RSS

Kan Tun Thit – Irrawaddy

25 Aug

ဧရာဝတီကိုယ်စား
ကံထွန်းသစ်
သြဂုတ် ၂၄၊ ၂၀၁၁

 

ပုံအား ဤနေရာမှ ယူပါသည်။

“ ကမ္ဘာကြီးဟာ နေရာတိုင်းမှာ နာကျင်နေပြီမို့ ဝိုင်းဝန်းဆုတောင်းပွဲ ကျင်းပနေကြတာလေ။ မင်းတို့ဗုဒ္ဓဘာသာတွေ ဒါကို ပိုသိပါတယ်“ဟုဆိုကာ လက်ကိုကမ်းပေးရင်း လက်ဆွဲ နှုတ်ဆက်လာသူက အမေရိကန်ကြီးတစ်ယောက်။ မိမိကလည်း လှိုက်လှဲစွာ တုန့်ပြန်သည့်အနေဖြင့် သူ့လက်ကို ဆုပ်ကိုင်ကာ လှုပ်ရမ်း လိုက်မိသည်။ ဓမ္မဘေရီဆရာတော်ရောက်ခိုက် မယ်ဝေါကီးတို့မြို့တခွင် လှည့်လည်ပြသစဉ် မစ်ချီဂန်ကန်ကြီးရဲ့ ကမ်းခြေတနေရာအရောက် ဆည်းဆာပွဲလေးတွင် ဆုံဆည်းလိုက်ရခြင်းပင်။ အမေရိကန်ကြီး ထွက်ခွါသွားသည်နှင့် ကိုယ့်မှာ တွေးဖွယ်တွေ တထွေးကြီးကျန်ခဲ့ရသည်။

ဒီနှစ်နွေရာသီ ပိုပူပြင်းသည့်အကြောင်း အိုဇုန်းလွှာပါးနေ၊ ပေါက်နေသည့်အကြောင်း၊ အရည်ပျော်နေသည့် အာတိက်ဒေသ ရေခဲပြင်ကြီးများအကြောင်း ဆူနာမီနှင့် မုန်တိုင်းများအကြောင်း စသည်စသည်တို့ပင်။

ပေါက်ပင်ဘာကြောင်းကိုင်းရတယ်….ဗျိုင်းနားလို့ကိုင်းရတယ်….ဗျိုင်းဘာကြောင့်နားရတယ်…စသည့် ကြောင်းကျိုးဆက်စဉ်ပြ ကဗျာလေးကိုလည်း ရွတ်ဆိုလိုက်မိသည်။ ကာဗွန်ငွေ့တလူလူ ထုတ်လွှင့်နေသည့် စက်ရုံကြီးများ တစစပါးသွားသော အစိမ်းရောင်သစ်တောကြီးများကိုလည်း မြင်ယောင်လိုက်မိသည်။

ထိုသို့ ဒဏ်ရာဒဏ်ချက်တို့ဖြင့် နာကျင်နေသော ကမ္ဘာကြီးကို စောင့်ရှောက်ကြရန် ယိုယွင်းနေသော သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းဖို့ ကမ္ဘာ၏တောင်းဆိုသံကို ကျယ်လောင်စွာကြားရချိန်တွင် အမိမြေမှာတော့ တိုးတိုးသဲ့သဲ့ ကြားရစပြုပြီ။

အမိမြေကို တကယ်ချစ်သူ သဘာဝကိုတကယ်မြတ်နိုးသူတို့က စွမ်းသမျှ တိုးတိုးသဲ့သဲ့လည်း ငြီးနေတွားနေကြစဉ်တွင် ဧရာဝတီမြစ်ကြီး၏ ညည်းတွားသံကို ပိုကျယ်လောင်စွာ ကြားနေရသည်။ မြစ်ညှာဆီတွင် ရွှေရှာသူများ၊ ငွေဆာသူများ၊ နောက်ဆုံးလျှပ်စစ်မီးရှာသူများကြောင့် သူ့မှာ လောဘကျိန်စာသင့်နေရပြီတဲ့။ နည်းတူပင် လွန်ခဲ့သော နှစ် (၂၀) ခန့်က တောင်ကြီးနှင့် ဆီဆိုင် အင်းလေးဒေသ စသည့်ရှမ်းပြည်တဝိုက် ရောက်ခဲ့ရာ ဆီဆိုင်မြို့ဇာတိ အဖိုးကြီးတစ်ယောက်က လက်ညှိုးညွှန်ကာ ဒီမြင်သမျှတောင်ကတုံးတွေဟာ အင်ပင် ကျွန်းပင်တွေနဲ့ စိမ်းညှိုးနေတဲ့ တောအုပ်တွေပေါ့။ အခုတော့ ထိုင်းနိုငံနဲ့ ဖက်စပ်ပြောင်းခင်းတွေဖြစ်ကုန်ပြီ..ဟု ပြောခဲ့သံကို ပြန်ကြားယောင်မိသည်။ မည်မျှသစ်တွေ ခုတ်လှဲ ခဲ့ကြသလဲဆိုရင် သူတို့ ဆီဆိုင်မြို့လေးမှာပင် သစ်ခွဲစက် (၂၄ ) လုံး ရှိသည်တဲ့။ အခုတော့ ထိုအကျိုးဆက် ရှမ်းပြည်မှာ မိုးခေါင်တာကြားဖူးပြီ၊ အင်းလေးကန် ရေခန်းခဲ့ပြီ၊ လောပိတကဘီလူးချောင်း ရေမဝတော့ပြီ။

ဒါတင်မက မြန်ပြည်မြောက်ပိုင်း ဖားကန့်ကျောက်စိမ်းမြေသည်လည်း စက်ယန္တရားကြီးများနှင့် တူးကြ ဖော်ကြသောကြောင့် တောင်ပူစာများသည် နေ့မြင် ညပျောက်ကုန်ပြီတဲ့။ ဒီဖက်တောင်ကုန်းမှ တူးဖြို၍ ထုတ်လိုက်သောမြေစာများက တခြားတဖက်တွင် တောင်ပူစာအသစ်အဖြစ်ပေါ်လာတော့သည်။ ထိုပြောင်းလွဲသွားသော ပထဝီကြောင့် အကျိုးဆက်ကား စိုက်ရေးပျိုးရေးခက်အောင် ရေကြီးရေလျှံခြင်းများနှင့် တောင်ပြိုမှုများ “လူတို့လောဘ၊ ကြီးကာလကြောင့်၊ ဒုဗ္ဘက္ခဘေး၊ ငတ်မွတ်ရေးနှင့်၊ ရိုးဖွေးတောင်မျှ၊ ပျက်စီးကျရှင့် “ မဃဒေဝ လင်္ကာပိုဒ်လေးကိုလည်း တိုးတိုးရွတ်ဆိုမိသည်မှာ အကြိမ်ကြိမ်၊ လူတို့လောဘကြောင့် အစာရေစာ ငတ်မွတ်ရှားပါးခြင်းဘေး ဒုဗ္ဘက္ခကပ်ကြီးတွေ ကျရောက်တတ်သည်တဲ့၊ ဘုရား .. ဘုရား …တာဝန်သိသူတိုင်း ဒီနှယ်ထိတ်လန့် စိုးနှောင့်ဖြစ်နေချိန်တွင် တာဝန်ရှိသူတွေကကော ….။

သည်အမေရိကန်နိုင်ငံမှာဆို နည်းပညာတွေ အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်နေသလို သဘာဝကို ချစ်မြတ်နိုးစောင့်ရှောက်မှုကလည်းအံ့စရာပင်။ လူတိုင်းလိုလိုက တာဝန်သိ၍ တာဝန်ရှိကြသည်။ တာဝန်သိ၍ တာဝန်ယူကြသည်မှာ အားကျဖွယ်ပင်။ အရီဇိုးနားပြည်နယ်ရှိ ဆီဒိုးနား ဆိုသည့် အုတ်နီရောင်တောင်ကြီးဆီရောက်ခိုက် ထိုဝန်းကျင် ကျောက်စွန်း ကျောက်ကမုလေးများမှာ ရေးထိုးထားသည့် ကမ္ဗည်းတွေက “ကျွန်တော်တို့ အိုမင်းနေပါပြီ။ ကျေးဇူးပြုပြီး မနင်းလိုက်ပါနဲ့” စသည့် အဓိပ္ပါယ်ရှိသော စာတန်းလေးများပင်။

နည်းတူပင် ကိုလိုရာဒိုရှိ အမြင့်ဆုံးတောင်တန်းကြီး ရောက်ကီးမောင်းတိန်းတောင်ပေါ်သို့ ရောက်သောအခါတွင်လည်း မိုးကြိုးတွေအကြိမ်ကြိမ်ပစ် လေတွေတဝေါဝေါထန် မိုးတွေသည်းနေတတ်သောဝန်းကျင်မှာ ပေါက်ရောက်ရှင်သန်နေသည့် မြက်ပင်ကလေးများကိုစာနာပါ ဆိုသည့် စာတန်းကလေးများကို ဖတ်ရသည်။ ကရုဏာနှင့်ယှဉ်သော စောင့်ရှောက်လိုစိတ်ကို နှိုးနိုင်ခဲ့သည်။

“သတိပန်းမခူးရ။ မြက်ခင်းပေါ်မနင်းရ။” စသည့်စကားများထက် လိုက်နာလိုစိတ်ကို ဖြစ်စေခဲ့သည်မှာအမှန်ပင်။ သို့သော် တချို့ကမူ အလေ့အ ကျင့်ကြောင့်လား ဗီဇကြောင့်လားမသိ မလိုက်နာတတ်သူများကိုလည်း မှတ်မိသေးသည်။ ထိုနေရာ ခုံတန်းလေးတစ်ခုတွင် ထိုင်နေသော အမေရိကန်မကြီးတစ်ဦးက တဖက်စွန်းတွင် အမောပြေဝင်ထိုင်သောကိုယ့်ကို “သိပ်လှတဲ့ ရှုခင်းပဲနော်”ဟု ပြောနေခိုက် ကိုယ်တို့အုပ်စုထဲမှ ကြီးမှဖြစ်ဟန်ရှိသော ရဟန်းတော်ကြီးတစ်ပါးက မြက်ခင်းပေါ်တွင် နင်းသွားကာ ဓာတ်ပုံရိုက်ခံရန်ပြင်နေရာ ထိုအမျိုးသမီးကြီးက မနင်းဖို့လှမ်း သတိပေးလိုက်သည်။ သို့သော် ကိုယ်တို့ပြည်သား သက်တော်ကြီးရဟန်းကတော့ ဒါလေးများ ..ဆိုသည့်ဟန်နှင့် လှည့်၍ပင်ကြည့်လိုက်သေး။

“အော် အရှင်ကြီးရယ်..ဟု စိတ်မသက်မသာ ငြီးခဲ့မိသည်။ ကိုယ်တို့ အချို့အချို့ရဟန်းတော်တွေမှာ သဘာဝကို တန်ဖိုးမထားတတ်ကြလို့လား။ ဒါမှမဟုတ် အလှအပကို သင်္ခါရတွေလို့ ရှုမြင်နေကြလို့လား စဉ်းစားကြည့်မိသည်။ ဒုတိယအချက်ကတော့ဖြင့် မဟုတ်နိုင်။ ဘာကြောင့်ဆို အခုခရီးစဉ်တွင် ထိုရဟန်းကြီးအပါအဝင် သံဃာကြီးငယ်တစ်စုတို့ တောတောင်အလှကိုလိုက်ပါကြည့်ရှုနေကြသောကြောင့်ပင်။

သို့ဆိုလျှင် ပထမအချက်နှင့် ငြိစွန်းနေကြလေသလား။ ထိန်းသိမ်းရကောင်းမှန်းသိအောင် မလေ့ကျင့် မသင်ကြားခဲ့ရဘူးလို့လား ကိုယ့်ကိုယ်နှင့်ယှဉ်၍ သုံးသပ်ကြည့်နေမိသည်။ မသင်ကြား မလေ့ကျင့်ဖူး၍ျတော့ မဟုတ်နိုင်။ သင်ခန်းစာနှင့် လက်တွေ့ဘဝ မစပ်မိနိုင်ကြခြင်းပင် ဖြစ်ပေမည်။ Apply မလုပ်နိုင်ကြခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် ရဟန်းတို့ ရှေ့သွားရှင်တော်မြတ်ဘုရားသည် အဦးဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူဟု ဆိုရလောက်အောင် သစ်ပင်ကိုမခုတ်ရန် ဗီဇကံ ဘူတကံကို မဖျက်ဆီးရန်..ဖျက်ဆီးက အာပတ်သင့်စေ။ ပြစ်မှုသာမက ပြစ်ဒဏ်ပါတွဲ၍ ထားခဲ့သည်မှာ ဝိနည်းတော်၌ အထင်အရှားပင်။

ဒါတွင်မက ရဟန်းငယ် ရှင်ငယ်တို့ လိုက်နာဖွယ် ကျင့်ဝတ်များတွင်လည်း ရေပြင်တွင်ဖြစ်စေ မြက်ခင်းပြင်ပေါ်တွင်ဖြစ်စေ တံတွေးထွေးခြင်း အညစ်အကြေးစွန့်ခြင်းတို့ကို တားမြစ်တော်မူခဲ့သည်။ ကိုယ်တော်တိုင်လည်း တောရိပ်တောင်ရိပ်၌မွေ့လျော်သလို ရဟန်းတို့ကိုလည်း သစ် တစ်ပင်ရင်း၊ ဝါးတစ်ပင်ရင်း၌နေခြင်း၊ တောရပ်မှီခြင်းတို့ကို ချီးကျူးတော်မူခဲ့သည်။ ဤကဲ့သို့သော ဘုရားရှင်၏ တပည့်သားများသည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း တန်ဖိုးထားခြင်းတို့နှင့် မစိမ်းသည်မှာ ထင်ရှားလှပါသည်။

သို့သော် ကိုယ်တိုင်က တသဝေမတိမ်း လိုက်နာကြသည့်အတိုင်း သူတစ်ပါးကို ဟောပြောဆုံးမရာ၌ လပ်ဟာတော်မူကြလေသလားဟု မဝံ့မရဲ ထင်လိုက်မိသည်။ ရံခါမူ ဆုံးမသည့်တိုင် “ဗူးလုံး နားမထွင်း” သူတို့ကို တွေ့ရသည်။ ဆရာသမား၏ ကျောင်းတိုက်ကြီးကို အမွေခံသော မိ မိ၏တပည့်တစ်ပါးဆိုလျှင် တောစိုးသစ်ကြီးပင်များကို ထင်းအဖြစ်သုံးကာ အုတ်ဖုတ်၍ ကျောင်းအား တံတိုင်းပတ်ခဲ့သည်။ သဘာဝအစစ်ကိုဖြုန်းတီး၍ သဘာဝအတုနှင့် လဲလှယ်ခြင်းပါတကားဟု စိတ်မကောင်းဖြစ်ခဲ့ရသည်။

ထိုင်းနိုင်ငံတွင် သစ်ပင်များမခုတ်လှဲရန် ဥပဒေထုတ်တားမြစ်သော်လည်း လူတချို့က မလိုက်နာကြသောကြောင့် ဘာသာတရားနှင့် သတိပေးဆုံးမ ရန် ရဟန်းသံဃာတော်များက သစ်ပင်များကို သင်္ကန်းစများနှင့်ပတ်ကာ စောင့်ရှောက်ခဲ့ရကြောင်း ဖတ်ခဲ့ရဖူးပေသည်။ အမိမြေတွင်လည်း ယခုကဲ့သို့ တာဝန်မဲ့သူများကြောင့် တောပြုန်း၊ တောင်ပြို၊ ချောင်းကော မြစ်ကန်းစသည့် သဘာဝပျက်ပြုန်းသော ဘေးကြီးနှင့်ကြုံနေချိန်တွင် တနိုင်တပိုင် ဟောကြ ပြောကြ ထိန်းကြသိမ်းကြ လိုက်နာကြလျှင် ကောင်းလေစွ..ဟု အကြိမ်ကြိမ် တမ်းတမိပါသည်။

“သစ်ပင်ခုတ် အချုပ်သုံးလ” “ဥတုရာသီ တောကိုမှီ” စသော ဗြိတိသျှခေတ်က အဆိုအမိန့်လေးတို့သည်လည်း အသက်မဝင်ကြတော့ပြီ။ မစ်ချီဂန်ကန်ဘေးတွင် ကျင်းပနေသည့်ပွဲလေးမှ လွင့်ပျံလာသောတေးသံကို မကြားတချက် ကြားတချက်နှင့် သို့နှယ် တနံတလျား စဉ်းစား နေမိပါသည်။ အကယ်၍များ တစ်စုံတစ်ယောက်က ဒီအချိန်မှာ မင်းအပြောချင်ဆုံးစကားက ဘာလဲဟု မေးလာခဲ့လျှင် “နောင်တော် ညီတော် ဓမ္မကထိက ပုဂ္ဂိုလ် နိုင်ငံကျော်အရှင်မြတ်တို့ဘုရား၊ ဒါနကထာတွေကိုခဏထားကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကထာတို့ကို ဟောကြားပေးကြပါ”ဟု လျှောက်ထားလိုက်လိုခြင်းပင်။

 
Leave a comment

Posted by on August 25, 2011 in Kan Tun Thit, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: