RSS

Dhamma Piya – Flowers

02 Sep

ပန်းမသီနိုင်တဲ့ကြိုး

ဘိက္ခုဓမ္မပိယ (USA)

စက်တင်ဘာ ၂၊ ၂၀၁၁

            စာမရေးဖြစ်တာ အတော်ကြာသွားပြီ။ အကြောင်းကတော့ မယ်မယ်ရရမရှိ။ ရေးချင်စိတ်တွေ မရှိလို့ မရေးဖြစ်တာပါ။ ဒါပေမဲ့ အခုတလော စာရေးချင်စိတ်တွေပြန်ဖြစ်ပေါ်လာတယ်။ ပညာရေးနှင့် ပတ်သက်တဲ့ အတွေး၊  ယုံကြည်မှုနဲ့ပတ်သက်တဲ့ ခံယူချက်တွေကို ပြောပြချင်လို့ပါ။ စာပေပညာရှင်တစ်ဦးမဟုတ်လေတော့ ဘယ်သူကကို ဘယ်လိုပြောမလဲဆိုတဲ့အတွေးက ဆင့်ကဲဖြစ်ပေါ်လာပြန်တယ်။ ဘာပဲဖြစ်ဖြစ် ပြောချင်တာကိုတော့ ပြောပါရစေ။

ပြောချင်တဲ့အကြောင်းအရာက တခြားတော့ မဟုတ်ဘူး။ မိမိဖြတ်သန်းနေတဲ့ဘဝတစ်ခုရဲ့ အချိုးအကွေ့တိုင်းမှာ မမျှတမှုတွေ၊ နိုင်ထက်စီးနင်း ပြုမှုတွေ၊ အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ ပြည့်လျှမ်းနေတဲ့ ဤလူ့ဘောင် လူ့လောကကြီးထဲမှာ နေစဉ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေ။ ဒီဘဝအဖုံဖုံကို Academic (ပညာရေး) ရှု့ထောင့်ကနေကြည့်ပြီး အမည်နာမ တပ်ပြရမယ်ဆိုရင်တော့ Sociology လို့ ခေါ်ရမှာပါ။ Sociology ဆိုတာ လူမှုဆက်ဆံရေးနဲ့ လူမှုဘဝ အထွေထွေကို လေ့လာတဲ့ပညာရပ်တစ်ခုပါ။ တစ်ချို့ကြတော့ ဒါထက်ပိုပြီး အဓိပ္ပါယ်ကိုကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုကြပြန်တယ်။

Sociology ဆိုတာ လူမှူအသင်းအဖွဲ့တွေ၊ ယဉ်ကျေးမှုအထွေထွေနှင့် လူမျိုးစု အသီးသီးရဲ့အမူအယာ၊အလေ့အကျင့်တွေကို လေ့လာတဲ့ပညာရပ်တစ်ခုတဲ့။ ( Sociology is the study of societies, cultures, and different groups of people’s behaviors).

ဒီတော့ လူ့ဘဝတစ်ခုရဲ့အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းပြောလိုကြတယ်ဆိုရင် မှားခြင်း၊ မှန်ခြင်းကို အခြေခံပြုပြီး ပြောလေ့ပြောထရှိတဲ့ Ethics ( ကိုယ့်ကျင့်သိက္ခာနှင့်ဆိုင်သောပညာရပ် သို့မဟုတ် ပြည်သူ့နီတိ) ရှု့ထောင့်ကို အခြေမခံပဲ၊ ဆိုရှယ်ရှုထောင့်ကနေပြောမှ ဘဝအဓိပ္ပါယ်ကို ပိုပြီးထင်ဟပ်စေတယ်၊ ပိုပြီးပွင့်လင်းနိုင်တယ်လို့ စာရေးသူယူဆမိတယ်။

ပြောရတဲ့အချက်အလက်တွေမှာလဲ ပိုပြီးပေါ့ပါးသွက်လက် တယ်လို့ ထင်မိတယ်။ မှားခြင်း၊မှန်ခြင်းကို ခါးတောင်းကြိုက်ပြီး ပြောနေမဲ့အစား၊ ဘဝတစ်ခုရဲ့ အားနည်းချက်၊ အားသာချက်တွေကို အခြေခံထားပြီး ပြောရတာမျိုးက တစ်ယောက်ကို တစ်ယောက် ပိုမိုနားလည်မှုပေးနိုင်ပြီး၊ အများစုလက်ခံနိုင်မဲ့အခြေအနေကိုလဲ ပိုမိုပြီး ထင်ဟပ်စေတယ်။

ဦးစွာပထမ Ethics ရှု့ထောင့်ကို အခြေခံပြီး နဲနဲပြောမယ်။ လူရယ်လို့ဖြစ်လာရင် အမှားမပြုဘူး သူဆိုတာ ဤကမ္ဘာလောကမှာ (ဘုရား ရဟန္တာများမှလွဲရင်) မရှိနိုင်ဘူး။ ဖီလိုဆိုဖာတွေရဲ့ အတွေးလေးတစ်ခုကို လက်ဆင့်ကမ်းတင်ပြချင်တယ်။

“ဗီဒီယို၊ ကင်မရာများဖြင့် လူတစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှု အမူအယာ အားလုံးကို ရိုက်ကူးပြီးတင်ပြနိုင်သလို၊ လူတစ်ယောက်ရဲ့ စိတ်အမူအယာအားလုံးကို ဗီဒီယို၊ ကင်မရာများဖြင့် အလားတူရိုက်ကူးပြီး၊ တင်ပြလို့ ရနိုင်ကောင်းမယ်ဆိုရင် လောကမှာ သူတော်ကောင်းဆိုတာ ရှားမှ ရှားမယ်”တဲ့။

ဒါကတော့ Ethics ရှု့ထောင့်ကနေကြည့်ပြီး ပြောခြင်းပါ။

လောကကြီးထဲမှာနေကြတဲ့ လူတိုင်းလူတိုင်းမှာ မှားစရာအကြောင်းတွေက အများကြီး ရှိနေတယ်။ ဒေါသကြောင့်လည်း မှားတတ်တယ်။ မာနကြောင့်လည်း မှားတတ်တယ်။ မောဟကြောင့်လည်း မှားတတ်တယ်။ ဣဿာ မစ္ဆရိယ (မနာလိုစိတ်၊ ဝန်တိုစိတ်) တွေကြောင့်လည်း မှားတတ်တယ်။ မှားစရာအကြောင်းတွေက အများကြီး။ ဒါကိုပုံကြီးချဲ့ပြီး၊ သူတစ်ပါးရဲ့ အမှားတွေကိုချည်း အကြောင်းမရှိပဲ ပြောနေမယ်ဆိုရင် အဲဒီလူဟာ သူကိုယ်တိုင်ပြုနေတဲ့ အမှားတွေကို ကြိုတင်ကာကွယ်နေသူတစ်ယောက် ဖြစ်နေတတ်ပါတယ်တဲ့။ စဉ်းစားဆင်ခြင်နိုင်ဖို့ပါ။

ပညာဓန၊ ရာထူးဂုဏ်သိန်၊ ရုပ်ရေအဆင်းစတဲ့ အရည်အချင်းမျိုးတွေကို ပိုင်ဆိုင်ထားခြင်းမျိုးဟာလဲ (သတိမထားဘူးဆိုရင်) မှားနိုင်စရာအကြောင်းတရားတွေဖြစ်တယ်။ လူရယ်လို့ဖြစ်လာကြပြီဆိုရင် ဝမ်းသာ ချင်တာ၊ ပျော်ရွှင်ချင်တာ၊ ချမ်းသာချင်တာတို့ဆိုတာတွေဟာ လူတိုင်းနီးနီးမျှော်လင့်ထားတဲ့ တောင့်တခြင်း မျိုးပါ။

လူ့ဘဝဆိုတာ ပန်းသီတဲ့ကြိုးလိုပဲ။

ကြိုးဟာ ကြိုးချည်းသက်သက်ဆိုရင် တန်ဖိုးမထိုက်လှပေမဲ့ ကြိုးမှာပန်းသီထားနိုင်ပြီဆိုရင်တော့ ပိုပြီးတင့်တယ်လာတယ်။ ပိုပြီးတန်ဖိုးတက်လာတယ်။ လူအများကလဲ ပိုပြီးနှစ်ခြိုက်လာတယ်။ ပိုပြီးသဘောကျလာတယ်။ ဒါဟာ သဘာဝတရားပဲ။ ဒီသဘော၊ ဒီသဘာဝ တရားတွေကိုဆင်ခြင်ကြည့်မိတော့ ပန်းမသီနိုင်တဲ့ကြိုးလေးတွေရဲ့ဘဝကို စာနာမိပြန်တယ်။ လူ့ဘဝမှာ ပညာဥစ္စာဓနများ မမျှမတတွေဖြစ်နေကြရတာဟာ ကံခေသူတို့ရဲ့ ကံကြမ္မာကြောင့်လား။ (သို့မဟုတ်) မျှတဲ့စိတ် မရှိတဲ့လူသားတွေရဲ့ ကျင့်ထုံးကြောင့်လား။ ဝေခွဲဖို့ခက်လှပါဘိ။

ပန်းဆိုတာ ကြိုးကိုမှီပြီး သီရပေမဲ့ ကြိုးရဲ့တန်ဖိုးကို မြင့်တက်စေတယ်။ ပညာဆိုတဲ့အရာဟာလဲ လူကိုမှီပြီးဖြစ်ပေါ်လာရပေမဲ့ လူသားတစ်ယောက်ရဲ့တန်ဘိုးကို မြင့်တက်စေတယ်။ တကယ်တော့ “စိန်ကို မြရံပြီး ရွှေနဲ့ကွပ်” ထားနိုင်တဲ့ လူ့ဘဝမျိုးဆိုတာ ဂုဏ်ဓနရှိသူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေပါ။ တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ဘဝမျိုးကို ပိုင်ဆိုင်လိုသူတို့ဟာ ဘာသာရေးရှု့ထောင့်ကနေကြည်ြ့ပီပြောရမယ်ဆိုရင်တော့ ဘာဝနာလမ်းကို လှမ်းရုံပဲပေါ့။

လောကရှု့ထောင့်ကနေ ကြည့်ပြီးပြောရမယ်ဆိုရင်တော့ အသိပညာ၊ အတတ်ပညာများကို ရယူနိုင်အောင် ကျားကုပ်ကျားခဲ ပညာကို မရ၊ရအောင် ကြိုးစားရမှာပါ။ ထိုပညာဖြင့် မိမိကောင်းကျိုး၊ လောကကောင်းကျိုးကိုသယ်ပိုးပြီးနေမှ ဘဝဆိုတာ ပိုပြီးအဓိပ္ပါယ်ရှိလာမှာပါ။ မျှတမှု၊ မမျှတမှု ဒီနှစ်ခုအနက် မျှတမှုဖက်မှာ အချိုးအစားများလာအောင် ပိုပြီးဆောင်ရွက်ပေးရမှာ။ ဒါဟာလူသားတိုင်းရဲ့ တာဝန်လို့ဆိုရမှာပဲ။

အမျှော်အမြင်ရှိတဲ့ မိဘနှစ်ပါးဟာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေဖြင့် သာသမီးများကို အလေးထားပြီး ဆင်ပေးခြင်းမျိုးထက် တန်ဖိုးကြီးမားတဲ့ပညာကို သားသမီးများအား တတ်မြောက်အောင် ကြိုးစားပြီးသင်ပေးခြင်းမျိုးပါ။ ဒီနေရာမှာ ဘဝရဲ့အားနဲချက်၊ အားသာချက်ကိုနှိုင်းယှဉ်ပြီး လူ့ဘဝရဲ့ အဆင့် အတန်းကို ကိုယ်ပိုင်အတွေးအမြင်နဲ့ချိန်ဆပြီး ကြည့်တတ်ဖို့ပါ။ ဒီခေတ်၊ ဒီအခါမှာ ပညာကို ငွေကြေးနဲ့ ချိန်စက်ပြီးမှ ဝယ်ယူနိုင်တဲ့ခေတ်ဆိုတာ လူတိုင်းနီးနီးသိထားပြီးဖြစ်မှာပါ။ ဒီအခါမျိုးမှာ မိဘမဲ့ကလေးငယ်များ ရဲ့ဘဝ၊ ပစ္စည်းမဲ့ကလေးငယ်များရဲ့ဘဝလေးများကို ပစ္စည်းရှိလူတန်းစားများ၊ ပညာတတ်လူတန်းစားများ၊ အာဏာရှိလူတန်းစားများမှ စာနာမှုများမပေးနိုင်ကြဘူးဆိုရင် ဘဝတွေရဲ့ချိန်ခွင်ရှာညီမျှမှုဆိုတာ ဘယ်သော အခါမှ ဖြစ်လာနိုင်မည်မဟုတ်ပါ။

မေတ္တာထားသူများ၊ ကရုဏာကြီးမားသူများ၌ ရာထူးဂုဏ်သိန်၊ ပညာဓနစသည်များကို ပိုင်ဆိုင်ခြင်းမျိုးဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီရာထူးဂုဏ်သိန်၊ ဒီပညာဓနတို့ကိုအမှီပြုပြီး လူလူချင်းအပေါ်မှာ မတော်မတရားမာနတွေကြီးမာနေတဲ့အဖြစ်မျိုးဟာ ဘယ်ရှု့ထောင့်ကနေကြည့်ကြည့် အများ အမြင်ကပ်စရာကြီးပါ။

ပစ္စည်းရှိလို့ဂုဏ်ရှိတယ်ဆိုတာ တဒင်္ဂပါ။ ပစ္စည်းဆိုတာ ဖေါက်ပြန်ပျက်စီးတတ်တဲ့သဘော၊ လူ့ဘဝဆိုတာမမြဲတဲ့သဘောရှိတယ်ဆိုတာ လူတိုင်းနီးနီး သိထားပြီးဖြစ်မှာပါ။ ရှေးဘဝကပြုခဲ့တဲ့ ဒါနကုသိုလ် အကျိုးပေးကြောင့်ရထားတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာမျိုးဆိုတာ ယခုဘဝမှာလဲ မမြဲဘူး။ နောင်ဘဝ သံသရာတွေမှာလည်း အောက်တန်းကျတဲ့ အမျိုးအနွယ်တွေမှာ  ဖြစ်နိုင်တာမို့ သတိတရားရှိကြစေလိုကြောင်း တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက လေးလေးနက်နက် သတိပေးစကားများကို အခါအားလျော်စွာ မိန့်ကြားတော်မူခဲ့တယ်။

ဆရာတော်ဘုရားကြီးရဲ့ သဘောထားကတော့ရှင်းပါတယ်။ ဥစ္စာဓနကြောင့်ပဲဖြစ်ဖြစ်၊ ပညာများတတ် မြောက်လာမှုကြောင့်ပဲဖြစ်ဖြစ် နှလုံးလေပင့်ပြီး ဘဝင်များမြင့်တက်နေမယ်ဆိုရင်၊ မာန်မာနတရားတွေနဲ့ ထောင်လွှား၊ ပကြွားနေမယ်ဆိုရင် သူတစ်ပါးတို့ မြင်ပြင်းကတ်ဖွယ်ရာသာဖြစ်ကြောင်း ထောက်ပြထားတယ်။

ပညာမာနတက်နေသူများနဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီးရဲ့သဘောထားက “ယခုကာလ၌ သူများထံမှ တစ်ဆင့် သင်ယူ၍ တတ်သိရသော စာပေပညာလည်း ထူးခြားသောအတတ်မဟုတ်သေးပါ။ အကြောင်း ညီညွတ်၍ ဆရာကောင်းထံ သင်ကြားရလျှင် အများပင်(စာ)တတ်နိုင်ပါ၏။ သို့ဖြစ်ပါ၍ အကြောင်း မညီညွတ်သဖြင့် (စာပေ)မသင်ကြရသူ၊ အထူးဥာဏ်ထိုင်းသူများကို တွေ့ရသောအခါ မောက်မော်ဝါကြွား မည့်အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တစ်ဆင့်သင်ပြပေးဖို့သာ (သို့မဟုတ်) တစ်ဦးတစ်ယောက်မှ သင်ပြပေးနိုင်အောင် စီမံပေးဖို့သာ) သင့်ပါသည်” ဟု ကိုယ်ကျင့်အဘိဓမ္မာ (နှာ၄၂-၄၃) ၌ ရေးသားထားခဲ့တယ်။ အမျိုး ဘာသာ သာသနာအတွက် လေးလေးနက်နက် စဉ်းစားနှိုင်ချိန်ကြည့်နိုင်အောင် လက်ဆင့်ကမ်းခြင်းပါ။

မတူညီတဲ့ဘဝများကို (အနီးစပ်ဆုံး) တူညီအောင် ပြုလုပ်မပေးနိုင်သမျှကာလပတ်လုံး တန်းတူရည်တူ ရပိုင်ခွင့်ဆိုတာ အဝေးကြီးမှာပဲ ရှိနေအုံးမှာပါ။ အရာရာကို ငွေကြေးဓနနဲ့စံထားပြီး လူ့ဘဝစံနှုံးကို တိုင်းတာ နေသမျှ ကာလပတ်လုံး၊ ပညာကိုငွေနဲ့ဝယ်ယူနိုင်မှ ရနိုင်သမျှကာလပတ်လုံး လူတန်းစားညီမျှမှုဆိုတာ ဘယ်သောအခါမှ ဖြစ်လာနိုင်မည်မဟုတ်ပါ။

အကြောင်းတိုက်ဆိုင်လာလို့ ဖြစ်ရပ်လေးတစ်ခုကို တင်ပြပါရစေ။ ပညာသင်နှစ် ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ကျင်းပသွားတဲ့ဆယ်တန်းစာမေးပွဲမှာ အောင်မြင်မှုရာနှုံးများရဲ့ ကွဲပြားခြားနားမှုလေးပါ။ မန္တလေးမြို့က နာမည်ကြီးကျူရှင်တစ်ခုမှာ ဆယ်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း (၄၅၅)ယောက် ဝင်ရောက်ဖြေဆိုကြတယ်။ စာမေးပွဲဂေဇက်ထွက်တွေထွက်လာတော့ အဲဒီ ကျူရှင်မှာ ကျရှုံးသူက ငါးယောက်သာရှိပြီး၊ ခြောက်ဘာသာဂုဏ်ထူးရှင်က (၃၀)ကျော်၊ (၅)ဘာသာဂုဏ် ထူးရှင်က (၆၀)ကျော်၊ (၄)ဘာသာဂုဏ်ထူးရှင်က (၁၀၀)ကျော်နှင့် အောင်မြင်သူကျောင်းသား၊ ကျောင်းသူအများစုဟာလဲ ဂုဏ်ထူးရှင်များသာဖြစ်ကြတယ်။

ဒီအခြေအနေများကိုကြားရတော့ မြန်မာ ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးအတွက် ဝမ်းမြောက်မိတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်က လွိုင်မွေစာဖြေ ဌာနနှင့် ပြည်နယ်အချို့က စာဖြေဌာနများမှာတော့ ဝင်ရောက်ဖြေဆိုသူများမှ အောင်မြင်သူတစ်ယောက်မှ မရှိကြောင်း ကြားသိရပြန်တော့ မျှတမှုမရှိနိုင်သေးတဲ့ ပညာရေးအပါအဝင် လူ့ဘဝရဲ့အချိုးအစား မညီမျှမှု တွေအတွက် ဝမ်းနည်းမိပြန်တယ်။

ခံစားမိရင်း အတွေးတွေတသီချည်းဝင်လာတယ်။ ပညာမတတ်တဲ့လူမျိုး (သို့မဟုတ်) ပညာတတ် နည်းတဲ့လူမျိုးဆိုတာ ကျွန်ဘဝမှလွတ်ဖို့ခက်တယ်။ အခုခေတ်မှာ ရှေးတုန်းကလို ငွေဝယ်ကျွန် ဘဝမျိုးတွေ မရှိတော့ပေမဲ့ ကျွန်ဆိုတာရှိနေသေးတာပဲလို့ခံစားမိတယ်။ ခေတ်တွေပြောင်းသွားလို့ (ငွေဝယ်) ကျွန်ဆိုတာ မျိုးကတော့ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်နဲ့တူတဲ့ဘဝမျိုးတွေကတော့ရှိနေဆဲပဲ။

ဥစ္စာကြောင့် သော်လည်း ကောင်း၊ စစ်ရှုံး၍သော်လည်းကောင်း၊ အကြောင်းတစ်စုံတစ်ခုကြောင့် အနှောင့်အဖွဲ့ခံရပြီး၊ လွတ်လပ်စွာ သွားလာခွင့်မရှိသူများကို ကျွန်လို့ခေါ်ခဲ့မယ်ဆိုရင် ဥစ္စာအနှောင်အဖွဲ့၊ အာဏာအနှောင်အဖွဲ့စတဲ့ အနှောင် အဖွဲ့တွေကြောင့် လတ်လပ်စွာသွားလာခွင့်မရှိသူတွေ၊ လတ်လပ်စွာပျော်ပါးခွင့်မရှိသူတွေ၊ လွပ်လပ်စွာ ပြောဆိုခွင့်မရှိသူတွေရဲ့ ဘဝမျိုးတွေဟာ ကျွန်ဘဝကိုရောက်နေသူတွေနဲ့ ဘာများထူးခြားနေသေးလို့လဲ။

ဥစ္စာဓနကြောင့် အနှောင်အဖွဲ့မျိုးနဲ့ နေရသူတွေ၊ သြဇာအာဏာကြီးသူတို့ရဲ့ဖိနှိပ်ကွပ်မှုတွေကြောင့် အနှောင် အဖွဲ့ဘဝမျိုးနဲ့နေရသူတွေ၊ လူ့အဆင့်အတန်းကို ညီမျှအောင်ပြုနိုင်တဲ့ ပညာရပ်မျိုးတွေကို သင်ကြားခွင့် မရနိုင်သူတွေ၊ ဒီပုဂ္ဂိုလ်မျိုးတွေရှိနေသမျှကာလပတ်လုံး ကျွန်ဘဝမျိုးတွေကို ရောက်နေတာနဲ့တူတဲ့ လူ့ဘဝ မျိုးတွေဆိုတာ ရှိနေဦးမှာပါ။

မလေးရှားနိုင်ငံရောက်၊ ထိုင်းနိုင်ငံရောက် အချို့အလုပ်သမ လေးတွေးရဲ့ ဘဝမျိုးတွေဟာ သနာစရားပါ။ သွားချင်တဲ့နေရာကို သွားလို့မရ၊ စားချင်တဲ့နေရာမှာ စားလို့မရ။ နေချင်တဲ့ နေရာမှာ နေလို့မရ။ သူတို့ဘဝတွေဟာ အနှောင်အဖွဲ့တွေနဲ့ လုံခြုံမှုမရှိတဲ့ဘဝမျိုးထဲမှာပဲ ရှိနေဆဲပါ။ မြန်မာပြည်မှာလဲ ဒီလိုဘဝမျိုးတွေးတွေနဲ့နေကြရသူတွေဟာ အများကြီးပဲ ရှိနေသေးတယ်။ အဲဒီတော့ ပညာရေး အားနည်းတဲ့လူမျိုးအတွက် ပညာရေးဟာ လူ့ဘဝမှာဘယ်လောက်အရေးကြီးတယ်ဆိုတာ အုပ်ချုပ်သူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပစ္စည်းဥစ္စာရှိသူများ သိထားနိုင်ဖို့ပါ။

“ပညာရဲရင့် ပွဲလယ်တင့်”တဲ့ ဒီအဆိုကို လူတိုင်းနီးနီးကြားဖူးကြမှာပါ။ ဒါပေမဲ့ ဂရုမထားသူတွေက များနေပါသေးတယ်။ ပညာရေးဟာ လူတစ်ယောက်ရဲ့ဘဝမှာ ဘယ်လောက်အရေးပါသလဲဆိုတာ နမူနာ တစ်ခုကို ပြောပါရစေ။ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနွမ်းပါးတဲ့မိသားစုမှ ပေါက်ဖွားလာခဲ့တဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ကူးယဉ်အိမ်မက်ထဲမှာ ကားရှိဖို့ဆိုတာ၊ အိမ်ရှိဖို့ဆိုတာ သူ့တစ်သက်မှာ ဘယ်သောအခါမှ မစဉ်းစားရဲတဲ့အိမ်မက်မျိုးပါ။ ဒါပေမဲ့ ထိုဆင်းရဲတဲ့ကလေးဟာ ကံကောင်းထောက်မ၍ ပညာသင်ခွင့်ရပြီး၊ သက်မွေးမှုပညာများဖြစ်တဲ့ အင်ဂျင်နီယာဘွဲ့၊ ဆရာဝန်ဘွဲ့ (သို့မဟုတ်) စီးပွားရေးဘွဲ့ တစ်ခုခုကို ရခဲ့မယ်ဆိုရင် ကားလဲဝယ်လာနိုင်မယ်၊ အိမ်လဲပိုင်ဆိုင်လာနိုင်မယ်။ သူများတွေမှာရှိတဲ့ အရာမှန်သမျှတွေဆိုလဲ သူလဲကြိုးစားရင်ရနိုင်တယ်ဆိုတာ ယုံကြည်စိတ်တွေ အပြည့်အဝရရှိလာနိုင်တယ်။

ဘဝရဲ့ညီမျှခြင်းဆိုတာ ဆင်းရဲချမ်းသာမှုကြောင့်တော့ အဟန့်အတားမဖြစ်စေသင့်ပါ။ တန်းတူရတည်တူ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးရလာဒ်မျိုးသာဖြစ်စေသင့်တယ်။ ဤကဲ့သို့လူတိုင်းနီးနီး သဘောပေါက်ထားနိုင်ပါမှ ပညာရဲ့တန်ဖိုးဟာ ဘယ်လောက်ကြီးမားသလဲဆိုတာ သိနိုင်မယ်။ “ ပညာရဲရင့် ပွဲလယ်တင့်” ဆိုတဲ့အတိုင်း ကမ္ဘာကိုလွှမ်းမိုး၊ အုပ်စိုးနိုင်တဲ့သတ္တိဆိုတာ ဒီပညာအရည်းအချင်းများသာ ဖြစ်ပါတယ်။ ဘယ်လောက်ထင်ရှားသလဲဆိုရင် အသေးအဖွဲ ရန်ပွဲလေးကအစ တိုင်းနိုင်ငံအချင်းချင်း စစ်ခင်းရသည်အထိ ပြဿနာကြီးကျယ်လာတဲ့အခါမျိုးတွေမှာလဲ ပညာရှိတို့ဘက်က အောင်ပွဲရစမြဲဖြစ်တယ်။

ဒီအကြောင်းကြောင်းတွေကြောင့် လောကီပညာရပ်များဟာ အဘိဓမ္မာသဘောအရ ပညာအတုများပင် ဖြစ်သော်လည်း လောကီကြီးပွားချမ်းသာရေး၌ ဒီပညာအတုများကလဲ များစွာအသုံးဝင်ကြောင်း တောင်မြို့ ဆရာတော်ဘုရားကြီးက ထောက်ပြတော်မူတယ်။

မြန်မာပြည်ဖွား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကို တောင်မြို့မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက ကြီးပွားချမ်းသာစေချင်တယ်။ လူ့ဘဝ၌ အထက်တန်းကျကျ နေထိုင်နေတာမျိုးကို သူမြင်လိုတဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်(နှာ ၁၀၂)မှာ ရေးသားထား ခဲ့တယ်။ အမျိုးဘာသာ သာသနာရဲ့ အကျိုးစီးပွားကို အမြဲတမ်းလိုလားတော်မူတဲ့ ဆရာတော်ဘုရားကြီးအား စာရေးသူ အကြိမ်ကြိမ်အခါခါ ရှိခိုးနေမိပါ၏  ဆရာတော်ဘုရားကြီးက –

ယခုအချိန်တိုင်အောင် ကူးသန်းရောင်းဝယ်မှု၌ ဥာဏ်မျက်စိစူးရှသော နိုင်ငံခြားသားတို့က ငါတို့အမျိုးသား အမျိုးသမီးတွေကို ကလေးလို့ သဘောထား၍ ပစ္စည်းရော လူပါ အညွှန့်ခူးချင်တိုင်း ခူးနေကြသည့်အပြင် အောက်တန်းစားဟုထင်ရသော နိုင်ငံခြားသားလက်လီ ကုန်သည်လေးများကလည်း ထထကြွကြွ ဝိရိယဖြင့် စားပေါက်စားလမ်းကို အစွမ်းကုန် နှိုက်နေကြသည်။ ငါတို့အမျိုးသားတွေကဖိုးသူတော် ကျပ်တစ်လုံးနှင့် ညောင်ပင်ကုန်းမှာ အိပ်ပျော်နေကြတုန်းပင်

                        “အို……. အမျိုးသားတို့ ပညာတတ်နည်းပါးသော နိုင်ငံဟူသမျှသည် အဘက်ဘက်က အောက်တန်းကျရမည်မှာ ဗေဒင်မေးနေစရာ မလိုတော့ပါ။ အမျိုးကိုချစ်ခင်ကြသော ကျောင်းဆရာကြီးများကလည်း စွမ်းနိုင်သမျှ နည်းကောင်းလမ်းမှန်များကို ညွှန်ပြကြပါ။ ကျောင်းသားကျောင်းသူတို့ကလည်း စိတ်ပါးလက်ပါ ကြိုးစားကြပါ။ ဓနရှင် လူကြီးလူကောင်းများ (အုပ်ချုပ်သူ လူကြီးလူကောင်းများ)နှင့် သံဃာတော်အပေါင်းကလည်း ပညာရေး တိုးတက်အောင် အဘက်ဘက်က အားပေးကြပါ။ ဤသို့ တစ်နိုင်ငံလုံးကြိုးစားမှသာ ယခုဘဝ၌ နာလန်ထူပြီးလျှင် သံသရာ အဆက်ဆက်လည်း ထက်မြက်သော ဇာတိပညာရှင်များ ဖြစ်နိုင်ကြပါလိမ့်မည်တဲ့။

ဆရာတော်ဘုရားကြီးရဲ့မေတ္တာ၊စေတနာတို့ဟာ  တိုင်းသား၊ ပြည်သူများအပေါ်မှာ ဘယ်လောက် သံယောဇဉ်ကြီးမားတယ်ဆိုတာ ဖေါ်ညွှန်းပြနေတယ်။ မှန်ပေတယ်။ လူနည်းစုမှာရှိတဲ့ ဥစ္စာဓနနှင့် အသိပညာ၊ အတတ်ပညာများဟာ နိုင်ငံရဲ့အများစုဖြစ်တဲ့ ဆင်းရဲသားဦးရေကို ကိုယ်စားမပြုနိုင်၍ ဥစ္စာဓနနှင့်ရော အသိပညာ၊ အတတ်ပညာများဖြင့်ပါ အများစုကို ကိုယ်စားပြုနိုင်မှသာ နိုင်ငံနဲ့လူမျိုးသည် ကမ္ဘာ့အလယ်မှာ ထယ်ဝါလာနိုင်မည်ဖြစ်တယ်။

ပန်းမသီနိုင်တဲ့ကြိုးကို လှပမွှေးကြူတဲ့ရောက်စုံပန်းလေးများဖြင့် စေတနာ၊ ဝါသနာ၊ အကြင်နာတို့ကိုအရင်းခံလျက် ကြင်နာယုယစွာ သီကုံးပေးခြင်းဖြင့် အချိုးညီမျှတဲ့လူ့ဘဝနှင့် သာယာအေးချမ်းတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖန်းတီးနိုင်လိမ့်မယ်လို့ ယုံကြည်ထားလို့ပါ။

ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်သူများ၊ စီးပွားဥစ္စာရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များဟာ ပန်းမဲ့နေတဲ့ကြိုးလေးတွေကို ပန်းသီပေးခြင်းဖြင့် အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေ။ အမျိုးသားရေးကို မြတ်နိုးသူတိုင်း၊ တိုင်းကျိုး၊ ပြည်ကျိုးကို သယ်ပိုးလိုသူတိုင်း အလားတူ ဆောင်ရွက်နိုင်ကြပါစေ။ နောက်ဆုံးအနေနဲ့ တိုင်းကျိုး၊ ပြည်ကျိုးများကို အမြဲတမ်းသတိတရရှိတော်မူတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ မေတ္တာစေတနာတို့ကို ဂုဏ်ပြုပူဇော်ရင်း ဆရာတော်ဘုရားကြီးရဲ့ပုံရိပ်လွှာကို တမ်းတမ်းတတရည်မျှော်လျှက် ဆရာတော်ကြီးရေးခဲ့တဲ့ လင်္ကာလေးနဲ့ နိဂုံးချုပ်ပါရစေ။

ကိုယ်တည်းတစ်ယောက်၊ ချမ်းသာရောက်ဖို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊သာသနာ၏၊ ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်၊ ရသည့်တန်ခိုး၊ ထပ်မညှိုးအောင်၊ အားကြိုးမာန်တက်၊ ငါဆောင်ရွက်သည်၊ ဆက်လက်တည်တံရုံသာတည်း။ (တစ်ဘဝသံသရာ နှာ ၃၀၉)

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဘိက္ခုဓမ္မပိယ (USA)

08-25-2011.

 
Leave a comment

Posted by on September 2, 2011 in Thoughts

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: