RSS

Maung Swan Yi – For Tin Moe Poem Book

29 Aug

ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာ
သြဂုတ် ၂၉၊ ၂၀၁၁

မကြာမီ မိုးမခ က အီးဘုတ်အဖြစ် ဖြန့်ချိမယ့် ကဗျာဆရာ တင်မိုးရဲ့ မြန်မာကဗျာဖွဲ့နည်း စာအုပ်အတွက် ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာကို အမြည်းအဖြစ် ဖော်ပြပေးတာပါ။ (မိုးမခ)

သူငယ်ချင်း ကဗျာဆရာ တင်မိုး ပြုစုရေးသားတဲ့ ‘မြန်မာကဗျာဖွဲ့နည်း’ အမည်ရှိစာအုပ်ကလေးကို ၁၉၈၅၊ ဒီဇင်ဘာက ပထမအကြိမ် ပုံနှိပ်ခဲ့ဖူးတယ်။ အုပ်ရေ တသိန်း (၁ဝဝ,ဝဝဝ) တိတိ ရိုက်တယ်။ ဒါပေမယ့် လုံးဝ မဖြန့်ချိလိုက်ရဘဲ ဖျက်ဆီးပစ်ခဲ့ရတယ်။ နှမျောစရာပါပဲ။ ဝမ်းနည်းစရာပါပဲ။

ဖြစ်ပုံက ဒီလိုပါ။ ဒီစာအုပ်ကလေးကို အခြေခံပညာအထက်တန်း စိတ်ကြိုက် မြန်မာစာ ယူတဲ့ ကျောင်းသားများ အသုံးပြုဖို့ ရေးသားပြုစုခဲ့တာပါ။ ကျောင်းသုံးစာအုပ်ဖြစ်ပေမယ့် ကျောင်းမှာ မသုံးလိုက်ရဘူး။ ကျောင်းပြင်ပမှာလည်း မသုံးလိုက်ရတော့ပါဘူး။ ဖျက်ဆီးပစ်ခဲ့တာကိုး။
ပညာရေးဆိုတာ လွယ်တာမှ မဟုတ်တာ။ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို ခေတ်နဲ့အညီ စနစ်တကျ ရေးဆွဲချမှတ် လုပ်ရတာမျိုးပါ။ ခုချက်ချင်း ထလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး ပြောင်းလို့ ရစကောင်းတာမှ မဟုတ်ဘဲကလား။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါ် တပါတီအာဏာရှင်စနစ်ကို မိုးတလုံး လေတလုံး ကြေညာထူထောင်ပြီး ဗိုလ်နေဝင်း အုပ်ချုပ်ခဲ့တာ နှစ်အစိတ်လောက် ကြာခဲ့ပါတယ်။

သူတို့ အာဏာယူစကာလမှာပဲ မဆလ လမ်းစဉ်နဲ့အညီ ‘ပညာရေး စနစ်သစ်’ ဆိုပြီး ချမှတ် ဖော်ဆောင် စေခဲ့တယ်။ ပညာရေးကို နားမလည်ပေမယ့် အရင်ကနဲ့မတူရင်ပြီးရော ဆိုပြီး အသစ်တခုကို ထလုပ်လိုက်တာပါပဲ။ သိပ်မကြာလိုက်ဘူး။ ‘ပညာရေးစနစ်သစ်ရဲ့ အစီအစဉ်သစ်’ ဆိုပြီး ထပ်လုပ်ပြန်တယ်။ မူတွေဘာတွေ ဟန်ဆောင်ပန်ဆောင် ချမှတ်ခဲ့ပါတယ်။ ၁ဝ တန်းနဲ့ မဖြစ်ဘူး။ ပညာရေးအဆင့်အတန်းကို မြှင့်တဲ့အနေနဲ့ ၁၁ တန်းပဲ လုပ်တော့မလိုလို၊ ၁၂ တန်းပဲ ရှေ့တိုး နောက်ငင် လုပ်လိုက်ပြန်ပါသေးတယ်။ ပညာရေးဝန်ကြီးဆိုပြီး ခန့်ချလိုက်တာကလည်း ဗိုလ်မှူးကြီးတယောက်ပါပဲ။ ဦးကျော်ငြိမ်း တဲ့။ (မကျော်ခင် ငြိမ်းသွားခဲ့ရှာပါတယ်။)

အခြေခံပညာ ဦးစီးဌာနအောက်မှာ သင်ရိုးနဲ့ ကျောင်းသုံးစာအုပ်ကော်မီတီဆိုတာ ရှိတယ်။ အဲဒီ ကော်မီတီမှာ ဘာသာရပ်တခုစီအတွက် သင်ရိုးအဖွဲ့တွေ ဖွဲ့ကြရပြန်တော့ သမိုင်းသင်ရိုးအဖွဲ့၊ မြန်မာစာ သင်ရိုးအဖွဲ့ စသဖြင့် အဖွဲ့လေးတွေ ပါဝင်လာပါတယ်။ ကျနော်က အစတော့ သမိုင်းသင်ရိုးအဖွဲ့မှာ ဒေါက်တာ သန်းထွန်းရဲ့တပည့်တဦးအနေနဲ့ ပါလာခဲ့တယ်။ နောက်မှ မြန်မာစာသင်ရိုးအဖွဲ့ဝင် ဖြစ်လာတယ်။ နောက်တော့ မြန်မာစာသင်ရိုးအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်လာခဲ့တယ်။ အဖွဲ့ဥက္ကဋ္ဌတွေ ကတော့ ကျနော်တို့ မန္တလေး တက္ကသိုလ်မှာတုန်းက ဆရာတွေဖြစ်ခဲ့ကြတဲ့ ဦးဘိုသင်းတို့၊ ဒေါ်စီစီဝင်းတို့ ပါပဲ။ ဆရာတပည့်ရင်းတွေဖြစ်လို့ အချင်းချင်း ယုံကြည်အားထားမှုနဲ့ ဝင်လုပ်ကြရမှာ တင်မိုးနဲ့ မောင်စွမ်းရည်တို့လည်း ပါလာခဲ့ပါတယ်။ ကျောင်းသုံး စာအုပ်ဆိုတာတွေကို အရင်က ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ လုပ်ခဲ့ကြတာ မဟုတ်လား။

ကျနော်တို့က ဆရာတို့အလုပ်ကို မွေခံတဲ့ သဘောပါလားဆိုပြီး ‘ပီတီစားရင်း’ ဝင်လုပ်ခဲ့ရာမှာ ကျနော်ကတော့ မန္တလေးကနေ ရန်ကုန်ရောက်သွားရင် ပြီးရောဆိုတဲ့ သဘောထားလည်း ပါပေသပေါ့။ တင်မိုးကလည်း ကျနော့်အတွက် အကြံအဖန် လုပ်ရှာပါတယ်။ “ရောက်ရောက်ခြင်း နေစရာ၊ စားစရာ မပူနဲ့၊ ငါနဲ့လာနေလှည့်” တဲ့။ ဒီလိုနဲ့ သူငယ်ချင်းနဲ့ ဆုံရတာ အမြတ်ပဲဆိုပီး ပါလာခြင်းပါပဲ။
ကျနော်က အလွတ်ပညာသင်ကျောင်းဆရာဘဝက ကျောင်းတွေ ပြည်သူပိုင်သိမ်းလို့ အစိုးရ ကျောင်းဆရာဘဝကို မရည်ရွယ်ဘဲ ယောင်တောင်ပေါင်တောင်နဲ့ ရောက်လာရတာပါ။ ကျောင်းဆရာ ဆိုတော့ စစ်မတိုက်တတ်ဘူး။ တိုက်ရင် ရှုံးမှာသေချာတယ်။ စစ်ဗိုလ်တွေက ပညာရေးလောကထဲဝင်ပြီး ချယ်လှယ်ရင်လည်း ပညာရေးလည်းပျက်၊ တိုင်းပြည်လည်းပျက်မှာပါပဲ။ ကိုယ့်နယ်ပယ်နဲ့ ကိုယ်ကိုး။ ခုတော့ စစ်ဗိုလ်က ပညာရေးကို အထက်စီးကဝင်ပြီး စီမံခန့်ခွဲတယ်လေ။ ကျနော်တို့ ပညာရေး လောကမှာက ပညာရေးကို နားမလည်ရင် (သင်တန်း မရှိရင်) ကျောင်းဆရာတောင် ဝင်မလုပ်ရဘူး။ သူက မူလတန်းဆရာဖြစ် လက်မှတ်တောင် ရှိတာမဟုတ်ဘူး။ ပညာရေးနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ် အဆုံးအဖြတ်ကိုလည်း လေးလေးစားစား လက်မခံဘူး။ ပညာရေး အရာရှိတဦးက အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတာကို ငြင်းဆိုရုံမက “ခင်ဗျားကို ရခိုင် ပို့ပစ်လိုက်မယ်၊ ဆက်မပြောနဲ့” လို့ ပိတ်ပင်ခဲ့တယ်။ စက်မှုနဲ့စိုက်ပျိုးရေးဆိုင်ရာ ပညာညွှန်ကြားရေးမှူးတယောက်ကတော့ “ကျုပ်ကို ခင်ဗျား ဖြုတ်ချင်တိုင်း ဖြုတ်လို့မရဘူး၊ ကျုပ်ကို ကက်ဘိနက်က ခန့်တာ။ ဒါပေမယ့် ကျုပ်က ခင်ဗျားနဲ့ အလုပ်မလုပ်ချင်လို့ ခုပဲ အလုပ်က ထွက်တယ်” ဆိုပြီး ကိုယ့်ရှေ့က ဖိုင်တွဲကို ပိတ်၊ ဖောင်တိန်ကို ကောက်ချိတ်ပြီး အစည်းအဝေးက ကျောခိုင်းထွက်ခွာသွားခဲ့ပါတယ်။

အဲဒီတုန်းက ဗိုလ်ချုပ်နေဝင်းရဲ့ သမီးတဦးက နိုင်ငံခြားပညာသင်သွားခွင့် စာမေးပွဲဖြေဆိုရာမှာ အင်္ဂလိပ်စာ မဖြေဆိုနိုင်လို့ ကျတယ်။ မသွားရဘူး။ ဒါကြောင့် အင်္ဂလိပ်စာကို လက်ရှိမှာ ပဉ္စမတန်းက စသင်နေရာက မူလတန်းကပဲ စသင်ပါဆိုပြီး ဝန်ကြီးသစ်က ညွှန်ကြားတယ်။

ဗိုလ်ချုပ်နေဝင်းကလည်း မြန်မာစာ ကျောင်းသုံးစာအုပ် ပြဋ္ဌာန်းရင် စာအုပ်ရေးသူ ကွယ်လွန်ပြီး အနည်းဆုံး နှစ်ပေါင်း ၂ဝ ကြာမှ ပြဋ္ဌာန်းရမယ်လို့ နှုတ်မိန့်နဲ့ ညွှန်ကြားတယ်။ အဲဒါကလည်း အရင်က ကျောင်းသုံးစာအုပ်တွေလုပ်ခဲ့တဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ကို ရည်ရွယ်ပြီးပြောတာပါ။ ပညာရှင်တွေကို ‘ငါ့စကား နွားရ’ စော်ကားနည်း တမျိုးပါပဲ။ (တိုင်ကြားသူလည်း ရှိလို့ပါ။) တကယ်က ဆရာကြီးရဲ့စာကို ကျောင်းမှာ သုံးတာဆိုလို့ ‘ကကြီး ကန်စွန်းပင်၊ ရေမှာ ရွှင်’ စတဲ့ ဗျည်းလင်္ကာလေးတွေကလွဲလို့ ဘာမှမရှိပါဘူး။ အဲဒါလည်း ဘယ်သူမှ မရေးတတ်လို့ ဆရာကြီးက ရေးပေးရတာပါ။ အမျိုးသားကျောင်းမှာ ကျောင်းအုပ်ဝင်လုပ်ပေးရတုန်းက သင်ရိုးမှာ ညွှန်းထားပေမယ့် မရှိသေးလို့ တီထွင်ရေးဖွဲ့ပေးခဲ့ရတာပါ။

ခုတခါ ကျနော်တို့ မြန်မာစာ သင်ရိုးအဖွဲ့မှာ လုပ်ရပြန်တော့ ခေတ်နဲ့ညီတဲ့ မြန်မာကဗျာ ဖွဲ့နည်းရယ်လို့ ကျောင်းသုံးလုပ်စရာ မရှိဘူး။ လူတဦးတယောက်ရေးတာလည်း မကွယ်လွန်သေးရင် ကျောင်းသုံး မပြဋ္ဌာန်းဘူးဆိုတော့ စုပေါင်းပြုစုရတော့မှာပေါ့။ စကားပြေလက်ရွေးစင်တို့၊ ကဗျာ လက်ရွေးစင်တို့ ဆိုတာကတော့ ရှေးကစာတွေထဲမှာရှိတာတွေကို တယောက်တပေါက် ရွေးပေးလို့ ရပါတယ်။ ဒီလိုပဲ လုပ်ခဲ့ကြပါတယ်။ မျက်မှောက်ခေတ် စာပေတွေမပါတော့ အခြေခံပညာရေးမှာ ‘ခေတ်စာ၊ ခေတ်စကား၊ ခေတ်အတွေး၊ ခေတ်အရေးအသား’ အခြေခံရဖို့အတွက် အခက်တွေ့လိမ့်မယ် ဆိုတာကိုတော့ စစ်ဗိုလ်တွေ နားမလည်ဘူးပေါ့။ ကဗျာဖွဲ့နည်းဆိုတာကျတော့ လူတိုင်းလုပ်လို့လည်း မရဘူး။ ဒီတော့ အမျိုးသားစာပေဆု (စာပေဗိမာန်ဆု)ရသူ ဝါရင့်ကဗျာဆရာလည်းဖြစ်၊ မြန်မာစာပေပညာရှင်လည်းဖြစ်တဲ့ ကဗျာဆရာကြီး ဦးတင်မိုးလက်ကိုပဲ ဒီတာဝန်ကို သင်ရိုးအဖွဲ့က လွှဲအပ်လိုက်ရပါတော့တယ်။ တင်မိုးက နာမည်မခံဘဲ အဖွဲ့ကိုယ်စား ပြုစုပေးရမှာပါ။ ဒါက ဗိုလ်ချုပ် နေဝင်းရဲ့ နှုတ်မိန့်ဥပဒေကြောင့်ပါ။ (စာအုပ်တအုပ် ကျောင်းသုံးဖြစ်ဖို့အတွက် စာရေးဆရာတယောက်က နှစ်ပေါင်း ၂ဝ စောပြီး သေဆုံးပေးရမလို ဖြစ်နေတာကိုး။)

ဒီတာဝန်ကို တင်မိုးက စေတနာအပြည့်အဝနဲ့ လက်ခံပေးလိုက်ပါတယ်။ ပညာရှင်တွေထဲက ဘယ်သူ ထရေးရေး သူရေးတာလောက် ကောင်းမှာမဟုတ်ဘူးလို့ အားလုံးကလည်း လက်ခံ ယုံကြည်ထားကြတယ်ဆိုတာ သေချာပါတယ်။ တင်မိုးက ဒီစာအုပ်ကလေးကို ပြုစုလိုက်တာ တပတ်တောင်မကြာဘူး ထင်ပါတယ်။ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှ ဆရာကြီး မင်းသုဝဏ်ရဲ့လက်အောက်မှာ ‘စာပြု’ အဖြစ် အလုပ်တဖက်နဲ့ ရေးပေးရတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကလေးကို အခြေခံပညာ ကျောင်းသုံးစာအုပ်ကော်မီတီ ဝိဇ္ဇာဌာနခွဲမှူး ဦးဘကောင်း (ကျောင်းသား ခေါင်းဆောင်းဟောင်း) နဲ့ မောင်စွမ်းရည်တို့က တည်းဖြတ်ပြီး မြန်မာစာ သင်ရိုးအဖွဲ့ကိုတင်တော့ နောက်ဆုံးအခန်းကို အဖွဲ့က ဖြုတ်ပစ်လိုက်ပါတယ်။ အားနာနာနဲ့ပါပဲ။

ဖြုတ်ပစ်လိုက်ရတဲ့အခန်းက ကလေးကဗျာစပ်နည်း အခန်းပါ။ ကျောင်းဆရာ ကျောင်းသားများ အတွက် အလွန်အရေးကြီးတာမှန်ပေမယ့် မလွှဲသာလို့ ဖြုတ်ရတာပါ။ ‘ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်’၊ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွက်မယ်’ စတဲ့ ကလေးကဗျာလေးတွေကို စပ်တဲ့ စပ်နည်းပုံစံပါ။ (ဂျပန်က စာပေသမား ဗမာလူငယ်များပြုလုပ်တဲ့ ‘မင်းသုဝဏ် ရာပြည့်စာတမ်းဖတ်ပွဲ’ အတွက် ကျနော် စာတမ်းရေးသား တင်သွင်းဖူးပါတယ်။) ဒါလေးတွေကို ရေးတဲ့ ကဗျာဆရာမင်းသုဝဏ် အဲဒီတုန်းက မကွယ်လွန်သေးလို့ ဗိုလ်နေဝင်းချမှတ်တဲ့ (နှစ် ၂ဝ) မူနဲ့ မကိုက်ညီတဲ့အတွက် ဖြုတ်ထားခဲ့ရတာပါ။ ကျနော်တို့လည်း နှမျောတာပေါ့။ ကျမ်းပြုသူ တင်မိုးကတော့ စိတ်မချမ်းသာဖြစ်ပြီး သူ့စာအုပ်နဲ့ပတ်သက်တဲ့ ဆွေးနွေးခန်းမှာ အစည်းအဝေး မတက်တော့ဘဲ ကိုဇာဂနာတို့ အနုပညာအသင်းတည်ရှိရာ ကျောင်းသား အပန်းဖြေရိပ်သာကိုသွားပြီး တေးဂီတနဲ့ အပန်းဖြေနေလိုက်ပါတော့တယ်။

ဇာတ်စုံခင်းရရင်တော့ အဲဒီတုန်းက ဆရာကြီး မင်းသုဝဏ်ခမျာ ကံနိမ့်နေရှာတဲ့ကာလပေါ့။ ဆရာကြီးကို “မကျက်တကျက် ပေါင်မုန့်” တဲ့။ “ခရစ်ယာန်ကြီး ဖေမောင်တင်ရဲ့တပည့်” တဲ့။ အမျိုးမျိုးပြောပြီး ပညာရေးလောကထဲက ဖယ်ထုတ်ပစ်လိုက်တာ မကြာသေးပါဘူး။ (စပ်မိလို့ ကြားညှပ် ပြောရရင် ဗိုလ်နေဝင်းဟာ ဆရာကြီး ဦးဖေမောင်တင် ကျောင်းအုပ်ဘဝမှာပဲ တက္ကသိုလ်က ကျောင်းထုတ်ခံခဲ့ရဖူးတာကို အငြိုးရှိပါတယ်။) ကလေးကဗျာအကြောင်းပြောရရင် ‘မင်းသုဝဏ်’ ဆိုတဲ့ နာမည်ကလည်း မပါမဖြစ်ဘူး မဟုတ်လား။ ဒါ့အပြင် ဗိုလ်နေဝင်းပြောတဲ့ “ကွယ်လွန်ပြီး နှစ်ပေါင်း ၂ဝ အနည်းဆုံးကြာတဲ့စာကိုမှ ကျောင်းသုံးပြဋ္ဌာန်းရမယ်” ဆိုတဲ့မူနဲ့လည်း သွားငြိနေပြန်ပါသေးတယ်။ နောက်ပိုင်းကျတော့ ၁၁ တန်း၊ ၁၂ တန်းဆိုတာလည်း မလုပ်ဖြစ်တော့လို့ စာအုပ်တအုပ်လုံး အုပ်ရေ တသိန်းရိုက်ပြီးမှ မသုံးလိုက်ရတော့ဘဲ ဖျက်ဆီးပစ်လိုက်ရပြန်ပါတယ်။

တင်မိုးကတော့ နာမည်လည်း မခံရတဲ့အပြင် အဖြတ် အဖြုတ်လည်း ခံရ၊ နောက်ဆုံး ဖျက်ဆီးတာလည်း ခံလိုက်ရတဲ့ စာအုပ်လေး အကြောင်းကို လုံးဝမပြောတော့ဘဲ မေ့ပစ်လိုက်ပါတော့တယ်။ ကျနော်က မမေ့နိုင်ဘဲ ငါ့သူငယ်ချင်းရဲ့ လက်ရာလေးဆိုပြီး ကွယ်ဝှက်ထားရာက ပြည်ပကိုပါ ယူလာခဲ့ပြန်ပါတယ်။ မိုးမခ မောင်ရစ်တို့နဲ့ စကားစပ်မိတော့ တင်မိုးဆိုတာ မိုးမခ နာယကလည်းဖြစ်၊ သူတို့ချစ်တဲ့ ဆရာလည်းဖြစ်တော့ ဒီစာအုပ်ကလေးကို ရေးသူအမည်ပြန်တပ်ပြီး ပြန်ထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီစာအုပ်ကလေးကို ပုံနှိပ်ရာဇဝင်ပါတဲ့ အတွင်းမျက်နှာဖုံးပါ စာသားကလွဲပြီး အမှာတွေ၊ လေ့ကျင့်ခန်းတွေရော စာလုံးပေါင်းသတ်ပုံတွေပါ မူရင်းအတိုင်းထားပြီး ပြန်လည် ပုံနှိပ်ထုတ်ဝေပါတယ်။ ဖြုတ်ခံရတဲ့ ကလေးကဗျာစပ်နည်း အခန်းကိုတောင် ပြန်ထည့်ချင်စိတ် ပေါ်ပါတယ်။ မြန်မာစာ သင်ရိုးအဖွဲ့ ရုံးခန်းမှာ ပြန်ရှာရင် ရကောင်းစရာရှိပေမယ့် ပြန်မရှာနိုင်တော့ပါဘူး။ ကျောင်းသုံးစာအုပ်ကော်မတီက ပယ်ဖျက်ထားတဲ့စာအုပ်ဖြစ်လို့ မူပိုင်ခွင့်နဲ့လည်း မဆိုင်တော့ပါဘူး။ ဒါ့ကြောင့် တင်မိုးရဲ့ သားသမီးတွေက လွဲပြီး ဘယ်သူ့ဆီမှခွင့်မတောင်းတော့ဘဲ ဒီစာအုပ်ကလေးကို ကျနော်တို့ အမှတ်တရ ပြန်လည်ပုံနှိပ် ထုတ်ဝေလိုက်ရပါတယ်။ ဖြုတ်ခဲ့တဲ့အခန်းကို ပြန်မဖြည့်နိုင်တာ စိတ်မကောင်းဖြစ်မိတာကလွဲပြီး ပီတိ ဖြစ်မိပါတယ်။ သူ့ရဲ့ဆရာရင်းတွေ ဖြစ်ကြတဲ့ မြန်မာစာပါမောက္ခ ဦးဘိုသင်း၊ ဒေါ်စီစီဝင်းတို့ရဲ့ မြန်မာစာသင်ရိုးအဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက်အားလုံးကလည်း ဝမ်းသာကြမှာပါ။

ဘာပဲဖြစ်ဖြစ် ခုတော့ သူ့လက်ရာကလေး ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ဖြန့်ချိလိုက်နိုင်ပါပြီ။ သူငယ်ချင်း ရောက်ရာဘုံဘဝက ပီတိဖြစ်ရပါစေသော။

တင်မိုးရဲ့ သူငယ်ချင်း
မောင်စွမ်းရည်
၂ဝ၁၁ မတ် ၁၇၊ နယူးယောက်။
 
Leave a comment

Posted by on August 29, 2011 in Maung Swan Yi

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: