RSS

Theitpan Chit Thu – Bahadur Shah Zafar

05 Sep

အိန္ဒိယနန်းကျဘုရင် ဗဟာဒူးရှားဇဖားရ်
သိပံ္ပချစ်သူ
စက်တင်ဘာ ၅၊ ၂၀၁၁


ကျနော်ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း (ယခင် ဇဖားရ်ရှားလမ်း) ရှိ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ပါတော်မူခဲ့သော နောက်ဆုံး မဂိုဧကရာဇ် ဗဟာဒူးရှားဇဖားရ်၏သင်္ချိုင်းဂူဗိမာန်သို့ သွားရောက်လေ့လာကြည့်ရှုမိသည်။

တချိန်က ရွှေနန်းတော်၌ မင်းစည်းစိမ်ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ မဂိုဧကရာဇ်သည် ရေခြားမြေခြား မြန်မာနိုင်ငံ၌ ရန်သူ၏လက်တွင်းတွင် နတ်ရွာစံခဲ့ပုံကို တွေးမိရင်း ကျွန်ုပ်တို့၏ မြန်မာဘုရင်သီပေါမင်းတရား အိန္ဒိယပြည်ရတနာဂီရိအရပ်၌ ဆင်းရဲချို့တဲ့စွာ နတ်ရွာစံခဲ့ရပုံကို ပြန် လည်ယှဉ်တွဲ အတွေးပွားနေမိပါတော့သည်။

ဤပါတော်မူ ဘုရင်နှစ်ပါး၏ဘ၀ကံကြမ္မာမှာ တနည်းတဖုံ ဆင်တူယိုးမှားတူညီနေပေ၏။ အိန္ဒိယပြည် ဒေလီမြို့တော်၌ အိန္ဒိယပြည့်ရှင် မဂိုဘုရင်အား အင်္ဂလိပ်တို့ကဖမ်းဆီး၍ ဇာတိနေပြည်တော်နှင့်ဝေးသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့လိုက်သည်။ အကျဉ်းစံ နန်းကျဘုရင်တပါးအဖြစ်နေထိုင်ရင်း ရန်ကုန်မြို့ဒဂုံအရပ်၌ နတ်ရွာစံခဲ့ရလေသည်။

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအားလည်း ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီး၍ နယ်ချဲ့ အင်္ဂလိပ်တို့သည် ရေကြောင်းခရီးဖြင့် ပထမ အိန္ဒိယနိုင်ငံမဒရပ်မြို့၊ ယင်းနောက် အိန္ဒိယနိုင်ငံအနောက်ဘက်ပင်လယ်ကမ်းခြေရှိ ရတနာ ဂီရိသို့ ၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ၌ အကျယ်ချုပ်ဘ၀ဖြင့် နှစ် ၃၀ နီးပါး နေထိုင်ခဲ့ရပြီးနောက် ၁၉၁၆ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် နတ်ရွာစံခဲ့သည်။

သို့ကလို မြန်မာဘုရင်အား အိန္ဒိယပြည်၌ခွေထားပြီး အိန္ဒိယဘုရင်အား မြန်မာနိုင်ငံ၌ခွေထားခြင်းမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ နည်းပရိယာယ် တခုပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ပါတော်မူခဲ့ရသော အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဧကရာဇ်မဟာဒူးရှားဇဖားရ် (Bahadur Shah Zafar) သည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ဒေလီမြို့တော်ရှိ ရှားဂျဟန်းဘုရင်ကြီး၏ လာလ်ကီယာနန်းတော်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှား (Emperor Akbar Shah II) က သားတော်အား ‘မိုဟာမက်စေရာဂျွန်ဒင်း’ ဟု မှည့်ခေါ်ခဲ့၏။ အရွယ်ရောက်လာသောအခါ ‘အဘူဇဖားရ်’ ဘွဲ့အမည်ဖြင့် အိမ်ရှေ့စံအပ်နှင်းခဲ့သည်။

ခမည်းတော်သည် သားတော်အား ငယ်စဉ်ကပင် နန်းတွင်း၌ပင် အကြီးတော်ဆရာများခန့်အပ်၍ မင်းသားတို့တတ်အပ်သော ပညာရပ်များကို သင်ကြားစေသည်။ အဘူဇဖားရ်သည် ဘာသာရေးအဆုံးအမတို့ကို လေးစားလိုက်နာသူလည်းဖြစ်သည်။ ဘာသာရေးစာပေကို ကြိုးစား သင်ယူသည်။ သူသည် ငယ်စဉ်ကပင် ကဗျာလင်္ကာများဖတ်ရှုခြင်း၊ ရေးသားသီကုံးခြင်းကို အထူးပင်ဝါသနာပါသည်။ နန်းတွင်းကဗျာစာဆို များဖြစ်ကြသော အီဘရာဟင်ဇောက်၊ ဟာဆန်နွလ်လာခန်းဂါလစ်တို့သည် သူ့အား ကဗျာဆရာတဦးအဖြစ်သို့ရောက်အောင် ဆရာစားမချန် သင်ကြားပြသပေး ခဲ့ကြသည်။ ထို့ပြင် အာရေဗီ (အာရပ်ဘာသာစကား)၊ ဖာရစီ (အီရန်ဘာသာစကား) နှင့် အူရဒူ (ပါ ကစ္စတန်ဘာသာစကား)များနှင့် စာပေများကို ဂရုတစိုက်သင်ကြားခဲ့ရာ အဘူဇဖားရ်သည် ဖာရစီဘာသာ၊ အူရဒီဘာသာတို့ဖြင့် ကဗျာလင်္ကာတို့ကို ရသမြောက် အောင် ဖွဲ့ဆိုသီကုံးနိုင်ခဲ့သည်။

အသက် ၄၀ တွင် အိမ်ရှေ့စံမင်းသားအဘူဇဖားရ်မင်းသားသည် ကြင်ယာတော်မိဖုရားလေးပါးဖြင့် သားတော်၊ သမီးတော်များထွန်းကားနေပြီဖြစ်သည်။

ထို့နောက် ဇဖားရ်ရှားဘုရင်၏အဘိုး ‘ဒုတိယမြောက်ရှားအာလမ်’ (Shah Alam II) သည် ၁၈၀၆ ခုနှစ်တွင် နတ်ရွာစံ၍ ခမည်းတော် အက္ကဘာရ်ရှားသည် နန်းတက်ခဲ့လေသည်။ နန်းတက်ပြီးမကြာမီမှာပင် သားတော်အားအိမ်ရှေ့နှင်းခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှားသည် နှစ် ၃၀ နီးပါးနန်းစံခဲ့ပြီးနောက် ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နတ်ရွာစံခဲ့သည်။

ဗဟာဒူးရှားသည် ခမည်းတော်နတ်ရွာမစံမီ ၁၀ ရက်အလို ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ပင် ‘အဘူဇဖားရ် မိုဟာမက်စေရာဂျွန် ဒင်းမဟာဒူးရှား’ ဘွဲ့အမည်ဖြင့် ရာဇဘိသေကခံခဲ့သည်။ နန်းတက်စဉ် မဟာဒူးရှားသည် အသက် (၆၂) ရှိနေပြီဖြစ်သည်။

စိတ်သဘောထားနူးညံ့သိမ်မွေ့သော၊ ဘာသာတရားကိုလေးစားလိုက်နာသော၊ ဘာသာရေးကျင့်စဉ်နှင့် ကဗျာလင်္ကာများတွင် မွေ့လျော် သော မဂိုဘုရင်ကြီးဗဟာဒူးရှားသည် ထီးနန်းစည်းစိမ်ကိုရရှိသော်လည်း စိတ်ကျေနပ်ပျော်ရွှင်မှုကို အပြည့်အ၀မရခဲ့ပေ။

သူသည် အသက်၂၀ ကျော်လောက်ကပင် ‘တစပ်ဝမ်’ ခေါ် မဖောက်ပြန်သော တရားလမ်းစဉ်ဘက်သို့ လေ့လာလိုက်စား၍ အသက် (၄၀) ကျော်အရွယ်တွင် ကိုယ်တိုင်ကျမ်းစာများပြုစုခြင်း၊ တရားပြဆရာအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုခဲ့သည်။

ဗဟာဒူးရှားသည် အိန္ဒိယပြည့်ရှင် မဂိုဧကရာဇ်ဟုဆိုသော်လည်း အမှန်စင်စစ်အားဖြင့် အမည်ခံဘုရင်တပါးမျှသာဖြစ်သည်။ သူနန်းစံသည့် ၁၈၃၇ ခုနှစ်သို့မရောက်မီကပင် ဗြိတိသျှအရှေ့ကုမ္မဏီကြီးသည် အိန္ဒိယပြည်၏အချက်အခြာဒေသများ၊ အထူသဖြင့် ပင်လယ်ကမ်းရိုးတမ်း ဆိပ်ကမ်းမြို့များကို သိမ်းပိုက်ထားပြီးဖြစ်လေသည်။ သြဇာအာဏာတိက္ကိမကြီးမားသော နယ်စားပယ်စားစော်ဘွားများကိုလည်း စည်းရုံး သိမ်းသွင်းထားပြီဖြစ်သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်မှာ လော့ဒ်အောက်လန်(Lord Auk-Land) ဖြစ်သည်။

ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့ (ယခုကိုးလ်ကတ္တား) ကို ဖို့ဒ်ဝီလျံဟုသမုတ်၍ ကုမ္မဏီဌာနချုပ်ရုံး စိုက်ကာ အိန္ဒိယပြည်ရှိ မိမိပိုင်နက် များကို အုပ်ချုပ်နေလေပြီ။ ဗဟာဒူးရှားအား တလလျှင် ရူးပီးငွေတစ်သိန်းကျ ကုမ္မဏီကထောက်ပံ့ထား၏။ သူသည် မြို့တော်ရှိ အချို့စံ အိမ်တော်များမှလည်း အိမ်ငှားခရရှိသည်။

တဖက်ကလည်း ဒေလီပြည့်ရှင် မဂိုဧကရာဇ်ဟု ဆက်လက်အသိအမှတ်ပြုထားလေသည်။ သို့သော်လည်း ဗဟာဒူးရှားမှာ မိမိနေထိုင်ရာ လာလ်ကီယာနန်းတော်တွင်း၌ရှိသော မောင်းမမိဿံနှင့်မင်းမှုထမ်းများအပေါ် သြဇာမရှိပေ။ မရှိအောင်လည်း အင်္ဂလိပ်တို့က ဖန်တီးထား သည်ကို တွေ့ရှိရသည်။

ဗဟာဒူရှားကို လောကီစည်းစိမ်ခံစားနိုင်စေရန် ငွေကြေးထောက်ပံ့ထားသော်လည်း အိန္ဒိယပြည်တ၀န်းလုံးကို သွားလာမှုမပြုနိုင်အောင် တားမြစ်ထားသည်။ မြို့စား၊ နယ်စားများနှင့်လည်း ဆက်သွယ်မှုမပြုနိုင်အောင် ဖြတ်တောက်ထားသည်။ မြို့စား၊ နယ်စားများကို ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္မဏီနှင့်သာ ဆက်သွယ်ရန် ဖန်တီးထားသည်။ အချို့မြို့စား၊ စော်ဘွားများကို ‘ဆာ’ (Sir) ဘွဲ့များချီးမြှင့်၍ သူကောင်းပြု ထားသည်။ ၎င်းတို့၏ အကူအညီဖြင့် ပြည်တွင်းမှပုန်ကန်သူအင်အားစုများ ကို အစွမ်းကုန် ဖြိုခွဲပစ်သည်။

ထိုစဉ်က အိန္ဒိယပြည်၏ နာမည်ကြီးပုဆိန်ရိုးများမှာ ဂွါလီဝါမှဘင်အင်ကာရောင်း၊ ဟိုက်ဒါရာဘတ်မှ ဘာဆလာဂျန်၊ နီပေါလ်မှ ဆာဂျန် ဗဟာဒူးတို့ဖြစ်လေသည်။

ထို့နောက် ဗြိတိသျှတို့ အိန္ဒိယကိုသိမ်းပိုက်ပြီး အိန္ဒိယနိုင်ငံသားတို့ အုံကြွတော်လှန်ခဲ့သည့် ပထမဆုံးလွတ်လပ်ရေးစစ်ပွဲ ၁၈၅၇ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ရာ ဗြိတိသျှတို့က ထိုအုံကြွမှုကို ရက်စက်စွာနှိမ်နင်းခဲ့ပြီးနောက် ၁၈၅၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဇဖားရ်ရှားဘုရင်အား အိန္ဒိယဘုရင်ခံချုပ်က ဖမ်းဆီး၍ စစ်ခုံရုံးတွင်စစ်ဆေးကာ မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ပါတော်မူစဉ် မဂိုဘုရင်ကြီးသည် အ သက် ၈၅ နှစ်ရှိပြီဖြစ်သည်။ သူနှင့်အတူဆွေတော်မျိုးတော်အပါအ၀င် နန်းတွင်းမင်းမှုထမ်း (၃၅) ဦး လိုက်ပါလာခဲ့သည်။ ဇဖားရ်ရှားပါ တော်မူစဉ်က မင်းတုန်းမင်းတရားကြီး အမရပူရမြို့တော်မှ မန္တလေးမြို့စံနန်းတော်၌ စံမြန်းနေစဉ်က ဖြစ်သည်။

နန်းကျဘုရင် ဇဖားရ်ရှားသည် ပါတော်မူခံရပြီးနောက် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေတော်ရင်း ဒဂုံမြို့နယ်၊ ဇီဝကလမ်း (ယခင် ဇဖားရ် ရှားလမ်း) ရှိ သစ်သားအဆောက်အအုံတခုတွင် နတ်ရွာစံသည်အထိ ဆင်းရဲကျပ်တည်းစွာ နေထိုင်ခဲ့ရ၏။ ထောက်ပံ့ငွေမလောက်ငှ၍ သား တော်များက မြင်းလှည်းမောင်းခဲ့ရသည်ဟု ဆိုသည်။

ဗဟာဒူးရှားဇဖားရ်နှင့်အတူ နေထိုင်ခဲ့သူများမှာ မိဖုရားခေါင်ကြီး ဇိနတ်မဟာလ်ဘီဂမ် (The Nawab Zinath Mahal Begum)၊ သားတော် ဂျဝမ်ဘတ်၊ သမီးတော် ကုလ်စွန်ဇမာနဘေဂမ်၊ ရောင်နတ်ဇမာနိဘေဂမ်၊ နို့စို့အရွယ်သားတော် ဂျမ်ရှစ်ဘတ်၊ ဂျဝမ်ဘတ်၏ဆရာ ဟာဖွဇ်အီ ဘရာ ဟင်ဇောက်တို့နှင့် အစေအပါးအခြွေအရံများဖြစ်ကြသည်။

ဇဖားရ်ရှား၏စံအိမ်တော်သည် လက်ရှိ ဇီဝကလမ်း (မြန်မာနိုင်ငံဆေးဝါးသုတေသနဌာနဘေး) ရှိ သင်္ချိုင်းတော်ရှိသည့်နေရာပင် ဖြစ်သည်။ ထိုစဉ်က ထိုလမ်း၏အမည်မှာ စီဒါးရ်ဘဇားလမ်း၊ အိမ်အမှတ် ၅၈ ဖြစ်၏။ ၁၉၃၈ ခုနှစ်တွင် ရှေ့နေဒါဝတ်ဂျီ (M.E. Darwood Je) က ရန် ကုန်မြို့မြူနီစီပါယ်၌ အဆိုတရပ်တင်သွင်း၍ စီဒါးရ်ဘဇားလမ်းကို ဇဖားရ်ရှားလမ်းဟု အမည်ပြောင်းရန် တင်ပြခဲ့သည်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဘုရင်ဗဟာဒူးရှားဇဖားရ်အမည်အစား သူ၏ကလောင်အမည် ‘ဇဖားရ်ရှား’ အမည်ဖြင့် ကျော်ကြား သွားလေသည်။

ထို့နောက်အိန္ဒိယနိုင်ငံ၏ နန်းကျဘုရင်ဗဟာဒူးရှားသည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် သောကြာနေ့တွင် သက်တော် ၈၉ နှစ်အရွယ်၌ နတ်ရွာစံခဲ့လေသည်။ ဇဖားရ်ရှားဘုရင်နတ်ရွာစံပြီး နောက်နှစ်၂၀ အကြာ ၁၈၆၆ ခုနှစ်ဇူလိုင်လ ၁၇ ရက်နေ့တွင် မိဖုရားကြီး ဇိနတ်မဟာလ် ဘီဂမ်သည် နတ်ရွာစံခဲ့လေသည်။

မိဖုရား၏ကြွင်းကျန်သော ရုပ်ကလာပ်ကို သူ၏ကြင်ရာတော် ဗဟာဒူးရှား၏သင်္ချိုင်း၌ပင် သဂြုင်္ိလ်ခဲ့လေသည်။ သို့သော် ထိုစဉ်က ဗြိတိသျှ အစိုးရသည် မဂိုနန်းကျဘုရင်နှင့် မိဖုရားတို့၏မြှုပ်နှံထားရာအုတ်ဂူသည် နောင်တချိန်တွင် အိန္ဒိယနိုင်ငံသားတို့အတွက် ကိုလိုနီစနစ်ကို တော်လှန်ရေးအထိမ်းအမှတ်သင်္ကေတသဖွယ် အသုံးပြုလာမည်ကို စိုးရိမ်၍ အုတ်ဂူနေရာအစစ်ကို စနစ်တကျဖုံးကွယ်၍ လျှို့ဝှက်စွာ မြှုပ်နှံ ခဲ့သည်။ လူအများက ယခင်သိရှိခဲ့သော အုတ်ဂူဗိမာန်သုံးလုံးတွဲကိုသာ ဘုရင်ဟောင်းဇဖားရ်ရှား၊ မိဖုရားနှင့် မြေးတော်တို့၏အုတ်ဂူအစစ်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော် ယခုအခါ ကဗျာစာဆိုဘုရင်၏ အုတ်ဂူအစစ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းသင်္ချိုင်းဂူဗိ မာန်အနီးနေ ရာ၌ပင် ၁၉၉၁ ခုနှစ်တွင် အဆောက်အအုံသစ်ဆောက်လုပ်ရန် မြေကြီးတူးဖော်ရာမှ ရှာဖွေတွေ့ရှိခဲ့သည်။ အုတ်ဂူအစစ်ကို အလွယ်တကူ ရှာဖွေ၍ မတွေ့နိုင်စေရန် ဗြိတိသျှတို့က သေသပ်ပိရိစွာ ဖုံးကွယ်ထားခဲ့ခြင်းကြောင့် မဂိုနန်းကျဘုရင်ကြီး နတ်ရွာစံပြီးနှစ် ၁၃၀ အကြာတွင်မှ မြေတူးလုပ်ငန်းပြုလုပ်စဉ်အတွင်း တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူစတန်တိုင်း (Hindustan Time) သတင်းစာက ဖော်ပြခဲ့သည်။

မည်သို့ဆိုစေကာမူ အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဘုရင်ဗဟာဒူးရှားဇဖားရ်ကို ယခုအခါ အစ္စလာမ်ဘာသာဝင်တို့က သူတော်စင်ကဗျာစာဆိုဘုရင်တပါးအဖြစ် သတ်မှတ်ကိုးကွယ်လျက်ရှိနေပေသည်။

….. …. ….

၁။ ဦးသန်း (မြန်မာပြန်)၊ မဂိုဘုရင် ဘဟာဒူးရှားဇဖားရ်၊ ပြည်သူ့အလင်းပုံနှိပ်တိုက်၊ ပကြိမ် ၁၉၈၇၊ စက်တင်ဘာလ။
၂။ အေးသိန်း၊ ရန်ကုန်မြို့ရောက် အိမ်နိမ့်စံဘာဟာဒူးရှားဇဖားရ်ဘုရင်၊ ဂုဏ်ထူးစာပေ၊ ပကြိမ်၊ ၂၀၀၄။
၃။ ကောင်းထက်၊ နန်းကျဘုရင် နှစ်ပါး ၊ အားမာန်သစ်စာပေ၊ ပကြိမ် ၂၀၀၉။
၎။ “ပါတော်မူသော ဘုရင်နှစ်ပါး” ၊ သွေးသောက်မဂ္ဂဇင်း၊ အမှတ် ၂၂၅ (၁၉၄၆ အောက်တိုဘာလ) စာ ၁၀၉-၁၁၂။

 
Leave a comment

Posted by on September 5, 2011 in Theipan Chit Thu, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: