အာဏာပိုင်တွေကို သရော်ချင်တယ်ကွ … သရော်တယ်ဆိုတာလည်း တကယ်တော့ အံတုခြင်းတမျိုးပဲ … ဘယ်လိုလဲဆိုတော့ကွာ .. ငါတို့က အမိန့်ကြေငြာစာ ထုတ်မယ်…” ဆိုတော့ .. အားလုံးက ဟာသ .. သဘောမျိုး .. သရော်တဲ့ သဘောမျိုးထားပြီး ချကွာ .. လုပ်မယ်ကွာဆို သဘောတူခဲ့ကြတယ် .. ဒါနဲ့ ကျနော်တို့ အမိန့်ကြေငြာစာကို လူထုသိအောင် ကြေငြာလိုက်ကြတယ် … ။ 
အမိန့်ကြေငြာချက် အမှတ် ၁/၈၈
နေ့စွဲ —- ++++
ဒီကနေ့ (+++++++) ရက်နေ့မှစပြီး .. ရေနံချောင်းဈေးကြီးအား တရားဝင် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ ယခုအမိန့်သည် ဥပဒေကဲ့သို့ တည်စေရမည်။
ပုံ
ကျောင်းသားသမဂ္ဂ
—————————————————————————————–
ခပ်တည်တည်ပဲ ကြေငြာလိုက်တယ် … တကယ်က .. မဆလ အစိုးရခေတ်မှာ လူတွေ လှောင်ပြောင်ကြတာ တခုရှိတယ် .. ပုံ – စိန်လွင် ဆိုတာ … တခုခုကို အမိန့်ပေးချင်ပြီဆို … ဥပမာ ယောက်ျားက မိန်းမကို ထမင်းခူးခိုင်းချင်တယ် ဆို …
“မိန်းမ ငါ ထမင်းစားမယ် .. ထမင်းခူးလိုက်ပါ … ပုံ – စိန်လွင်” … လူတွေက ဟာသလုပ်ကြတယ် .. ဘာလို့ ဒီလိုလုပ်ကြတာလဲဆိုတော့ .. ငွေစက္ကူတွေသိမ်းလည်း .. ပုံ – စိန်လွင် ဆို အမိန့်ထုတ် သိမ်း၊ ဟိုဟာ အာဏာပြချင်၊ ဒီဟာ ပါဝါပြချင်လည်း .. ပုံ – စိန်လွင်ဆို အမိန့်ထုတ်နေတော့ လူတွေစိတ်ထဲမှာ နာကျင်မှုတွေကို ဖောက်ခွဲဖို့ .. ဟာသလုပ်ပစ်လိုက်ကြတယ် .. ဒါကို ကျနော်တို့က တန်ပြန်သရော်ဖို့ လုပ်လိုက်တာ .. အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ … ကျောင်းသားတွေက ဈေးဖွင့်ခိုင်းလိုက်ပြီ .. ဖွင့်လို့ရပြီဆို ဈေးကြီးကို စည်စည်ကားကား ပြန်ဖွင့် ရောင်းဝယ်ဖောက်ကားကြတော့တယ် .. 
ကျနော်တို့လည်း တော်တော် အံသြကုန်ကြတယ် .. ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ဘူး … ဒီလိုနဲ့ ကျနော်တို့ ဆက်အကြံထုတ်တယ် … ဆက် အားစမ်းကြည့်ဦးမယ်ဆို ဒုတိယအကြိမ်မြောက် အမိန့်ကြေငြာချက်ဆိုတာကို ၂/၈၈ နဲ့ ထုတ်ပြီး ကျောင်းသားသမဂ္ဂပိုင်နက်ဆို နယ်မြေတွေ သတ်မှတ်ပစ်လိုက်တယ် … အဲဒီထဲမှာ ဘာပါသလဲဆိုတော့ … ဒီနယ်မြေများအတွင်း သက်ဆိုင်ရာ အာဏာပိုင်များ၊ ရဲများ၊ ယင်းတို့မိသားစုဝင်များ၊ ကူးလူးခြင်း သွားလာခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း နေထိုင်ခြင်း ခွင့်မပြု .. တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဆို ကြေငြာလိုက်တယ် …။
အပိုင်း (၆) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
 
Leave a comment

Posted by on August 23, 2011 in Maung Maung One, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: