RSS

Letters from Michigan – 84

04 Sep

မစ်ရှီဂန်ကပေးတဲ့စာ(၈၄)

အောင်ဝေး
စက်တင်ဘာ ၄၊ ၂၀၁၁

 

“…ဗကသများအကြောင်း တွေးမိရင်တော့၊ နှလုံးသားထဲ ပူနွေးလာရတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတယ်။ကျနော် လုပ်နိုင်တာက ဒါပဲရှိတာဆိုတော့၊ အကျဉ်းထောင်ထဲ ရောက်နေရတဲ့ကျောင်းသားတွေကို အထူးပဲ အားနာမိတယ် ကိုဒေါင်းရေ…”

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့များလည်းသာပါရဲ့နော်။ ဒီတခါလည်း အနာတရတွေ များလွန်လွန်းလှတဲ့ သြဂုတ်လအကြောင်း ပြောလက်စနဲ့မို့ ဆက်ပြီး ပြောပရစေ။
သြဂုတ်လဟာ နာကျင်စရာတွေများတယ်၊ ကြေကွဲစရာတွေများတယ်လို့ ကျနော်ပြောခဲ့တယ်။ ဒါပေမဲ့ ကိုဒေါင်းကြီး…၊ ကျနော်တို့ရဲ့သမိုင်းဟာ နာကျင်ကြေကွဲစရာတွေနဲ့ချည်း သီးသီး ဖွဲ့ တည်နေတဲ့ သမိုင်းတော့လည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ တက်ကြွစရာ၊ အားရစရာ၊ ဂုဏ်ယူစရာ၊ ရင်ခုန်စရာ၊ ဥဒါန်းကျူးရင့်စရာ၊ ၀မ်းမြောက် ကြွေးကြော်စရာတွေလည်း ကျနော်တို့ သမိုင်းကို ဖွဲ့ စည်းထားတဲ့အထဲမှာ ရှိပါသေးတယ်။ ကျန်ပါသေးတယ်ဗျာ။

ကိုဒေါင်းရေ …၊ ကျနော်တို့ကဗျာလောက၊ စာလောကမှာ ကိုယ့်ရဲ့ အနီးဆုံး အတိတ်ရဲ့ အရိပ်ဟာ ပိုကြီးတယ်။ အနီးဆုံးအတိတ်က ကိုယ့်ကို ပိုပြီး သြဇာလွှမ်းမိုးတယ် ဆိုတဲ့ အယူအဆ တခုရှိရဲ့နော်။ ဥပမာအနေနဲ့ပြောရရင်၊ ကျနော်တို့ခေတ်ပေါ်ကဗျာလမ်းကြောင်းကိုစတင် ဖောက်လုပ်ကြတဲ့အခါ၊ ကျနော်တို့ရှေ့ က လေးလုံးစပ်လင်္ကာရဲ့သြဇာလောင်းရိပ်အောက်က မနည်းကိုရုန်းထွက်ခဲ့ကြရတာ မဟုတ်လား။

ကျနော်ပြောချင်တာက၊ အခုနေမှာ ကျနော်ကသြဂုတ်လဘွဲ့ တွေ၊ သြဂုတ်လအကြောင်းတွေ တွင်တွင် ပြောနေတော့၊ ကျနော့်ကို အရိပ်ထိုး လွှမ်းမိုးနေတဲ့ အနီးဆုံး အတိတ်က၊ တနည်းအားဖြင့် အနီးဆုံးသြဂုတ်လက ၂၀၀၇သြဂုတ်လပါပဲဗျာ။ အဲဒီ ၂၀၀၇သြဂုတ်လဟာ ကျနော့်အတွက် အမိတိုင်းပြည်မှာ နောက်ဆုံးဖြတ်သန်းခဲ့ရတဲ့ မမေ့နိုင်စရာသြဂုတ်လ ဖြစ်ခဲ့တာ မဟုတ်လား။ ဒါကြောင့် ဒီသြဂုတ်လဟာ ကျနော့်ကို လွှမ်းမိုးနေတယ်။ ကျနော့်ကို စိုးမိုးထားတယ်။

၂၀၀၇ သြဂုတ်လဟာ တက်ကြွစရာတွေ များခဲ့တယ်။ တိုက်ပွဲခေါ်သံတွေ များခဲ့တယ်။
၂၀၀၇ သြဂုတ်လလယ် အန်ကယ်ဦးကြည်မောင် ကွယ်လွန်ခြင်း(၃)နှစ်ပြည့်နေ့ ၊ ကိုမင်းကိုနိုင်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအဖွဲ က စတင်လိုက်တဲ့၊ နအဖစစ်အစိုးရက လောင်စာဆီဈေးနှုန်း ရုတ်တရက်မြှင့်လိုက်တာအပေါ် တုန့် ပြန်တဲ့၊ ကုက္ကိုင်းကနေ တာမွေဈေးအထိ လူထု စီတန်း လမ်းလျှောက် ဆန္ဒပြပွဲဟာ၊ ကြက်ဥအခွံကို နှုတ်သီးနဲ့ ထိုးဖောက်ပြီး၊ အထဲကကြက် အကောင်ပေါက်စကလေး၊ အပြင်ကို ရုန်းထွက်လာပုံနဲ့တူတဲ့၊ ကြီးမားတဲ့ အစပျိုး လှုပ်ရှားမှုပဲ မဟုတ်လား။

အဲဒီတုန်းက ကုက္ကိုင်း-တာမွေ ချီတက်ပွဲဟာ မမြင်ရ မတွေ့ရတာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ မြင်ကွင်းသစ် ဖြစ်လာတာပါ။ ၂၀၀၆ခုနှစ်ထဲမှာ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ အကျဉ်းထောင်အသီးသီးထဲက ပြန်လည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ဒီ ကုက္ကိုင်း-တာမွေ ချီတက်ပွဲဟာ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများအဖွဲ့ ရဲ့ ဒုတိယမြောက် စိန်ခေါ်မှုလို့ ဆိုရမယ် ကိုဒေါင်း။

ပထမစိန်ခေါ်မှုကတော့၊ ၂၀၀၆အာဇာနည်နေ့ ၊ ရွှေဂုံတိုင် NLD ရုံးရှေ့ မှာ၊ နအဖ လက်ပါးစေ စစ်ထောက်လှမ်းရေးတွေ၊ ရဲတွေ၊ ကြံ့ဖွံ့ နဲ့ စွမ်းအားရှင်တွေကို ၀ံ့ဝံ့စားစား အန်တု ရင်ဆိုင်ပြီး၊ ပြည်သူ လူထုကို ကိုမင်းကိုနိုင် ရဲရဲတောက်မိန့် ခွန်း ပြောခဲ့တဲ့နေ့ ပဲ၊ အဲဒီနေ့ ကို ပထမစိန်ခေါ်မှုလို့ သတ်မှတ်ရပါမယ်။

ကုက္ကိုင်း-တာမွေ ချီတက်ပွဲကြီးက အေးခဲနေတဲ့ကျနော်တို့ ပြည်သူလူထုရဲ့သွေးတွေကို ပူနွေးသွားအောင် လုပ်လိုက်တာပဲ။ ဒါနဲ့ တဆက်တည်းမှာပဲ၊ ကုန်ဈေးနှုန်း ကျဆင်းရေးတက်ကြွ လှုပ်ရှားသူတွေဖြစ်တဲ့ ကိုထင်ကျော်တို့အဖွဲ့ က ၂၀၀၇ သြဂုတ်လ(၂၂)ရက်နေ့ မှာ အထွေထွေသပိတ်ကြီး ဆင်နွှဲဖို့ လူထုကို တပ်လှန့် နှိုးဆော်လိုက်တဲ့ အခါမှာတော့၊ နအဖစစ်အစိုးရဟာ၊ လူထုထောက်ခံမှုအပြည့်အ၀ရှိနေတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားများအဖွဲ့ က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုဇော်ဇော်မင်း၊ ကိုကျော်ကျော်ထွေး၊ ကိုပဏ္ဍိတ်ထွန်း၊ မနိုဘယ်အေး၊ မစန္ဒာမင်း စတဲ့
ကျောင်းသားခေါင်းဆောင်(၁၄)ဦးကို၊ သြဂုတ်လ(၂၁)ရက်နေ့ မှာပဲ ညတွင်းချင်း ဖမ်းဆီး ထိန်းသိမ်းလိုက်တာ မဟုတ်လား ကိုဒေါင်း။

ဒါပေတဲ့ … လှေခွက်ချည်းကျန်၊ အလံမလှဲစတမ်းဆိုတဲ့ကျောင်းသားစိတ်ဓာတ်အတိုင်း
ကိုမင်းကိုနိုင်တို့ ခေါင်းဆောင်တွေ မရှိတော့ပေမဲ့လည်း၊ စစ်ထောက်လှမ်းရေးတွေ၊ ရဲတွေ၊ ကြံ့ဖွံ့ 
နဲ့ စွမ်းအားရှင်တွေ ရက်ရက်စက်စက် ဖြိုခွင်းနှိပ်ကွပ်နေတဲ့ကြားထဲက၊ ၂၀၀၇သြဂုတ်လ(၂၂)က
နေ ၂၆-၂၇အတွင်းမှာ၊ လှည်းတန်းမှာ၊ လှိုင်မှာ၊ နေရာတချို့ မှာ၊ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊
မနော်အုန်းလှတို့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့သေးတာပါ။

အဲဒီအချိန်မှာ မနီလာသိန်းတို့ကို ၀န်းရံပေးခဲ့ကြတဲ့သူတွေက၊ ၂၀၀၇ မျိုးဆက်သစ်
ကျောင်းသားငယ်လေးတွေပါ။ သူတို့လေးတွေဟာ နောင်တော့် နောင်တော် ခွပ်ဒေါင်းကြီးတွေရဲ့ တော်လှန် တိုးတက်တဲ့ သမိုင်းအစဉ်အလာကို ရဲရဲဝံ့ဝံ့ ဆက်ခံခဲ့ကြတဲ့ ခွပ်ဒေါင်းလေးတွေပါပဲ။

အဲဒီလို နအဖစစ်အစိုးရက ဖိနှိပ်ချုပ်ချယ်၊ တားဆီးပိတ်ပင်နေတဲ့ကြားကပဲ၊ အဲဒီလို မျိုးဆက်သစ် ကျောင်းသားငယ်လေးတွေဟာ၊ မိုးထဲလေထဲ မုန်တိုင်းထဲမှာ၊ ၂၀၀၇ သြဂုတ်လ(၂၈)
ရက်နေ့ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ ချုပ် (ဗကသများအဖွဲ့ ချုပ်)ကို
တဖန် ပြန်လည် ဖွဲ့ စည်းထူထောင်နိုင်ခဲ့ကြတာပဲ မဟုတ်လား။
ကျော်ကိုကို၊ ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း၊ မဟန်နီဦး အစရှိတဲ့ကျောင်းသား
ရဲဘော်လေးတွေဟာ၊ ၁၉၈၈ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့ က၊ ရန်ကုန်တက္ကသိုလ်၊ ဆဲဗင်းဂျူလိုင် ရင်ပြင်မှာ အစည်းအဝေး ကျင်းပဖွဲ့ စည်းခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် ဗကသကို
သူတို့လေးတွေလက်ထက် ၂၀၀၇မှာ အမွေဆက်ခံလိုက်ကြတာပဲ မဟုတ်လား။ ဒီနေ့ အထိ
၂၀၀၇ ဗကသ အသက်ရှိသေးတယ်လို့ ကျနော်က ယူဆတယ်ဗျာ ကိုဒေါင်း…။

နာကျင်စရာ၊ ကြေကွဲစရာတွေကြားထဲကပဲ၊ အဲဒီလို သြဂုတ်လနဲ့ ဗကသများအကြောင်း
တွေးမိရင်တော့၊ နှလုံးသားထဲ ပူနွေးလာရတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတယ်။
ကျနော် လုပ်နိုင်တာက ဒါပဲရှိတာဆိုတော့၊ အကျဉ်းထောင်ထဲ ရောက်နေရတဲ့ကျောင်းသားတွေကို အထူးပဲ အားနာမိတယ် ကိုဒေါင်းရေ …။
အားလုံးကို လေးစား တန်ဖိုးထားလျက်-

အောင်ဝေး
သြဂုတ် ၂၂-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese
 
Leave a comment

Posted by on September 4, 2011 in Aung Wa - Letters from Michigan

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: