RSS

Translated by May Ka on “Twilight over Burma by Inge Sargent ” # 12

31 Aug

 https://moemaka.files.wordpress.com/2011/08/sawpor1.jpg?w=225

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၁၂

မေခ

သြဂုတ် ၃၁၊ ၂၀၁၁

မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု

(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)

အခန်း၇ အပိုင်း၂

စက်တင်ဘာနေ့ရက်များ ကုန်လွန်သောအခါ အရှေ့စံအိမ်တော်တခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြတော့သည်။ ဗေဒင်ဆရာ  ဆရာဘဟန်က ၁၁လပိုင်းလဆန်း ၁၁ရက်နေ့သည် မင်္ဂလာပွဲပြုလုပ်ဖို့အသင့်တော်ဆုံးနေ့ဟု သတ်မှတ်ပေးသည်။ စ၀်က သူမ၏မွေးနေ့နှင့် နက္ခတ်တာရာများကိုအသေအချာ တွက်ချက်ပြီး မင်္ဂလာနေ့ရက်ကို ဆုံးဖြတ်ခိုင်းလေသည်။

အသေးစိတ်ပြင်ဆင်ချိန်မှာ၂လမျှသာကျန်ရှိတော့လေသည်။ အခမ်းအနားအတွက် အပြင်လူများ ၀င်ရောက်လာလျှင် ကြိုတင် အကြောင်းကြားထားဖို့ လိုအပ်ကြောင်းဆုံးဖြတ်ထားခဲ့သည်။ သူ၏ ပွဲဖြစ်မြောက်ရေးဝန်ကြီးများကို သူက ယုံကြည်စိတ်ချစွာ အပ်နှံထားလေသည်။

မန္တလေးမှလာကြသော ရတနာကုန်သည် ၊ ပိုးရက်ကန်းသည်၊ အပ်ချုပ်သမ၊ ဒီဇိုင်းဆရာ တို့သည် သုစန္ဒာ ကိုပြင်ဆင်ပေးဖို့ အရှေ့စံအိမ်တော်ကို ရောက်ရှိလာကြတော့သည်။ ဧည့်ခန်းသည် ကာလာရောင်စုံဖြင့် အ၀တ်အစားပြပွဲလိုဖြစ်နေတော့သည်။ မြန်မာလက်မှုပညာသည်များသည် သူတို့၏ တောက်တောက်ပြောင်ပြောင်ပိုးထည်နမူနာများ နှင့် လက်ဖြင့်ထိုးထားသော ပြင်သစ်ဝိုင် ဘာဂန်ဒီရောင်ကောဇောများကိုပြကြသည်။

အရပ်ရှည်ရှည် ကုလားရတနာကုန်သည်က ကတ္တီပါလင်ပန်းပေါ်တင်ထားသည့် လင်းလက်တောက်ပနေသော စိန်များ ပတ္တမြားများ ကို အလင်းရောင်ကောင်းကောင်းရသောနေရာတွင် ပြသနေကြသည်။ သုစန္ဒာယောင်းမ ချယ်ရီက သိမ်မွေ့လှပ ယဉ်ကျေးမည့် အမျိုးမျိုးသော ရတနာ ပိုးထည် ကတ္တီပါစ တို့ကို ကူရွေးချယ်ပေးသည်။ မန္တလေးပိုးချိတ်များသည် တိုင်းယိုင်ပိုးချိတ်ထက်ပိုမိုလေးလံပြီး ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် တရက်လျှင် နှစ်လက်မ မျှသာ ရက်လုပ်နိုင်လေသည်။

သုစန္ဒာသည် အကွက်စိတ်ဒီဇိုင်းပုံစံ ကို ပန်းရောင်ရင့်ရင့် နှင့် အဖြူနောက်ခံပေါ်တွင်အ၀ါရောင်တောက်တောက်ဖြစ်သော ဂန္တ၀င် ထီးဟန် နန်းဟန် အ၀တ်မျိုးကို ရွေးလိုက်သည်။ မန္တလေးမှ အပ်ချုပ်သမများရောက်လာသောအခါ သူမကို အင်္ကျီံကိုယ်တိုင်းကြသည်။ချုပ်မည့်ပုံမှာ ပိုက်ဆံအလွန်ဖြုန်းတီးကာ ရာစုနှစ်ပေါင်းများစွာက ၀တ်ခဲ့ကြသော ပုံမျိုးကိုချုပ်ကြလေသည်။ ထိုထိုင်မသိမ်းအင်္ကျီံက ရိုးသော်လည်း လှလေ၏။ကိုယ်ကြပ်အင်္ကျီံ ၊ ရှည်လျားသောအနား ခြေခတ်တွင် လက်ဖြင့်ရက်ဖောက်ထားသောပိုးထမီကို ရွေးလိုက်သည်။ သူမကစမ်းဝတ်ကြည့်လိုက်သောအခါ ထိတ်လန့်သွားရသည် ‘ မွိုင်း လုပ်ပါဦး ကျမ လမ်းလျှောက်လို့မရတော့ဖူး တုန့်နေပြီ  ထမီ ၀တ်ကျင့်ရဦးမယ်ထင်တယ်။’

‘ ဟုတ်ပါ့မယ်မယ် ရယ်။ နည်းနည်းလောက် ကျင့်လိုက်ရင် အသားကျသွားမှာပါ ‘သူမ၏ အထိန်းတော်ကြီးက ကြည်လင်ရွှင်ပျစွာဖြင့်ပြောရင်းက တုန့်နေသော ထမီဖြင့် လမ်းလျှောက်ပုံကို သင်ပြလေသည်။

‘ တိုင်းယိုင်ခွန်မိန်းရဲ့ မဟာဒေ၀ီတွေအားလုံးနဲ့ မြန်မာဘုရင်ရဲ့မိဖုရားတွေအားလုံး ဒီလို နန်းစဉ်ထမီမျိုးပဲ ၀တ်ကြတာ ‘ မွိုင်းက ထပ်ဖြည့်ပြောလေသည်။

‘ ထိုင်ရတာကလွဲလို့ ဒီလို အ၀တ်အစားနဲ့ ဘယ်လိုများ နေထိုင်ကြမလဲ ကျမတော့ တွေးကြည့်လို့ကို မရပါဖူး ‘  သုစန္ဒာပြောရင်းက ထိုင်ခုံပေါ်တွင် ကျက်သရေရှိစွာ ထိုင်ချလိုက်သည်။ ထိုအချိန်တွင် ထမီအသားခြင်း ညိသံထွက်ပေါ်လာသည်ကို သူမကြားလိုက်ရသည်။ သည်ထမီဖြင့် နည်းနည်းပါးပါးလျှောက်တာကလွဲလို့ ၀တ်ရအတော် ဒုက္ခရောက်မှာပဲဆိုတာ သိလိုက်လေသည်။ သို့သော် မွိုင်းက အပ်ချုပ်သမကိုခေါ်ပြီး ထမီဝတ်လေ့မရှိသော အနောက်တိုင်းသူ တယောက်အတွက်တိုင်းယိုင်ရိုးရာထမီကို တိုင်းယိုင်အကြည့်တွင်ကြောင်လျှောက်သလိုလျှောက်နိုင်ပြီး  အဆင်ပြေပြေ၀တ်နိုင်ရန်  အနည်းငယ်ပြင်ဆင် ပေးဖို့ သူကပဲ ဦးစီးစီမံပြောဆိုခိုင်းလိုက်လေသည်။

ပွဲတော်ကျင်းပရေးဆိုင်ရာဝန်ကြီးခွန်ထွန်း သည် နေ့စဉ်သူ့တာဝန်အနေဖြင့် အရှေ့စံအိမ်တော်ကို ရောက်ရှိလာသည်။ သုစန္ဒာက စုံစမ်းသည်။’ ဖိတ်စာဘယ်လောက်ပို့ထားပြီးပြီလဲ ‘

‘ ငါးရာ ပါ မဟာဒေ၀ီ ‘ သုစန္ဒာထံမှ နောက်ထပ် တိုးပို့လို့ပြောလေမလားဟု သူ့မျက်နှာမှာ စိုးရွံ့နေဟန်ပြရင်းကဖြေလေသည်။

‘ ရှင်ထပ်ပြီး ဖိတ်စာတွေပို့ရလိမ့်ဦးမယ် ‘ ဆုံးဖြတ်ထားပြီးဟန်ဖြင့် သူမကပြောလိုက်သည်။

‘ ကျမကြားတာကတော့  သိပ်အရေးကြီးတဲ့ ပုဂ္ဂိုလ်တဒါဇင်လောက် အခုထိ ဖိတ်စာမရကြသေးဖူးတဲ့ ‘

‘ တောင်းပန်ပါတယ် မဟာဒေ၀ီ ၊ ဖိတ်ဖို့ကျန်တဲ့လူစာရင်းကျွန်တော့်ကိုပေးပါ ‘ ခွန်ထွန်း တောင်းပန်လေသည်။

‘ကျမဘယ်သွားသွား ထောင်ပေါင်းများစွာရှိတဲ့ ဖိတ်စာတောင်းတဲ့လူတွေ အတင်းလိုက်နေတာပဲ။ကျမတို့က အရှေ့စံအိမ်တော်မှာ အထူးဧည့်သည်တော် ငါးရာစာပဲ တက်ရောက်ဖို့ ပြင်ထားတာမဟုတ်လား ။  ဒါပေမဲ့ ကျန်တဲ့လူတွေအတွက်က တပတ်လုံး ပွဲလုပ်ပေးပြီး ပုံစံမျိုးစုံနဲ့ တက်နိုင်တာပဲ ‘

‘ မယ်ဘုရားမှန်တယ်လို့ ကျွန်တော်ထင်ပါတယ် ‘

သုစန္ဒာက စိတ်ပျက်စွာဖြင့်ပြောလိုက်သည်။’ ရှင့်အတွက် ဖိတ်ရမဲ့နံမယ် တွေကောင်းကောင်း ထားခဲ့ပါ့မယ် ‘

နမ့်ပန်းက လူတွေသည် ဈေးမှာ လက်ဖက်ရည်ဆိုင်မှာ ဘုန်းကြီးကျောင်းတွေမှာ အိမ်တွေမှာ မင်္ဂလာပွဲအကြောင်းပဲ ဆွေးနွေးနေကြလေသည်။ သူတို့က အလွန်အရေးကြီးသော မေးခွန်းများအတွက် အကြံပေးကြသည်။ ဘယ်သူတွေကို ဖိတ်မှာလဲ ၊၀ိညာဉ်တွေက သဘောကျတဲ့ လက္ခဏာပြမပြ၊ နှင့် သူတို့ မဟာဒေ၀ီ ဘာဝတ်မှာလဲ ။

လူအများစုသည် သူတို့ကောင်းကင်၏အရှင် ခွန်မိန်းအတွက် ပျော်ကြပြီး ၀မ်းသာကြသည်။ ထိုအကြောင်းပြချက်များကြောင့် သူတို့အတွက် ပွဲလုပ်ပေးရခြင်း ဖြစ်လေသည်။ နောက်ဆုံး၌ကြည်လင်သော  နိုဝင်ဘာ နံနက်ခင်း တွင် အရှေ့နမ့်ပန်းရှိ လူတွေသည် ပွဲစဖို့ အဆင်သင့် ဖြစ်နေလေပြီ။ ပထမထပ်အတွင်းရှိ အိမ်ထောင်ပရိဘောဂများအားလုံးဖယ်ထုတ်လိုက်ပြီး ကျွန်းပါကေးကြမ်းခင်းပေါ် ထူထဲသည့် ကောဇောများကို ခန်းလုံးပြည့်ခင်းထားလိုက်သည်။ ဆယ်စုနှစ်ကျော်ကျော် သိမ်းဆည်းထားခဲ့သော ရွှေပလ္လင်ကို ဧည့်ခန်းကျယ်ကြီး ထဲရှိ စင်လေးပေါ်ပြန်တင်ထားလိုက်သည်။ ပလ္လင်ပေါ်တွင် ရွှေချည်ထိုးထားသော နီရဲရဲ ကတ္တီပါအခင်းကိုလွှမ်းထားရာ နူးညံ့သိမ်မွေ့ပြီး ဖိတ်ခေါ်နေသလိုရှိလေသည်။ စ၀်က ပလ္လင်ကိုကြည့်လိုက်ပြီး ပလ္လင်ထောင့်လေးထောင့်တွင် တပ်ထားသော ကြီးမားသောထီးဖြူလေးလက်ကိုအစောင့်များ အားဖြုတ်ခိုင်းလိုက်သည်။

ထီးဖြူလေးလက်သည် သူ့အဖိုးစ၀်ခွန်စိန် တည်ဆောက်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားခဲ့ပြီဖြစ်သည့် စံအိမ်တော်ဟောင်းအတွက်သာသင့်တော်ပြီး အခု ခေတ်သစ်စံအိမ်တော်အတွက် မဟုတ် ဟု ဆိုလေသည်။

သို့သော်ငြားလည်း အခမ်းအနားကို နေ့လယ်တနာရီတွင် စတင်ခဲ့လေသည်။ ဧည့်သည်များသည် နံနက်စောစောကပင်တဖွဲဖွဲရောက်လာခဲ့ကြသည်။ စံအိမ်တော်မှ တေးဂီတများဖြင့်ဖျော်ဖြေနေသည်။  ဧည့်ခံဖို့ လူများအသင့်ရှိနေကြသည်။ စားစရာ သောက်စရာများလည်း အသင့်ဖြစ်နေလေသည်။ သုစန္ဒာသည် မနက်ဆယ်နာရီကစလို့အ၀တ်အစားများ ပြင်ဆင်လေသည်။ သူမအား မွိုင်း၊ များစွာသော ညီအမများ၊ နမ့်ပန်းပြည်နယ်၏ ၀န်ကြီးကတော်များ က၀ိုင်းဝန်းကူညီပေးကြလေသည်။ သူမ၏ အိပ်ခန်းက ကုတင်ကြီးပေါ်တွင် သူမ၀တ်မည့် အ၀တ်အစားများ ၊ ဆံထုံးများ၊ နှင့် လက်ဝတ်ရတနာများကို တင်ထားလိုက်သည်။ သူတို့သည် သူမ၏ ရင်ပုံကို တင်းတင်းဖိပြီး ကြပ်ကြပ်စည်းကြလေသည်။ သူမကို တိုင်းယိုင်မတွေလို ရင်သားပြားပြားဟန်ဖြစ်စေချင်ကြပုံရလေသည်။ ပြီးနောက်သူမ၏ ဒူးထိရှည်သောဆံပင်ကို လိမ်ကျစ် ဆွဲဆောင့်နေကြသောကြောင့် သူမက ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ဟု ခြိမ်းခြောက်လိုက်မှ ရပ်ကြလေသည်။ သူမသာမပြောလျှင် နာကျင်သော ဝေဒနာကို အချိန်မည်မျှကြာအောင် ခံနေရမည် မသိချေ။

နောက်ဆုံးမတော့ သုံးနာရီအကြာတွင် ခေတ်သစ် မော်ဒန်မိန်းမတယောက်သည် ပုံပြင်ထဲက မင်းသမီးပုံသို့ လုံးဝ အပြီးဘ၀ပြောင်းသွားတော့သည်။ နောက်ဆုံးတွင် သုစန္ဒာသည် သုံးဘက်မြင်ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် ရပ်ပြီးတည့်တည့်ရင်ဆိုင်ကြည့်လိုက်သောအခါ သူမ၏မျက်လုံးကိုပင် မယုံနိုင်ဖြစ်ရလေသည်။ ပန်းရောင် အ၀ါရောင် နှင့် အဖြူရောင်ပေါ်တွင် လေးလံသော ရွှေဒေါင်းပုံကို ဇာပန်းထိုးထားသည့် နန်းဆန်နန်းဟန်အင်္ကျီံသည် သူမကိုယ်နှင့် ချပ်ချပ်ရပ်ရပ် အနေတော်ဖြစ်နေသည်။သူမ၏သွယ်လျလျ မြင့်မြင့်အရပ်ကို တင်းတင်းဖက်ထားသလို ထိုင်မသိမ်းထမီက လိုက်ဖက်နေသည်။ပုဝါတွင်လည်း ရွှေဒေါင်းပုံ ဇာပန်းထိုးထားပြန်သည်။လည်ဆွဲမှာမူ စိန်ကို ရွှေများအိနေအောင်ရံထားသည်။ သူမ၏ ရွှေအိုရောင်ဆံစရှည်ရှည်ကို ရိုးရိုး ရှေးဂန္တ၀င်ဟန် နန်းဆန်ဆန်ထုံးထားပေးသည်။

သဘာဝ သရဖူဆောင်းထားသလို ဆံထုံးပေါ်တွင် ငါးကရက်စီရှိသော စိန်တုံးများကို ဘီးပေါ်တွင်ဖဲချပ်လေးတွေလို စီထည့်ထားလေသည်။ဝင်းဝင်းတောက်နေသော စိန်လက်ကောက် လက်လက်ထနေသောလက်စွပ်တို့ဖြင့် သူမသည် ပီဘိ ပုံပြင်ထဲက မင်းသမီးလေးလိုခံစားနေရလေသည်။  သုစန္ဒာအံ့အားသင့် ကြက်သေ သေမိတော့သည်။ မှန်ထဲမှာတွေ့နေရသော ကောင်မလေးသည်  ဂျာမဏီကသာမာန်ကောင်မလေး တယောက်ဖြစ်သည်။ ထိုကောင်မလေးသည် တောင်တက်တတ်ပြီး သူမအဖေ၏စက်ဘီးနောက်က စီးပြီး ကျောင်းတက်ရသည်။

သုစန္ဒာသည် အခန်းအပြင်သို့မထွက်မှီ  သူမ၏အိပ်ခန်းလုံခြုံမှုအတွက် တွန့်ဆုတ် နေမိသည်။ မှန်ထဲမှာ မြင်နေရသော ပုံပြင်ထဲက မင်းသမီးလေးသည် သည်အချိန်မှာပေါ်လာသော အရိပ်သဏ္ဍန်တခုမဟုတ်တာကို သေချာအောင်လုပ်ဖို့လိုအပ်သည်။  သူမသည် ရန်ကုန်ဆိပ်ကမ်းသို့ ဂျာမဏီမှရောက်လာခဲ့သော ချည်အင်္ကျီံဝတ်ထားသည့် ကောင်မလေးဖြစ်တာအလွန် သေချာသည်။ သူမသည် စိတ်ချမ်းသာပြီး မာန်မာန မရှိသလိုခံစားရသည်။ ပြီးနောက် သူမသည် စ၀်၏ဘေးတွင် ပို၍ ယုံကြည်မှုအပြည့်ဖြင့် နေနိုင်ပြီဖြစ်သည်။ သည်အဖြစ်တခုက အပါအ၀င်ဖြစ်လေသည်။

သို့သော် ထိုအချိန်တွင် မွိုင်းသည် ရေးကြီးသုတ်ပြာ စိတ်လှုပ်ရှားစွာဖြင့် အထောက်တော်အနေနှင့်ရောက်ရှိလာပြီး သုစန္ဒာကိုပြောသည်။

‘  စ၀်ဘုရားက အပေါ်ထပ်မှာ စောင့်နေတယ် မယ်ဘုရားကို စောင့်ပြီး အခမ်းအနားကို ခေါ်လာခဲ့ပါတဲ့ ‘ နောက်မိနစ်အနည်းငယ်တွင် လူငါးရာကျော်၏ စူးစမ်းသော မျက်လုံးအစုံတွေက သူမအပေါ် စုပြုံကြည့်ကြတော့မည်ကို တွေးကြည့်လိုက်သောအခါ ရုတ်တရက် ကြောက်ရွံ့ လာပြီး ပျော့ခွေကျသွားမတတ်ခံစားရလေသည်။ သူမ၏လက်နှင့်ခြေတို့သည် ရေခဲလိုအေးစက်သွားသော်လည်း ခန်းမကြီးအတွင်းမှာတော့ နိုဝင်ဘာ ၏ နေကြောင့်နွေးနေသည်။

‘ ဘယ်နဲ့နေလဲ ကျမကိုကြည့်ရတာ အဆင်ပြေရဲ့လား မွိုင်း  ‘ သူမအသံက တုန်ယင်နေသည်။

‘မယ်ဘုရားကလေ လလို ကြယ်လေးတွေလို လှပါတယ် ‘   မွိုင်းက သူမကို စိတ်လျော့ချနိုင်ရန်  နားလည်စွာဖြင့် ပြောလိုက်သည်။   နှမ၀မ်းကွဲ ချယ်ရီက သူမ၏လက်ကိုဆွဲပြီး စ၀်ဆီသို့ခေါ်ဆောင်သွားလေသည်။

ထိုအချိန်တွင် သူ့မျက်ကြည့်က သူမအပေါ်ကျရောက်နေသည်။ သူမှင်သက်မိသွားသည်။ နောက်ကို ခြေလှမ်းဆုတ်လိုက်မိသည်။ စ၀်သည် အပြုစားခံရသောသူ့မယားကို ငေးကြည့်နေမိသည်။ သူမကို သည်လိုတခါမှ မတွေ့ဖူးခဲ့ချေ။ဒါထာဝရပဲ ဖြစ်နေလိုက်ပါတော့ ဟုသူမ၏ပုံကိုမြင်နေမိစဉ် သူမက လက်ကိုကိုင်လိုက်သည့်အခါ အတွေး ပျက်စီးသွားတော့လေသည်။ သူပြောတာကို သူမကြားလိုက်သည်။’ အချစ်ကလေ ပုံပြင်ထဲကလိုပဲ အချစ်က ပုံပြင်ထဲက မောင့် မင်းသမီးလေးပဲ ‘သူသည် သူမ၏လက်ကို ညင်ညင်သာသာယုယုယယကိုင်လိုက်ပြီး လှေခါးတလျှောက်မှ စောင့်နေကြသော ဧည့်ပရိသတ်ဆီခေါ်ဆောင် သွားလေသည်။

စ၀်ကတော့ ရိုးရိုး ပိုး အင်္ကျီံအဖြူကိုဝတ်ထားပြီး ပန်းနု ရောင် ခေါင်းပေါင်းပေါင်းထားသည်။ပတ္တမြား ကြယ်သီးတလုံးကို အင်္ကျီံလည်ပင်းကော်လာတွင် တပ်ထားသည်။သုစန္ဒာ၏ ခမ်းနားကြီးကျယ်သော နန်းဆန်ဆန်အလှကြောင့် စောင့်စားနေကြသော ဧည့်ပရိတ်သတ်မှာ  ဟယ်ကနဲ အာမေဍိတ်သံပြုကြပြီး အံ့သြချီးမွမ်းကြလေသည်။စ၀်က သူမကို စုရုံးနေကြသော ဧည့်သည်တွေကြားမှ ဖြတ်ပြီးခေါ်ဆောင်သွားရာ’အို’ ‘ဟာ’ ဟူသော အသံများ နေရာ အနှံမှ ထွက်ပေါ်နေလေသည်။

ပလ္လင်ပေါ်တွင် သတို့သားနှင့် သတို့သမီးတို့ထိုင်ပြီးကြသောအခါ တရားဝင် အခမ်းအနား စတင်လေသည်။

သာယာနာပျော်ဖွယ်ရှိသော စံအိမ်တော်အခမ်းအနားတေးသံသာများသည် ရှေးရိုး တူရိယာများဖြစ်သောစောင်း ၊ပတ္တလား၊ ပြွေ၊နှင့် တယောများကိုတီးခတ်ရာမှ ထွက်ပေါ်လာသည်။ အခမ်းအနား ၀န်ကြီးသည် သူ့လက်ကိုမြှောက်ပြလိုက်သောအခါ တေးသံများရုတ်တရက်ရပ်သွားသည်။   လူအုပ်သံတွေလည်း တိတ်သွားသည်။အသံသြဇာကောင်းကောင်းဖြင့် ဘယ်လက်ထဲမှာကိုင်ထားသော တိုင်းယိုင် ပုရပိုဒ်စာကို ဖတ်လေသည်။

‘ မိန်းတိုင်းအတွင်းရှိသော နမ့်ပန်းပြည်နယ်ကိုပိုင်စားရသော ရေမြေ့အရှင် ကောင်းကင်၏အရှင် သည် သူ့ဆက်ခံခွင့်နှင့် ဆင်းသက်လာသော သူ့မျိုးရိုးစဉ်ဆက်အရအုပ်ချုပ်ရသော ခွန်မိန်းဖြစ်ပေသည်။ ရှေးရေစက်ကြောင့် သူနှင့် သူ၏ ကြင်ယာတော်သည် ဆုံဆည်းခဲ့ကြရသည်။  သူသည် ကြင်ယာတော်ကို  ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ခေါ်ဆောင်လာခဲ့ပေသည်။ သူမသည် သူ့ကို ဖြည့်ဆည်းပေးရမည်။သူ့အတွက် ပြီးပြည့်စုံရမည်။ သူမသည်လည်း တူညီစွာဖြင့် လမင်း၏အလင်းရောင်ကဲ့သို့  ကမ္ဘာကြီးအားထွန်းတောက်စေရမည်။ သူ၏ကိစ္စအကြောင်းအရာများ ၊ပြည်နယ်၏တရားဝင် ကိစ္စအ၀၀များအတွက်  ခွန်မိန်းက မိန့်တော်မူသည်မှာ သူသည် သူ၏ကြင်ယာတော်အား စ၀်သုစန္ဒာ ဘွဲ့အမည်  ကို ပေးအပ်ချီးမြှင့်လိုက်သည်။ ထို့အပြင် သူသည် သူ၏ကြင်ယာတော်ကို နမ့်ပန်းစံအိမ်တော်၏ တော်ဝင် မိသားစု ၀င်အဖြစ်မြှင့်တင် သတ်မှတ်လိုက်သည်။ ယနေ့ ယခု အချိန်မှ စ၍ အန္တရာယ်ခပ်သိမ်းအပေါင်း နှင့် ရောဂါဘယအပေါင်းမှ ကင်းဝေးပါစေသား ။ ကောင်းခြင်းငါးဖြာဖြင့်အစဉ်အမြဲ ပြီးပြည့်စုံပါစေသား  ။ ‘

ဘွဲ့အမည်အပ်နှင်းကြောင်း ထုတ်ပြန်ကြေငြာပြီးနောက်တွင်  ခွန်မိန်းအား အုပ်ထိန်းသူ ဘုန်းတော်ကြီးကျောင်းမှ တိုင်းယိုင်အဖိုးအိုသုံးယောက်၏ ခရုသင်းမှုတ်သံသည် ယုံကြည်အပ်နှံစကားတွေလို လေထဲတွင် ပြန့်နှံ့သွားတော့သည်။

သုစန္ဒာသည် စ၀်ဘေးတွင် မလှုပ်မရှက်ထိုင်နေရင်းက သိမ်မွေ့ ကျက်သရေရှိသော ခရုသင်းသံကို နားစွင့်နေမိလေသည်။ သို့သော်ငြားလည်း အခမ်းအနား ကျင်းပနေချိန်တွင် သူမသည် အောက်ကိုသာစိုက်ကြည့်နေရတော့သည်။ သူမသည် အောက်က ဧည့်ပရိသတ်ကို ငဲ့စောင်း ၍သာ ကြည့်နိုင်လေသည်။ သူတို့မျက်လုံးတွေတွင် သူမအား ကျေနပ် သဘောကျ ချီးမွမ်းနေကြောင်း ရေးသားထားတာ မြင်နေရသည်။ သူမသည် အလွန်ပျော်ရွှင်ကျေနပ်မိပြီး သူမ၏ လင်ယောကျာ်းကိုလည်း အထူး ကျေးဇူးတင်နေမိလေသည်။ တခုပဲစိတ်ထဲမကောင်းဖြစ်မိသည်မှာ သူမ၏မိဘနှစ်ပါးနှင့် သူငယ်ချင်းအပေါင်းအသင်းများသည် သူမ၏ ဘ၀အစပိုင်း ကာလဖြစ်သော ယနေ့လိုနေ့မျိုးတွင် သက်သေအဖြစ်ရှိမနေကြခြင်းကိုပဲဖြစ်လေသည်။

ဝန်ကြီးချုပ်ဦးသန်းသည် ပလ္လင်အနီးသို့ ဒူးထောက်ချည်းကပ်လာပြီး ရွှေပြားပေါ်ခပ်တိုတိုရေးထားသော ထုတ်ပြန်ချက်ကို ဖတ်ပြလေသည်။

‘ နမ့်ပန်းပြည်နယ်၏ ခွန်မိန်းသည် ထုံးတမ်းစဉ်လာအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည်မှာ သူ၏တော်ဝင်ကြင်ယာတော်ကို နမ့်ပန်းပြည်နယ်၏ မဟာဒေ၀ီအဖြစ် လက်ထပ်ထိမ်းမြားသည့်အချိန်မှ စ၍ မြှင့်တင် ပေးအပ်ချီးမြှင့်လိုက်သည်။  ထို့ကြောင့် ကြင်ယာတော်ကို စ၀်သုစန္ဒာ ဘွဲ့အမည်ကိုပေးအပ်နှင်းလိုက်သည်။ ခွန်မိန်းမင်းသည် မဟာဒေ၀ီ့အပေါ် ကောင်းခြင်း ငါးဖြာ ပေးအပ်ပါစေသား ။ ‘

ဦးသန်းသည် ဖတ်ပြီးသွားသောအခါ ရွှေပေလွှာကို ယွန်းအုပ်ဝိုင်းလေးပေါ်တင်လိုက်ပြီး  ခွန်မိန်းထံဆက်သလေသည်။ခွန်မိန်းသည် ကြင်ယာတော် ဘက်လှည့်လိုက်ပြီး အပြုံးများစွာဖြင့် လက်ထဲက တောက်ပနေသောရွှေပေလွှာကို သူမလက်ထဲထည့်ပေးလိုက်သည်။သူမက လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ ပြီး လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။ သူမ၏ တုန်ရင်နေသော လက်တွေကို သတိမထားမိပါစေနဲ့ ဟု မျှော်လင့်နေမိလေသည်။သူမသည် အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး ပရိသတ်ဘက်လှည့်လိုက်သည်။ အောင်မြင်သူအပြုံးများဖြင့် ရွှေပေလွှာ ပုရပိုဒ်ကို ကိုင်မပြလိုက်လေသည်။

သူမ အချက်ပြလိုက်သောအခါ ဧည့်ပရိသတ်မှာ ထိန်းချုပ်ထားသော စိတ်လှုပ်ရှားမှုများကို ဖွင့်ချလိုက်ကြတော့သည်။ ဧည့်သည်များသည် ပလ္လင်အနီးတွင် ၀ိုင်းရံနေကြပြီး ဆုမွန်ကောင်းများတောင်းပေးကြသည်။ သူတို့ ရယ်မောမှုများ ပျော်ရွှင် စိတ်ချမ်းသာမှုများကို ဖော်ပြကြတော့၏။ဓါတ်ပုံဆရာ နှစ်ဆယ်သည် စ၀်က သုစန္ဒာကို ဥယျာဉ်အတွင်းရှိကြီးမားသော ၀ါး ဧည့်ခံမဏ္ဍပ်ဆီ ခေါ်မသွားခင်မှာ ပုံများကို တဖြတ်ဖြတ်အရ ရိုက်နေကြသည်။ ထိုနေရာတွင် လက်ဖက်ရည် ပွဲဖြင့် ဧည့်ခံမည်ဖြစ်ရာြွကရောက်လာကြသော ဧည့်သည်အပေါင်းသည် ခွန်မိန်းနှင့် အတူ ရောနှောပြီး ရင်းရင်းနှီးနှီး နားထောင် ပြောဆိုလျက် ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်စကားများလည်း ပြောနိုင်ကြမည်ဖြစ်လေသည်။

မော်ကွန်း ထွန်းသော ကြီးကျယ်ခမ်းနားသည့် နေ့သည် အစမှ အဆုံး ပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားခဲ့လေသည်။

သုစန္ဒာသည် မမျှော်လင့်ထားသော အဖြစ်အပျက်လေးတွေကြောင့် သူမဧည့်ခံနေချိန်တွင် တိတ်တခိုး ကြောက်ရွံ့စိတ်လေးတွေပေါ်လာခဲ့ရသည်။ အခိျု့ မမျှော်လင့်သော အဖြစ်တွေက ဧည့်ခံပွဲကို အနှောက်အယှက်ဖြစ်စေလေသည်။  ထိုနေ့ရက်များကုန်လွန်သွားသောအခါမှ သူမသည် စိတ်အေးလက်အေး နေနိုင်တော့သည်။သူမသည် ၀ရံတာတွင် စ၀်ကိုစောင့်နေရသည်။ သုစန္ဒာ၏ ရင်ထဲက လှုပ်ရှားနေသော ခံစားချက်တွေကိုစိတ်လွတ်ကိုယ်လွတ် ဇက်ကြိုးဖြေလွှတ်ရလေသည်။ သူမပါးပြင်ပေါ်တွင် မျက်ရည်များသွင်သွင်စီးကျနေသည်။ သူမနှုတ်ခမ်းပေါ်စီးကျလာသော မျက်ရည်တွေက ငံကျိနေလေသည်။ သူမသည် ၀မ်းသာလွန်းသောအခါ၌ ရှိုက်ကြီးတငင် အားရပါးရ ငိုတတ်တာကို သူမဖာသာ အံ့နေမိတော့သည်။

သူမသည် ဘယ်သောအခါကမှ ၊ သူတို့ မင်္ဂလာပွဲမှာတောင်မှ လွှမ်းမိုးတာကိုမခံခဲ့ရချေ။သူမသည် လူထုရှေ့တွင် အသိအမှတ်ပြုခံပြီးသောအခါမှ စ၍ နောက်ဆုံးတွင် သူမ၏ယုံကြည်မှုများသည် စ၀်အပေါ် များစွာရှိလာခဲ့သည်။ စ၀်က သူ့ကိုယ်ပိုင်အချိန်တွင် သူ့ ရင်ထဲကခံစားချက်တွေကို မကြာခဏ ထုတ်ဖော်ပြလေသည်။

သူသည် သူမကို ချစ်လည်း ချစ် ယုံလည်း ယုံကြည်လေသည်။ သူမနှင့်သူတို့ သည် တယောက်ကိုတယောက် ညီမျှစွာချစ်ကြသည်။တယောက်ကိုတယောက် ပိုင်ဆိုင်ကြရင်း က မသေမခြင်း အတူတကွနေထိုင်သွားကြမည်ဖြစ်လေသည်။

သူမ၏ယုံကြည်မှုက သူ့တွင်ရှိသည်။ သူတို့၏ အနာဂတ် ကိုပြန်လည် ခိုင်မာလာစေမှာ ဟု သူမမျှော်လင့်သည်။ သူတို့အတွက် သံသယ များ  စိုးရိမ်စိတ်များအတွက် ထားစရာ အခန်းမရှိတော့ပဲ ထုတ်ပစ်လိုက်ပြီဖြစ်လေသည်။

ပျော်ပွဲရွှင်ပွဲများကို တပတ်ကြာအောင် တနှစ်တခါ နမ့်ပန်းပွဲတွင် ကျင်းပလေသည်။ ထောင်ပေါင်းများစွာသော လူထုက စ၀်တို့မောင်နှံကို ခဏလေးပဲဖြစ်ဖြစ် မျက်ကြည့်လေးခံရဖို့ အတွက် ပွဲခင်းထဲတွင် သို့မဟုတ် ဘာသာရေးအခမ်းအနားများတွင် ကြိုးစားကြသည်။ ထောင်ပေါင်းများစွာထက်ပိုသော လူတွေက နမ့်ပန်းသို့လာပြီး ခွန်မိန်းကို သစ္စာရှိကြောင်း ရိုသေလေးစားကြကြောင်းကို လာရောက်ပြသကြလေသည်။ စ၀်နှင့် သုစန္ဒာတို့ကလည်း အပြန်အလှန်အားဖြင့် ထုံးသင်္ကန်းကပ်ထားသော ပွဲခင်းအနီးက စေတီတွင် အပူဇော်ခံကြရသည်။ သူတို့နှစ်ယောက် ပွဲခင်းထဲသို့ ဖိနပ်မပါပဲ လျှောက်ကြလျှင် မရေတွက်နိုင်သော လက်များက သူတို့ ခြေကိုလာရောက်ထိကြလေသည်။

လှပသောဆေးရောင်စုံ နံနက်ခင်း အခမ်းအနားအပြီးတွင် အရှေ့စံအိမ်တော်သို့ အပင့်ဖိတ်ခံရသော ၀ါတော်ရ ဆရာတော် ခုနှစ်ပါးကိုဆွမ်းကပ်လေသည်။ ရဟန်းတော် ဆရာတော်ကြီးများသည် ကောဇာပေါ်တွင် ထိုင်လိုက်ကြသည်။ စံအိမ်တော်ရှိလူများက ဆရာတော်များအား တရားအားထုတ်နိုင်စေရန်   ဆွမ်း၊ဟင်း ၊ အချိုခဲဖွယ်ဘော်ဇင်များကို ကပ်ကြသည်။  စောင့်ကြည့်နေကြသော ယောကျာ်းမိန်းမအားလုံးသည် စားစရာများကိုအပြေးအလွှား ပြင်ဆင်ပေးကြသည်။ လိုအပ်နေလျှင် ခပ်သွက်သွက် အမြန်မွှေးပံျ့သောထမင်းအိုးပြန်ပေါင်းသည်။ ဟင်းများထပ်ချက်သည်။ ရဟန်းတော်များကို ခြောက်လက်မ အမြင့်ရှိသော စားပွဲဝိုင်းလေးပေါ်တွင်ြွေကပန်းကန်ဖြင့်ဆွမ်းကပ်ကြသည်။

ရဟန်းတော်များကို အထူးဆွမ်းကပ်ကြခြင်းလည်းဖြစ်သည်။ ကျန်နေ့ရက်များတွင် မူ ရဟန်းတော်များသည် နံနက်တိုင်း မြို့ရွာလမ်းများတွင်ြွကရောက်ပြီးတရက်စာကို သပိတ်ဖြင့်ဆွမ်းခံစားကြရလေသည်။

ရဟန်းတော်များ ဆွမ်းဘုန်းပေးပြီးသောအခါတွင် စ၀်နှင့် သုစန္ဒာသည် ဆရာတော်များအား လှူဘွယ်ပစ္စည်းများကပ်ကြသည်။

ရဟန်းတော်များသည် ခြိုးခြံဆင်းရဲစွာနေထိုင်ကျင့်ကြံကြသောကြောင့် သင်္ကန်း၊ စောင်၊ဘိနပ်၊ ထီး၊ စာအုပ်၊ ခဲတံ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ လဘက်ခြောက်၊ နှင့် ကြာကြာထားနိုင်သော ငါးသေတ္တာ ၊ နို့ဆီဗူး၊ အိုဗာတင်းဗူး များကပ်လှူလေသည်။ နောက်ဆုံးတွင် ဆရာတော်များက ဗုဒ္ဓတရားတော်များကို ပါဠိလိုရွတ်ဖတ်ပြီး တခါ တိုင်းယိုင်ဘာသာဖြင့် ပြန်လည် ရှင်းလင်းဟောတော်မူလေသည်။

‘ ကျမဖြင့် ဆရာတော်တွေ ဟောတဲ့ တရား ကိုပါဠိလိုပဲဖြစ်ဖြစ် တိုင်းယိုင်လိုပဲဖြစ်ဖြစ် နားမလည်ပါဖူး’  သုစန္ဒာက စ၀်ကို ရှေ့ရှု့ပြီးပြောလိုက်သည်။ ‘ ဆရာတော်တွေက ကျမတို့ကို ဆုတွေတောင်းပေးတာလား ဒါမှ မဟုတ် အကြံဥာဏ်တွေပေးတာလား

‘ ဟုတ်တယ်။ မဟုတ်ဖူး’ စ၀်ပြန်ဖြေလိုက်သည်။

‘ ရဟန်းတော်တွေက သူတို့ ကျင့်ကြံအားထုတ်တဲ့ဗုဒ္ဓ တရားတော်တွေကို လူတွေအတွက် ပြန်ဟောပြတာပဲ ၊ဒါပေမဲ့ ရဟန်းတွေက လူတွေနဲ့ပတ်သက်ပြီးလုပ်တဲ့ ပွဲတွေ လူ့ဘောင်လောကီကိစ္စတွေကို စိတ်မ၀င်စားဖူး သူတို့အတွက်လည်း စိုးရိမ်ပူပန်နေတာမျိုးမရှိကြဖူး ‘

‘ ဒါဆို ဘာလို့ ကျမတို့က ဆရာတော်တွေကို ပင့်ဖိတ် ရတာလဲ ‘

‘ ဘာလို့လဲဆိုတော့ မောင်တို့က ကောင်းတဲ့ အလုပ်လုပ်ချင်တယ် ဒီလို မင်္ဂလာရှိတဲ့ ပွဲမျိုးမှာ ဆရာတော်ရဟန်းတော် တွေကိုြွကလာစေချင်လို့လေ’

အဖြေကသုစန္ဒာ့ကို ရှုပ်ထွေးသွားစေလေသည်။ သူတို့လှူသောအလုပ်သည် သူတို့စိတ်ဆန္ဒက စေ့ဆော်မှုကြောင့်ပေး လှူခြင်းဖြစ်ပြီး နောင် ဘ၀အကျိုးတွေအတွက်မျှော်ကိုးပြီး လှူဒါန်းမှုကုသိုလ်ကိုပြုလုပ်တာလားဆိုတာ သူမ ရှင်းရှင်း သိနေချင်မိသည်။

‘ ကျမတို့ကပြန် ရမယ်ဆိုပြီး ပေးလှူနေတာမျိုးလား’ သုစန္ဒာက စ၀်ကိုပြန်မေးသည်။

‘ အိုး မဟုတ်ဖူး။ဒါမျိုးက တွက်ချက်လုပ်ရတာမျိုးမဟုတ်ဖူးလေ။’သူက ခေါင်းကို သွင်သွင်ခါရမ်းရင်းက ဖြေသည်။

‘ ပေးလှူတယ်ဆိုတာက အကောင်းဘက်က အင်အားတွေလေ။ဒါက မောင်တို့ကို တိုးတက်မှုဖြစ်စေတယ် အလွန့်အလွန် တဖြည်းဖြည်းခြင်းပေါ့  မောင်တို့က အသေအချာသိသိကြီးနဲ့ ကုသိုလ်တွေ စုနေတာမျိုးမဟုတ်ဖူးလို့ ဆိုလိုချင်တာပါ။ မောင်ပြောတဲ့ အချက်ကိုနားလည်ရဲ့လား ‘

‘ ကျမတော့ ထင်တာပါပဲ ‘ သုစန္ဒာက စိတ်မပါသလိုပြန်ဖြေလိုက်မိလေသည်။

‘ အချစ်သိမယ်လို့ မောင်ထင်တယ် ။ အချစ်က ပေးကမ်းစွန့်ကြဲတာတွေ အများကြီးလုပ်ပြီးပျော်နေတာ မောင် မြင်ရတာပဲဟာ’

သုစန္ဒာ ဘာမှ ပြန်မပြောတော့ပါ ။သို့သော် သူမကိုအကြောင်းပြုပြီး ဘုန်းတော်ကြီး ခုနှစ်ပါးကို ကုသိုလ်လုပ်ရာ၌ သူမသည် စိတ်ထဲက အားတက်သရောပါဝင်ခံစား ခဲ့ခြင်း မရှိသည့်အတွက် စိတ်မကောင်းဖြစ်မိလေသည်။

ဒါနှင့်တောင်သူမသည် ဘာသာရေးနှင့်ပတ်သက်သောကိစ္စအ၀၀များတွင် ပါဝင် လုပ်ဆောင်နေခဲ့သည်။ သူမသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဟောကြားမှုများကို နားလည် ဆင်ခြင်သုံးသပ်ရန် ကြိုးစားအားထုတ်တာမျိုးလည်း မလုပ်ခဲ့ချေ။

အခုကစလို့ ပြောင်းလဲဖို့ သူမ ဆုံးဖြတ်လိုက်တော့သည်။

စိတ်လှုပ်ရှားရသောပွဲများ ပြီးသွားသောအခါ သုစန္ဒာသည် သူမ၏အရင်ကတည်းက လုပ်ခဲ့သော နေ့စဉ်အလုပ်များထဲတွင်သာ နစ်မြုပ်နေတော့သည်။တခြားဘာမှ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိချေ။ သူမအံ့တာက စ၀်သည် ဒီဧည့်ခံပွဲလုပ်တာသည် မလိုအပ်ပဲ လုပ်ရသော အလုပ်ဟု အခိုင်အမာယုံကြည်နေမှုသည် မမှန် ဟုသူမထင်လေသည်။ သို့သော် သူမတယောက်တည်း သူမကိုယ်တိုင်ကားမောင်းပြီး စံအိမ်တော်ရှေ့က လက်နက်ကိုင် ဂုဏ်ပြုအစောင့်တပ် ကိုဖြတ်ကျော်သောအခါ သူနှင့်စ၀်တို့ဖြတ်တုန်းကလိုပင် တိကျပြတ်သားသော အရင်ကအပြုအမူမျိုးကိုတွေ့တာလွဲလို့ အခြား နေရာများတွင် များစွာ အကျိုးသက်ရောက်မှုရှိတာတွေ့ရလေသည်။ ပြီးနောက် လူထုသည်သူမအပေါ် တရားဝင် နမ့်ပန်းပြည်နယ်၏ မဟာဒေ၀ီအဖြစ် အသိအမှတ်ပြုပွဲ မလုပ်ခင်ကထက် ပိုမိုလေးစား လာကြသည်ဟု သူမ ထင်မိလေသည်။   ။

(မေခ၏ အခန်းဆက်စာကို မိုးမခက ဆက်တိုက်မထည့်ဖြစ်ဘဲ ကြန့်ကြာနေခြင်းမှာ မိုးမခ၏ ပျက်ကွက်မှု ဖြစ်ပါသည်။ ယခု အပတ်စဉ် ပြန်လည်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။ စာရေးသား မေးမြန်းကြသော ပရိသတ်အား တောင်းပန် ဖြေရှင်းအပ်ပါသည်။ သီပေါနယ်ရောက် မိုးမခမိတ်ဆွေများက အင်တာနက်ပေါ်က စာကို စောင့်မျှော်ပြီး ဖတ်ရှူရင်း မဟာဒေ၀ီ၏ ဓာတ်ပုံများ ပေးပို့ကြသည်ကိုလည်း ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။)

 
Leave a comment

Posted by on August 31, 2011 in May Ka, Serial Translation

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: