RSS

Maung Yit – In solidarity with Burmese Community

02 Sep

မြန်မာတိုင်းရင်းသား ကွန်မြူနီတီနဲ့ စိတ်ဝမ်းမကွဲ အတူလက်တွဲကြဖို့

မောင်ရစ်၊ စက်တင်ဘာ ၁၊ ၂၀၁၁

တပါတီ အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေနဲ့ အလိုတော်ရိတွေ၊ ထောက်လှမ်းရေးတွေ၊ တန်ပြန်ထောက်လှမ်းရေးတွေ၊ အပေါင်းအပါတွေက အတိုက်အခံတွေ၊ သာမန်ပြည်သူတွေကို သွေးခွဲအုပ်ချူပ်တယ်၊ အကြောက်တရား၊ သံသယတွေ၊ သတင်းမှားတွေ သွတ်သွင်းထားတယ်။ မျှော်လင့်ချက်အလွဲတွေ၊ ကောလဟာလတွေကို အမြဲ ဖြန့်ချိလေ့ရှိတယ်။ အခြေခံ လူထု လူတန်းစားတွေဟာ အမြဲတစေမှာ တစုနဲ့ တစု တဦးနဲ့ တဦး မတူကွဲပြားတဲ့ အမြင်တွေ အထင်တွေနဲ့ နီးနီးစပ်စပ် မနေဖြစ်ကြဘဲ ခပ်ခွာခွာ သီးသန့်နေထိုင်ကြတဲ့ အလေ့က အရိုးစွဲနေတော့တာပဲ။

ဒါကို ဘာကြောင့် ပြောနေတာလဲဆိုတော့ ကိုယ်တွေ့၊ ကိုယ်တွေ့လို့ ပြောချင်လို့ ဖြစ်တယ်။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျနော်နဲ့ အနီးဆုံးအရပ်ဒေသ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ မြန်မာတိုင်းရင်းသားတွေ အားလုံးနီးပါး ကျောချင်းကပ်မိကြတော့တာပဲ။ မြန်မာပြည်က သံဃာတော်တွေကို ကူညီဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အားပေးဖို့ လှုပ်ရှားမှုတွေ တက်ကြွလှုပ်ရှားလာခဲ့တယ်။ သို့သော်လည်း စစ်အစိုးရရဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးနှိမ်နှင်းမှုတွေအပြင် ပြည်တွင်း၊ ပြည်ပက အုံကြွလှုပ်ရှားသူတွေ၊ ကူညီအားပေးသူတွေကြားထဲမှာ ကောလဟာလတွေ၊ သတင်းမှား၊ အမြင်မှားတွေ ဖြန့်ချိသွတ်သွင်းမှုတွေနဲ့ လူထုနိုးကြားမှုတွေကို အားနည်းသွားစေခဲ့တယ်။

အနီးဆုံး ကြုံတွေ့ရတဲ့ ဥပမာတွေကတော့ မြန်မာပြည်ကို ပြန်ကြမယ့်သူတွေကို လေဆိပ်မှာ ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ ကောလဟာလ၊ မြန်မာပြည်တွင်းကို ကူညီလှူဒါန်းကြတဲ့ ငွေကြေး အလှူဒါနတွေ အလွဲသုံးစားလုပ်နေတယ်၊ အဟောသိကံဖြစ်နေတယ်ဆိုတဲ့ အတင်းအဖျင်းတွေ၊ မြန်မာတိုင်းရင်းသား ကွန်မြူနီတီတွေအချင်းချင်းထဲက တက်ကြွလှုပ်ရှားသူတွေနဲ့ နီးစပ်သူတွေကို ထောက်လှမ်းရေး၊ သတင်းပေးတွေအဖြစ် တံဆိပ်ကပ် သတင်းမှား ထုတ်လွှင့်တာတွေကို ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းအလွန်ကာလ ပြည်သူလူထုရဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုတွေဟာလည်း အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး ဖြိုခွဲခြင်း ခံခဲ့ရသလို၊ တံဆိပ်ဆိုး အမျိုးမျိုးကပ်ပြီး စေတနာဝန်ထမ်းလှုပ်ရှားသူတွေ၊ ပြည်သူ့လူထုလှုပ်ရှားမှုတွေကို အရှိန်လျော့ အားပျော့သွားအောင် စစ်အာဏာပိုင်တွေဖက်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောချင်တယ်။

စစ်အာဏာရှင်တွေဟာ မျှော်လင့်ချက်တလွဲတွေကိုလည်း အမြဲ ထုတ်လုပ်နိုင်တယ်။ သူတို့ဖမ်းဆီးထောင်ချထားတဲ့ ခင်ညွန့်တို့ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းသတင်းတွေကို လိုအပ်ရင် လိုအပ်သလို ထုတ်သုံးလေ့ရှိတယ်။ ဒေါ်စုနဲ့ တွေ့ဆုံတာကိုလည်း ဟန်ပြလုပ်လေ့ရှိတယ်။ တိုင်းရင်းသားပဋိပက္ခတွေကိုလည်း မီးထိုးလိုက်၊ ရေထိုးလိုက် လုပ်တယ်။ ကြားနေတဲ့ သဘောထားနဲ့ ရွှေပြည်အေးတရားဟောပြီး စစ်အစိုးရဘက်လိုက်သူများကို တဖက်စောင်းနင်း ပ,စားပေးပြီး လူတွေကို တွေဝေအောင် လုပ်နေခဲ့တာတွေ ပြန်စဉ်းစားရင်း တလုံးပြီး တလုံး ပေါ်လာကြလိမ့်မယ် ထင်တယ်။

နောက်တချက်က ကျနော်တို့ကိုယ်တိုင်ကလည်း အမြင်ကျဉ်းတာ၊ သဘောထားမကြီးတာတွေ၊ အရိုးစွဲနေတဲ့ အညံ့စိတ်တွေ၊ အငုံ့စိတ်တွေကလည်း တရားခံတွေပဲလို့ လက်ညိုးထိုးချင်ပါတယ်။ ၀န်ခံချင်ပါတယ်။ ဘယ်လိုသတင်းတွေ အတင်းတွေ ကြားလိုက် ကြားလိုက် ကျနော်တို့က ငါ့ဘက်၊ သူ့ဘက်ဆိုတဲ့ အတွေးနဲ့ ဘက်လိုက်ဖို့၊ သူများကို လက်ညှိုးထိုးဖို့ အတော်ကို ၀န်မလေးကြဘူး။ အဖွဲ့အစည်းတွေ၊ ကွန်မြူနီတီတွေ၊ မတူတဲ့သူတွေနဲ့ အတူတွဲအလုပ်လုပ်တာတွေကို အလေ့အကျင့်မရှိတော့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး ဘုံတူညီတဲ့ ရပ်တည်ချက်တွေ၊ နည်းလမ်းတွေ၊ အလျော့အတင်းတွေကို ကိုယ့်မိသားစု ကွန်မြူနီတီထဲမှာ မကျင့်သုံးမိကြဘူး။

အဲသည်အခါကျတော့ ကျနော်တို့တတွေက တူရာတူရာ ကိုယ့်အရောင်အသွေးချင်း ရောနှောလက်ခံလို့ရတဲ့ ကိုယ့်ချည်တိုင်ဆီကိုယ် ပြန်ကြရတာနဲ့ ဂိတ်ဆုံးကြတော့တာပဲ။ တခုခု လုပ်တိုင်း မိတ်ဆွေတိုးတယ်၊ နယ်မြေကျယ်တယ်ဆိုတာ မရှိဘူး။ အရေးကိစ္စတခုပြီးစီးသွားတဲ့အခါ တရားသမားတွေကလည်း သူတို့ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းထဲ ပြန်ဝင်ကုန်တယ်။ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ၊ အသွေးအရောင် မတူတဲ့ တိုင်းရင်းသားတွေကလည်း သူတို့ လာခဲ့တဲ့ နေရာ အမိုးဌာနေတွေဆီ ပြန်လည် ဆုတ်ခွာကြတယ်။ လက်သီးလက်မောင်းတန်းသူ နိုင်ငံရေးသမားတွေကလည်း သူတို့နေရာဆီ သူတို့ပြန်ကြ၊ လူမှုရေးသမားတွေကလည်း အစက တို့မပြောလား ဆိုတဲ့ မျက်နှာပေးနဲ့ အချင်းချင်းလက်တို့ပြီး သူတို့ သန်ရာ သန်ရာ နယ်မြေတွေဆီ ပြန်လှည့်ကုန်တယ်။ ကျနော်တို့တတွေဟာ အမြဲတမ်း အရေးအကြောင်းကြုံတိုင်း အသစ်ကပြန်စ၊ အစကနေ ပြန်စ ကြတာနဲ့ အချိန်ကုန်ရတယ်။ ပြီးပြန်တော့လည်း အဆုံးမှာ တစဆီ ပြန်ကောက်ကြရ ပြန်တာပဲ။

၂၀၀၉ မှာ အဲသည် အခက်အခဲ အတားအဆီးတွေ ကျော်လွှားပြီး ကျော်သူ၊ သန်းမြင့်အောင်၊ ဖြူဖြူသင်း၊ ဦးအေးမြင့် (လမ်းပြကြယ်)၊ သပိတ်အိုင် သီတဂူဆရာတော်၊ ဦးမြင့်အေး စတဲ့ လူမှုရေး စွန့်လွှတ် မြုပ်နှံသူတွေ ထင်ရှားပေါ်ထွန်းလာတယ်။ ၂၀၀၉ မှာ ဒေါ်စုကို အင်းစိန်ထောင်ပို့ပြီး အရေးယူဖို့ စစ်အစိုးရက ကြိုးစားတယ်။ လူမှုရေး စေတနာဝန်ထမ်းလုပ်ငန်းတွေကပဲ တိုင်းပြည်အတွက် ထွက်ပေါက်လိုလို ဖြစ်လာတော့ သူနဲ့ ထပ်တူ အရေးပါတဲ့ အမျိုးသားရေး၊ တိုင်းရင်းသားအရေးနဲ့ အထွေထွေ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ နောက်တန်းမှာ သွားရပ်ရမလိုလို ဖြစ်လာတယ်။ ကျနော်တို့တတွေကလည်း အများနဲ့ ကျယ်ပြန့်တဲ့ အမျိုးအစားစုံလင်တဲ့ လှုပ်ရှားမှုတွေ ဖြန့်ကျက်မလုပ်နိုင်တော့ဘဲ တခုကောင်း ၂ခုကောင်းလောက် စုပြုံလှုပ်ရှားမှုတွေဖက် အားသန်လာခဲ့တယ်လို့ ဆိုချင်တယ်။

မောင်ရစ်ကိုယ်တိုင်လည်း အမေရိကန်ပြည်ရောက် မြန်မာလူမျိုးစုတွေရဲ့ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုမှာ အစွမ်းကုန် လုပ်အားပေး စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့တယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ချီးမြှင့်ပွဲတွေ ပြီးစီးသွားတဲ့အထိ လုပ်ပေးခဲ့ပြီးပြီ။ အဲသည်လှုပ်ရှားမှုမှာလည်း ကောလဟာလတွေ သွေးခွဲတဲ့ အတိုက်အခိုက်တွေ ကြုံခဲ့ရတာပဲ။ စစ်အာဏာပိုင်တွေကိုယ်တိုင်က သည်လှုပ်ရှားမှုဟာ အမေရိကန်အစိုးရတွေ၊ အနောက်အုပ်စုတွေက ငွေကြေးထောက်ပံ့ပြီး ကြိုးကိုင်တဲ့ ဒေါ်လာစားတွေရဲ့ လုပ်ကြံမှုပဲလို့ တိုက်ခိုက်ခဲ့တာကို ကိုယ်တွေ့ကြုံခဲ့တာကိုး။ တကယ်တမ်းမှာတော့ လက်တဆုပ်စာ မြန်မာစေတနာရှင်တွေရဲ့ ကိုယ်ထူ ကိုယ်ထ လှုပ်ရှားမှုဆိုတာ ကိုယ့်အိမ်နီးချင်း ကွန်မြူနီတီကို အတော် သဘောပေါက်အောင် ပြောယူရတာ။ ပြည်တွင်းက မြန်မာလူမှုရေး စွန့်လွှတ်စွန့်စားသူတွေကို ဂုဏ်ပြုတဲ့ ရန်ပုံငွေလှုပ်ရှားမှုတွေဆိုတာ အများပြည်သူရဲ့ အသည်းထဲက အလှူဖြစ်တယ်ဆိုတာ၊ ပြီးတော့ သည်အလှူငွေတွေကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများပြည်သူကို စာရင်းရှင်းထုတ်ပြန်ပြီး သုံးစွဲ ဖြန့်ချိတယ်ဆိုတာကို အများပြည်သူတွေရဲ့ ချစ်ခင်၊ ယုံကြည်၊ လေးစား အားပေးမှုကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပေါ့။ မျိုးစုံသော အတားအဆီးတွေ၊ အခက်အခဲတွေဆိုတာ တကယ်တမ်း ကွန်မြူနီတီထဲမှာ ထဲထဲဝင်ဝင် လုပ်ကိုင်တော့မှ သိရှိ နားလည်ရတာ ဖြစ်ပါတယ်။

ကြုံလို့ ပြောချင်တာကတော့ မိုးမခသတင်းဌာနကို ရုံးထဲ အိမ်ထဲ ကွန်ပြူတာရှေ့က မထဘဲ၊ ပညာရှိတို့မည်သည် ပြေးကြည့်တာထက် တွေးကြည့်တာက ပိုပြီး မှန်တယ်ဆိုတဲ့ သောက်တလွဲ အထင်ကြီး တခွဲသားနဲ့ ရွာပြင်မှာ တဲထိုးပြီး လုပ်ကိုင်ခဲ့တာ နှစ်အတော်ကြာခဲ့တာကလား။ လူထုနဲ့ နီးစပ်အောင် တသားတည်း မနေဘဲ အင်တာနက်တွေ၊ ကွန်ပြူတာတွေ၊ နည်းပညာတွေနဲ့ ကိုယ်နဲ့ နီးစပ်သူတွေအချင်းချင်း ကျီးမြှောက်၊ ဘုတ်မြှောက်နဲ့ နေပြီး ကိုယ့်ဖာသာကိုယ် ကျေနပ်နေသူကြီး ဆိုတော့ ကွန်မြူနီတီထဲမှာ တကယ်တမ်း ၀င်ရောက် လှုပ်ရှားစည်းရုံးမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်တော့မှပဲ ကို်ယ်ကိုယ်တိုင် အမြင်ကျဉ်းတာ၊ အထင်လွဲနေတာတွေကို တွေ့ရှိ ရိပ်မိပါတော့တယ်။

ဘာသာရေးသမားတွေကလည်း လူမှုရေးသမားတွေကို သီးခြားသဘောထားတယ်။ လူမှုရေးသမားတွေကလည်း နိုင်ငံရေးသမားတွေကို မတူသူတွေလို ဆက်ဆံတယ်။ တိုင်းရင်းသားတွေ အချင်းချင်းမှာလည်း အကျိုးစီးပွားချင်း မတူညီသူတွေဆိုပြီး ခွဲခြားဆက်ဆံကြတယ်။ သတင်းသမားတွေ၊ အနုပညာသမားတွေကလည်း အမြင်ချင်း မတူသူတွေအဖြစ် အစုအဖွဲ့တွေနဲ့ တသီးတခြားနေကြတယ်။ ၂၀၁၀ မှာ အမေရိကန်ပြည်သန်းကောင်စာရင်းထုတ်ပြန်ဖို့အတွက် ၂၀၀၈ ကတည်းက စပြီး မြန်မာလူမျိုးစုတွေကို လှုပ်နိုး နှိုးဆော်တဲ့အခါ အဲသည် သီးခြားအကျိုးစီးပွားတွေက အစုအဖွဲ့တွေကြားထဲ ၀င်ခြားနားကုန်တော့ ကျနော်တို့တတွေမှာ အများအကျိုး (မြန်မာပြည်လူမျိုးစုအားလုံးအကျိုးစီးပွား) ဖြစ်တဲ့ အမေရိကန်မှာ Burmese လို့ တစုတစည်းတည်း စာရင်းကောက်ခံရမယ့်အဖြစ်က ဇာတ်ခေါင်းတွေ ကွဲခဲ့ကြလို့ သိန်းဂဏန်းရှိနိုင်တဲ့ ငဒို့ ဗမာတွေ (တိုင်းရင်းသားတွေ အပါအ၀င်) သောင်းကျော်နဲ့ မျက်နှာမလှ ဖြစ်ခဲ့ရတယ်။

၂၀၁၀ မှာ စစ်အစိုးရဟာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအစုအဖွဲ့တွေကို သွေးခွဲပြီး ရွေးကောက်ပွဲဝင်ဖို့ ကျူးံသွင်း လှည့်ဖြားခဲ့တယ်။ တိုင်းရင်းသားတွေကိုလည်း အကျိုးစီးပွားချင်း ခွဲခြားပြီး ဆွဲဆောင်ခဲ့တယ်။ ရွေးကောက်ပွဲ ကြုံခဲ့ဖူးသူနဲ့ မကြုံခဲ့ဖူးသူတွေကို ခွဲခြမ်းလိုက်တယ်။ နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်းကြီးတွေအောက်မှာ နွမ်းနယ် ပင်ပန်းနေသူတွေ၊ မိမိ မိသားစုဝင်တွေ နယ်ဝေးအကျဉ်းထောင်တွေမှာ ရောက်ရှိနေလို့ သောကဖိဆီးနေသူတွေ၊ နိုင်ငံရေးကယ်တင်ရှင်ကြီးအဖြစ် စိတ်ကူးတွေယဉ်ပြီး နိုင်ငံရေးပြဒါးရှင်လုံး ဖြစ်နိုးနဲ့ ဖိုရ်ထိုးနေသူတွေ၊ လူမှုရေးသမား၊ ဘာသာရေးသမား၊ နိုင်ငံရေးသမား၊ အမျိုးအစား အဖုံဖုံ အစားစားကို ခွဲခြား ကန့်သတ်ထားပြီး ရွေးကောက်ပွဲကြီး ၀ှဲချီး ကျင်းပနိုင်ခဲ့တာကို ကျနော်တို့ ပြန်လည် စဉ်းစားသုံးသပ်ကြည့်သင့်လှပါတယ်။

၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ပြည်တွင်း ပြည်ပက လူထု လူတန်းစားအသီးသီးဟာ ဒါတွေကို အတတ်နိုင်ဆုံး ကျော်လွှားခဲ့ပြီးပြီ၊ သင်ခန်းစာတွေ ရခဲ့ပြီးပြီ၊ ပညာတွေလည်း အတော်အသင့် ရခဲ့ပြီလို့ မျှော်လင့်ကြည့်ချင်တယ်။ လက်ရှိ ဆန်ဖရန်စစ္စကို ဘေးဧရိယာက မြန်မာတိုင်းရင်းသား လူမျိုးစု လူထု လူတန်းစားအသီးသီးဟာ လွန်ခဲ့တဲ့ နှစ်တွေနဲ့ မတူ၊ ထူးခြားတဲ့ ကိုယ်ချင်းစာစိတ်၊ မုဒိတာစိတ်၊ ဂရုဏာစိတ်၊ ချစ်ခင်ညီညွတ်တဲ့ စိတ်တွေနဲ့ လှုပ်ရှားမှုတွေ၊ နားစွင့်မှုတွေ၊ နားလည်မှုတွေ ရှိလာတယ်လို့ ခံစားမိတယ်။

နိုင်ငံရေးသမားတွေက သူတို့အလုပ် သူတို့လုပ်နေချိန်မှာ လူမှုရေး၊ ဘာသာရေးသမားတွေက ထိုသူတွေကို ရေတခွက် ခပ်တိုက်ဖို့  ၀န်မလေးပါဘူး။ ဘာသာရေးသမားတွေက ဆုတောင်းနေချိန်မှာ လူမှုရေးသမားတွေကလည်း သူတို့နဲ့ အတူ ကောင်းမှုတွေ ပြုနေနိုင်တာပဲ။ တိုင်းရင်းသားတွေက သူတို့နယ်မြေတွေက ဒုက္ခတွေအကြောင်း ထုတ်ဖော်နေချိန်မှာ ကျန်သူတွေက သူတို့တွေနဲ့အတူ လက်တွဲ အားပေးကြဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ သည်လိုပဲ ပြောချင်၊ မြင်ချင်တယ်။ သတင်းသမား၊ စာသမားတွေကလည်း ကိုယ့် ပတ်ဝန်းကျင် ကွန်မြူနီတီက သာရေး၊ နာရေး၊ ဘာအရေးပဲဖြစ်ဖြစ် ပေတံပေါင်းစုံ အဖုံဖုံ ထုတ်ပြီး တိုင်းတာနေတာထက် “လူစိတ်”ဆိုတဲ့ အခြေခံပေတံကလေးနဲ့ လူထုနဲ့ လက်တွဲပြီး ရယ်မောဖို့၊ ငိုကြွေးဖို့ အဆင်သင့် ပိုဖြစ်သင့်တယ်လို့ ယူဆမိတယ်။

စစ်အာဏာရှင်တွေ၊ အာဏာရှင်တွေ၊ လက်နက်အားကိုးနဲ့ အကြမ်းဖက် အနိုင်ကျင့်သူတွေ၊ ငွေကြေး ဥစ္စာဓနတွေ မတရားနည်းနဲ့ ရှာဖွေ စုဆောင်းသူတွေဟာ ၊ အဂတိလိုက်စားသူတွေ အဲသည်လူတွေက ကျနော်တို့ ပြည်သူလူထု လူတန်းစား အသီးသီး စည်းလုံးညီညွတ်တာကို လိုလားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အမှားတွေ၊ မတရားမှုတွေကို ဖုံးကွယ်ဖို့၊ ဟန်ဆောင်ဖို့၊ သူတို့တတွေ လက်ရှိ အနိုင်ရ အသာစီးရနေတဲ့ နေရာ ဌာန ဒေသတွေမှာ ဆက်လက် တည်မြဲနေဖို့က ကျနော်တို့တတွေ အကွဲကွဲ အပြားပြား တယောက် တပေါက် ပြန့်ကျဲနေမှပဲ ဖြစ်မှာပါ။ နည်းမျိုးစုံသုံးစွဲပြီးတော့လည်း သွေးခွဲနေဦးမှာ ဖြစ်တယ်။

လွန်ခဲ့တဲ့ ၃ ရက်ကပဲ အင်တာနက်ပစ်စာတစောင်ရတယ်။ ကျနော်တို့ရဲ့ ဘေးဧရိယာကွန်မြူနီတီတွေ့ဆုံပွဲတခုကို တက်ရောက်လာတဲ့သူတွေဟာ စစ်အစိုးရဘက်သားတွေ၊ အမေရိကန်အစိုးရဘက်သားတွေ၊ တကိုယ်ကောင်းဆန်သူတွေ၊ လူမျိုးရေး အမြင်ကျဉ်းသူတွေ စသည်ဖြင့် တိုင်းထွာစွတ်စွဲရေးသားထားတဲ့ စာတစောင်ဖြစ်တယ်။ သည်အတိုင်း ဖတ်ကြည့်လိုက်ရင် အတော်ဖတ်လို့ကောင်းတဲ့ စာတစောင်ပဲ။ သို့သော်လည်း အဲသည်လို စာတစောင်ရဲ့ အဆိပ်အတောက်ဆိုတာ ကျနော်တို့အချင်းချင်းတွေကြားမှာ နားလည်မှု၊ စာနာမှု၊ ညှိနှိုင်းမှုတွေ ပေးဆပ်ပြီး တည်ဆောက်နေရတဲ့ ကွန်မြူနီတီတခုကို အချိန်မရွေး ပြိုကွဲ ဖျက်ဆီးပစ်လိုက်နိုင်တဲ့ ချိန်ကိုက်ဗုံးတွေဖြစ်တယ်လို့ မြင်မိပါတယ်။

တဦးနဲ့တဦးကြားမှာ သံသယတွေ မမွေးပါနဲ့၊ မယုံမကြည်နဲ့ မကောင်းမြင်တဲ့ သဘောထားတွေကို မသေချာ မရေရာဘဲနဲ့ တဖက်သတ် မဖြန့်နေကြပါနဲ့။ ကြိုတင်ပြီး တဖက်သတ် တန်ဖိုးဖြတ် ချိုးနှိမ်တာတွေလည်း မလုပ်ပါနဲ့။ နားလည်မှုလွဲတာကို ဖြေရှင်းနိုင်သလောက် ဖြေရှင်းပြီး ကွန်မြူနီတီမှာ ရိုးရှင်း မြင်သာမှုတွေနဲ့ နေထိုင်ကြဖို့ လိုအပ်နေပြီ ထင်ပါတယ်။

မိုးမခသတင်းဌာနကတော့ မိမိ ၀ိုင်းတော်သားတွေ၊ မိတ်ဆွေတွေရဲ့ ချစ်ခင်ရင်းနှီးမှု၊ ၀ိုင်းဝန်း ကူညီ အားပေးမှုတွေနဲ့ မိမိကွန်မြူနီတီရဲ့ သတင်းတွေ လှုပ်ရှားမှုတွေကို အတွေးအမြင်တွေကို အကျယ်ပြန့်ဆုံး ပေးပို့ တင်ဆက်သွားနေမှာပဲ ဖြစ်ပါတယ်။ အားလုံးကလည်း ၀ိုင်းဝန်းကြဖို့ ဖိတ်ခေါ်ပါတယ်။ မိုးမခမီဒီယာဆိုတာက မိမိကွန်မြူနီတီနဲ့ စိတ်ဝမ်းတွေကွဲ မပေါင်းသင်းဘဲ နေကြမယ်လို့ ကြွေးကြော်ရဲတဲ့ ဌာန မဟုတ်ပါဘူး။ ဘယ့်နှယ် မိမိကွန်မြူနီတီနဲ့ မပေါင်းဘဲနဲ့ ဘယ်သူနဲ့ သွားပေါင်းရမှာတုန်း။ ဘယ်သူနဲ့မှ မတည့်တော့လို့ဆိုပြီး စစ်အာဏာရှင်တွေနဲ့ သွားပေါင်းမယ့်အစားထဲ ဒို့တတွေ မပါဘူး။          ။

 

 
Leave a comment

Posted by on September 2, 2011 in Maung Yit, Op-Ed

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: