RSS

Thiatsar Ni – Political

26 Aug

နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက်
သစ္စာနီ
သြဂုတ် ၂၆၊ ၂၀၁၁

၁။ ကြွေပန်းအိုးကို ၀က်ဝံလက်ဖြင့်ကိုင်မည်လော
ယနေ့မြန်မာနိုင်ငံ၏ အပြက်ထင် အပေါ်လွင်ဆုံး ရာဇ၀င်ရေးလမ်းကြောင်းသည် အမျိုးသားဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးဖြစ်ကြောင်း မည်သူမှအငြင်းပွားစရာမရှိ။ ပန်းတိုင်နှင့်အကွာအဝေးကိစ္စတွင်မူ၊ ဤအရေးနှင့်ပက်သက်ငြိတွယ်သူအားလုံး အားလုံး၏….

(က) နိုင်ငံရေးသဘောတရား တတ်သိကျေမွန်မှု
(ခ) ရိုးသားသည့်စိတ်စေတနာ အရင်းခံမှန်ကန်မှု
(ဂ) အမြစ်တွယ်နေသော လှေနံဓားထစ်အယူအဆများနှင့် သံသယများကို အပြိုင်အဆိုင်စွန့်ပစ်နိုင်မှု
(ဃ) အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု
(င) နိုင်ငံရေး အမြှော်အမြင်ကြီးမားမှု
(စ) အပြန်အလှန် အရေးထားလေးစားမှု

စသည့်အချက်များပေါ်တွင် အခြေခံတည်ရှိလေသည်။ ရွေးကောက်ပွဲ (သို့) အာဏာလွှဲပြောင်းရေး (ပြည်သူသို့ မူလအာဏာပြန်လည်အပ် နှင်းရေး) ကိစ္စမှာ ပြည်သူတရပ်လုံးအတွက် အင်မတန် တန်ဖိုးကြီးမား အရေးပါလှသည်နှင့်အမျှ၊ အင်မတန်မှလည်း နူးညံ့သိမ်မွေ့လှလေရာ၊ အမြှော်အမြင်ကြီးမားစွာ၊ ဆင်ခြင်တုံတရား ကြီးမားစွာ၊ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိဖြင့်၊ ဂရုတစိုက်ကိုင်တွယ်ကြရမည့် အချိန်အခါပင် ဖြစ်လေသည်။

ယခုအချိန်အခါသည်ကား မြန်မာနိုင်ငံ၏ ရည်ရှည်အမျိုးသားအကျိုးစီးပွားတည်ဆောက်ရေးအတွက် အလားအလာကောင်းသောအခြေ အနေသစ်များပေါ်ထွန်းရန်၊ အခြေခံအုတ်မြစ်များချမှတ်နိုင်ဖို့ ဦးစွာအခွင့်အလမ်း ပွင့်လန်းလာသောကာလပင်ဖြစ်သည်။ ထိုအချိန်၌ နုရွကွဲရှလွယ်သည့် အကဲဆတ်လှသောကြွေပန်းအိုးကို ကြမ်းတမ်းသောဝက်ဝံလက်ဖြင့် ကိုင်တွယ်ဘိသကဲ့သို့မဖြစ်ရန် အရေးကြီးလှပေ သည်။ ထို့ကြောင့် လက်ရှိဦးစားပေး အလေးထားဆောင်ရွက်ရမည့်ကိစ္စမှာ ဖြစ်ပေါ်နေသောမြန်မာ့နိုင်ငံရေးအခြေအနေတင်းမာမှုများ လျှော့ပါးရေးပင်ဖြစ်ကြောင်း သတိချပ်ရန် လိုအပ်လှပေသည်။

တင်းမာမှုလျော့ပါးရေးဆိုသော နာတာရှည်ရောဂါအတွက် ၊ ကုစားနိုင်သည့် ဆေးတစ်လက်သာ ရှိကြောင်း ၊ ဖြတ်သန်းခဲ့ရသည့်နိုင်ငံရေးကာလ နိုင်ငံရေးအတွေ့အကြုံများက ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ ယင်းမှာ “အမျိုးသားညီညွတ်ရေး” ပင်ဖြစ်လေသည် ။ မဆလ တစ်ပါတီစနစ်အောက်မှ ရုန်းထွက်ခဲ့ရာတွင် လူတန်းစားပေါင်းစုံ သွေးစည်းညီညွတ်ရေး (အမျိုးသားညီညွတ်ရေး) သည် အဓိကသမိုင်းဆိုင် ရာ မောင်းနှင်အားတရပ်ဖြစ်ကြောင်း သက်သေသာဓကထင်ရှားစွာရှိခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းရေးပန်းတိုင်သို့ လျှောက်လှမ်းဖို့ရာမှာလည်း ဤတလမ်းသည်သာ အကောင်းဆုံးဖြစ်လေသည်။ ရွေးကောက်ပွဲဆိုသည်မှာ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးပုံသဏ္ဍန်ဖြစ်၍ အနှစ်သာရမှာကား ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းရေးပင် ဖြစ်လေသည်။

၂။ အမျိုးသားပဋိပက္ခကထာ
မည်သည့်နိုင်ငံရေးအခြေအနေ တင်းမာမှုမျိုးမဆို ပဋိပက္ခတရားမှန်သမျှသည် “အကျိုးစီးပွားချင်းဆန့်ကျင်မှု”ဟူသောအချက်ပေါ်တွင်သာ အခြေခံလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။ လောကတွင်အကျိုးစီးပွားလေးရပ်ရှိရာ ယင်းတို့မှာ…..
(၁) ပုဂ္ဂလအကျိုးစီးပွား
(၂) လူတန်းစား အကျိုးစီးပွား
(၃) အမျိုးသားအကျိုးစီးပွားနှင့်
(၄) လူသားအကျိုးစီးပွားဟူ၍ဖြစ်သည်။ ဤအကျိုးစီးပွားလေးရပ်တွင် တလောကလုံး (တကမ္ဘာလုံး) နှင့်ဆိုင်သော ယနေ့ လက်ငင်း ပြဿနာနှင့်လည်း မသက်ဆိုင်လှသော၊ လူသားအကျိုးစီးပွားကိုဖယ်ရှားလိုက်လျှင် ကျန်အကျိုးစီးပွားသုံးရပ်ကိုတွေ့ရှိနိုင်သည်။ ယင်း တို့အနက် ပစ္စုပ္ပာန်အခြေအနေအရ ရှေ့တန်းတင်ရမည့် တခုတည်းသောအကျိုးစီးပွားမှာ အမျိုးသားအကျိုးစီးပွားသာဖြစ်ကြောင်း မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မျိုးကမှ ငြင်းချက်ထုတ်မရအောင် အခြေအနေအရပ်ရပ်၏သဘောတရားနှင့် လက်တွေ့အထွေထွေက ညွှန်းဆိုနေလေသည်။ အမှန်ဆိုရလျှင် အမျိုးသားအကျိုးစီးပွားကို အောင်မြင်အောင်တည်ဆောက်နိုင်ပါက ကျန် အကျိုးစီးပွားနှစ်ရပ်မှာ ကျွဲကူးရေပါ ပြည့်စုံပြီး ဖြစ်ပေလိမ့်မည်။

အမျိုးသားအကျိုးစီးပွားကို ခွဲခြင်းစိတ်ဖြာလိုက်လျှင်-
(၁) စီးပွားရေး အကျိုးစီးပွား
(၂) နိုင်ငံရေးအကျိုးစီးပွား ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်သည်။
(အမျိုးသားလုံခြုံရေးကိစ္စမှာ ကာကွယ်ရေးကိစ္စဖြစ် ၍အကျိုးစီးပွားကိစ္စမဟုတ်ချေ။ စစ်အေးကာလက အမေရိ­ကန်သည် ဆိုဗီယက်ယူနီယံ၏ ရန်မှကာကွယ်ရန် (လုံခြုံရေး) ကိစ္စကို အမျိုးသားအကျိုးစီးပွားဟု ခံယူကာ၊ အကောင်အထည်ဖော်ခဲ့သဖြင့် စီးပွားရေးအမျိုးသားအကျိုးစီး ပွားကိုတည်ဆောက်ရန် မေ့လျှော့နေခဲ့မိလေရာ၊ ဂျပန်နိုင်ငံ၏ စီးပွားရေးထိုးနှက်မှုဒဏ်ကို အလူးအလဲခံခဲ့ရလေသည်။)

ဤသို့ဆိုလျှင်….
အမျိုးသားနိုင်ငံတော်သစ် ထူထောင်ရေးတည်းဟူသော အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းမှုတွင် တင်းမာမှုတွေပေါ်ပေါက်ရန် သဘောထား မတိုက်ဆိုင်စရာ မည်သည့်အခြေခံမူများက ကန့်သတ်တားဆီးနေသနည်းဟူသောအချက်မှာ၊ စိတ်ဝင်တစားမေးခွန်းထုတ်စရာ ဖြစ်၍လာ လေသည်။ ပကတိရိုးသားပွင့်လင်းသောအမြင်ဖြင့် ၀န်ခံပြောကြားရမည်ဆိုလျှင်၊ လူတန်းစားအကျိုးစီးပွားနှင့် ပုဂ္ဂလိကအကျိုးစီးပွားတို့ အဟတ်မညီမှုပင်ဖြစ်ကြောင်းတွေ့ရှိရလေသည်။

တရားသေဆန်ကာ ကျဉ်းမြောင်းလွန်းရုံမက ညီညွတ်ရန်ညှိနှိုင်းဖို့လည်း မည်သည့်အခါမှ မဖြစ်မြောက်နိုင်သော ပုဂ္ဂလိကအကျိုးစီးပွား (သို့) အတ္တအကျိုးစီးပွားကို ဖယ်ရှားလိုက်လျှင် လူတန်းစားအကျိုးစီးပွားဆိုသည်မှာ ဖြေရှင်းညှိနှိုင်းရန်ခက်ခဲသော အရာမဟုတ် ကြောင်း သဘောပေါက်လာပေမည်။ အဘယ့်ကြောင့်ဆိုသော် လူတန်းစားအကျိုးစီးပွားဆိုသည်မှာ အမျိုးသားအကျိုးစီးပွားနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်ယှက်နွယ်နေသောကြောင့် ဖြစ်လေသည်။ ထိုအခက်အခဲကို ဖြေရှင်းလိုလျှင် အမျိုးသားအကျိုး စီးပွားနှင့် လူတန်းစားအကျိုးစီးပွားဆိုင်ရာ အညမညသဘောတရားကို သဘောပေါက်ရန်လိုသည်။ ထိုနည်းအတူ အရေးကြီးသည်မှာ ပကတိအ ခြေအနေအရ “လူတန်းစားအကျိုးစီးပွား” ထက် “အမျိုးသားအကျိုးစီးပွား” ကို ရှေ့တန်းတင်ရမည်ဆိုသော၊ လက်ရှိနိုင်ငံရေးဝိသေသ လက္ခဏာဖြစ်သည်။ အခြားအကျိုးစီးပွားများကို အမျိုးသားအကျိုးစီးပွား၏ လက်အောက်ခံပြဿနာအဖြစ် သဘောထားနိုင်မည်ဆိုလျှင်၊ အမျိုးသားပဋိပက္ခသည်လည်း မွေးဖွားရင့်မာလာစရာ အကြောင်းမရှိတော့ပါချေ။

၃။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာဖြစ်ပေါ်ရေး
မီဒီယာများကို ပုဏ္ဏားတိုင်လုပ်ကာ စကားစစ်ထိုးပွဲ ကျင်းပနေခြင်းဖြင့်သောလည်းကောင်း၊ နိုင်ငံနှင့်လူမျိုးကို မိမိတို့က ပိုချစ်ပါသည်ဟု တစ်ဖက်သတ် အချစ်ပြိုင်ခြင်းဖြင့်သော်ကလည်းကောင်း၊ အမျိုးသားအကျိုးစီးပွားကို တစ်ကယ်တမ်းပီပြင်အောင် တည်ဆောက်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းအချက်ကို ယနေ့လက်တွေ့ရင်ဆိုင်နေရသော အခြေအနေများအရ ထင်ရှားစွာသဘောပေါက်နိုင်ဖို့လိုလေသည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်သူတစ်ရပ်လုံး၏ အပြင်းပြဆုံးလိုအင်ဆန္ဒကို ဆက်လက်လှစ်လျူရှု၍မနေပဲ၊ အရေးကြီးသော အဆုံးအဖြတ်များကို ပေးရန် ဆုံမှတ်ကာလသို့ ရောက်ရှိနေလေပြီ။ နိုင်ငံနှင့်လူမျိုးကောင်းစားရေး (သို့) အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပါသည်ဟု တကြော် ကြော်အော်နေသူအချင်းချင်း၊ အဘယ်ကြောင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးမူကို မဆုတ်ကိုင်နိုင်ရမည်နည်း။

(၁) ကျွန်ုပ်တို့သည် အမြင်ဟောင်းအစွဲဟောင်းများ၊ သံသယနှင့် အာဃာတများကို တံခွန်ထူမြဲထူကာ တင်းမာမှုများကို အထပ်ထပ်ဆက် လက်ဖန်တီးပြီး ကြီးထွားလာသော အကြပ်အတည်းများကြားထဲတွင် မလူးသာ မလွန့်သာ အခြေအနေကြောင့် ကျွန်ုပ်တို့၏အမျိုးသား နိုင်ငံရေးလှုပ်ရှားမှုကို မိုက်မဲစွာ အနာဂတ်မဲ့ အချုပ်ငြိမ်းခံမည်လော။

(သို့တည်းမဟုတ်)

(၂) တင်းမာမှုလျှော့ပါးရေးလမ်းစဉ်ကို မြန်နိုင်သမျှ မြန်သောနည်းဖြင့်ရှာဖွေကာ နိုင်ငံရေးဘ၀ အသက်တည်မြဲရေးကို အခြေခံ၍ လှုပ် ရှားနိုင်ခွင့်ရသလောက် အတိုင်းအတာအတွင်းလှုပ်ရှားရင်း ရည်မှန်းချက်မပျက် အမျိုးသားရေးပန်းတိုင်သို့ ခရီးဆက်မည်လော။ အဖြေ ရှာရမခက်။ ထိုနည်းလမ်းနှစ်လမ်းအနက် ဒုတိယလမ်းမှာ ကျွန်ုပ်တို့အဖို့ ထူးထူးခြားခြားရွေးစရာမလိုသော လမ်းသာဖြစ်လေသည်။ တင်းမာမှုမှန်သမျှသည် ထိပ်တိုက်ရင်ဆိုင်ရေးတည်းဟူသော အရပ်ဆီသို့သာ ဦးတည်ရွေ့လျားသောသဘောရှိ၏။ ပြဿနာများကို ဖြေရှင်းရာ၌ ယခုအခါ ကမ္ဘာနိုင်ငံရေးနယ်ပယ်၌ပင် တွင်ကျယ်တော့သော ထိုနည်းကို ဘာအတွက် ဆက်လက်ကိုင်စွဲနေမည်နည်း။ လက် တွေ့အကျဆုံးလည်းဖြစ်၊ အလိုအပ်ဆုံးလည်းဖြစ် အခြေအနေကလည်း တောင်းဆိုနေသောလက်ငင်းတာဝန်မှာ “တင်းမာမှုလျှော့ပါးရေး” ဖြစ်သည်ဟု ကျွန်ုပ်တို့ အလေးအနက်ယုံကြည်ပေသည်။ ကျွန်ပ်တို့အားလုံး အလိုချင်ဆုံးဖြစ်သော အမျိုးသားညီညွတ်ရေးဆိုသည်မှာ တင်းမာမှုလျှော့ပါးရေးနှင့် အဓိကဆက်နွယ်နေသည်။

အဘယ့်ကြောင့်ဆိုသော် တင်းမာမှုမလျှော့ပါးပဲနှင့် မည်သည့်အမျိုးသားညီညွတ်ရေးကိုမှ တည်ဆောက်၍မရသောကြောင့် ဖြစ်လေသည်။“

(၃) တင်းမာမှု လျှော့ပါးရေးလမ်းစဉ်
ညီညွတ်ရေး နှင့် ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးကို တွေ့ဆုံဆွေးနွေးမှုဖြင့်သာ စတင်နိုင်ပေမည်။ အဘယ့်ကြောင့်ဆိုသော် တွေ့ဆုံဆွေးနွေးမှုမရှိပဲ အပြန်အလှန်သဘောပေါက်မှုမရှိနိုင်။ အပြန်အလှန်သဘောပေါက်မှုမရှိပဲ တင်းမာမှု မလျှော့ပါးနိုင်။ တင်းမာမှု မလျော့ပါးပဲ ညီညွတ်ရေးကို မတည်ဆောက်နိုင်။ ညီညွတ်ရေးမတည်ဆောက်ပဲ ငြိမ်းချမ်းရေးမဖြစ်ထွန်းနိုင်ဟူသောကြောင့် ဖြစ်လေသည်။

ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးတည်းဟူသော တစ်ခုတည်းသော “အမျိုးသားအကျိုးစီးပွား” ကို မည်သည့်အခြေအနေ အရပ်ရပ်ကြောင့်မှ ခွဲခြမ်းစိတ်ဖြာပစ်ဖို့မသင့်လျော် မမှန်ကန်ပါချေ။ ယင်းမှာ လက်တွေ့အကျဆုံး ပကတိတရားဖြစ်သည်။ ဤပကတိ တရားပျက်ပြားပါက မည်သည့်လူတန်းစား၊ မည်သည့်ပါတီအဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မှ အကျိုးစီးပွားမဖြစ်ထွန်းနိုင်ကြောင်း တညီတ ညွတ်တည်း သဘောပေါက်ထားရန် လိုအပ်လှပေသည်။ ထို့ကြောင့် အားလုံးအကျိုးရှိနိုင်မည့်နည်းလမ်းမှာ အတူတကွ ပူးတွဲ၍ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သံသယမရှိလောက်အောင် ထင်ရှားနေလေသည်။

ယနေ့အခြေအနေအရ အမျိုးသားအကျိုးစီးပွားဆိုသည်မှာ မည်သူမှ ကျောခိုင်းမရသောဘုံအကျိုးစီးပွားဖြစ်လေသည်။ ထို့ကြောင့် အမျိုး သားညီညွတ်ရေးလမ်းစဉ်ကို အလျင်အမြန်ပူးတွဲအကောင်အထည်ဖော်ကြရမည်။ ကျွန်ုပ်တို့ပူးပေါင်းဆောင်ရွက်ရမည့်အရာမှာ ရည်ရွယ် ချက်အားဖြင့်သော်လည်းကောင်း၊ အကျိုးတရားအားဖြင့်သော်လည်းကောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် လေးနက်ကြီးကျယ်သည်ဟု ဆိုနိုင် သော်လည်း အတိုင်းအတာ မျက်နှာစာအားဖြင့်မူ မကျယ်ပြန့်လှကြောင်း အကဲခတ်နိုင်ပေသည်။

(က) လက်ရှိတင်းမာမှုများ အလျင်အမြန်လျှော့ပါးရေးအတွက် အလျင်အမြန်တွေ့ဆုံဆွေးနွေးရန်လိုအပ်သည်။ အချိန်အကန့်အသတ်၊ ရက်အကန့်သတ်မထားပဲ တွေ့ဆုံညှိနှိုင်းရမည်။ ပြည်သူလူထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒကိုဦးထိပ်ထားကာ အပြန်အလှန်လေးစားခြင်း၊ ယုံကြည်စိတ်ချခြင်း၊ သည်းခံစိတ်ရှည်ခြင်း၊ အပြန်အလှန်အလျှော့ပေးခြင်းဖြင့် ဆွေးနွေးရမည်။

(ခ) အမျိုးသားအကျိုးစီးပွားနှင့် လူတန်းစားအကျိုးစီးပွားဆိုင်ရာ အညမညသဘောတရားကို အခြေခံအဖြစ် မျက်ခြေပြတ်မခံဘဲ ကိုင်စွဲကာ ညှိနှိုင်းအဖြေရှာရမည်။ (အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့် သင်ပုန်းချေရေးဥပဒေ ထုတ်ပြန်သင့်သည်။)

(ဂ) မညီသောအချက်ကို ညီအောင်ညှိနှိုင်းရန် အချိန်ယူကြိုးပမ်းခိုက် ညီသောအချက်များကို စတင်အကောင်အထည်ဖော်ကာ လှုပ်ရှား စေရမည်။

(ဃ) ထိုသို့ အကောင်အထည်ဖော်ရာ၌ သံသယအနည်းဆုံးနှင့် လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်သော အနိမ့်ဆုံးလုပ်ငန်းစဉ် (Minimum Programme) မှစတင်အခြေခံရမည်။

(င) ထိုမှ တစ်ဆင့်တက်၍ အမြင့်ဆုံးလုပ်ငန်းစဉ် (Maximum Programme) ကိုတိုးတက်၍ ညင်သာသိမ်မွေ့စွာ ကိုင်တွယ်အကောင် အ ထည်ဖော်ရမည်။

သို့ဖြင့် နိုင်ငံနေပြည်သူတစ်ရပ်လုံး၏လိုအင်ဆန္ဒနှင့် ကိုက်ညီသည့် “မြန်မာနိုင်ငံရေးဘ၀ခြေလှမ်းသစ်” ကို နှစ်ဦးနှစ်ဖက် တက်ညီလက်ညီ လှမ်းကာ သမိုင်းတင်လောက်သော ထွန်းပြောင်သည့်ဂုဏ်မျိုးရရှိရန် အမြော်အမြင်ကြီးကြီးမားမားဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ကြဖို့ သာ ရှိပါတော့သည်။

 
Leave a comment

Posted by on August 26, 2011 in Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: