RSS

Maung Maung One – 23 year ago 8888 (Part 6)

06 Sep

ရင်ထဲက ရှစ်ဆယ့်ရှစ် (နိဂုံးပိုင်း)

မောင်မောင်ဝမ်း

စက်တင်ဘာ ၆၊ ၂၀၁၁

အဲဒီလို ကြေညာလိုက်တာနဲ့ တပြိုင်နက်ထဲ … ရပ်ကွက်အသီးသီးက လူထုက သူတို့နယ်မြေတွေ ကို လုံခြုံရေးအဖွဲ့တွေဖွဲ့ … သက်ဆိုင်ရာ ပါတီ၊ ကောင်စီတွေ၊ ရဲတွေ၊ မိသားစုဝင်တွေကို လုံးဝကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး … အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ သူတို့မှာ ဈေးဝယ်စားစရာ ဘာမှမရှိတော့ဘူး … အဲဒီကြေညာချက်ကို လက်ကမ်းစာစောင်တွေနဲ့ပါ ဝေတော့ … စာရိုက်တဲ့သူက ၂/၈၈ မှာ မျဉ်းစောင်းက ပါမလာဘူး … လူထုက ဘယ်လို ကောက်ချက်ဆွဲကြသလဲ ဆိုတော့ .. အစိုးရက ပိုဒ်မ ၁၄၄ ထုတ်တာလူထုက မလိုက်နာဘူး .. ကျောင်းသားတွေက ကြေညာချက် ၂၈၈ ထုတ်တာ .. အကုန်လိုက်နာကြတယ်ဆို .. ပြောဆိုနေကြတာ .. ကျနော်တို့တောင် သူတို့ပြောမှ သဘောပေါက်တယ်။

နောက်ရက်မှာ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ် … ဒေသအုပ်ချုပ်ရေးက အစည်းပြေနေပြီ … အစိုးရအာဏာက မသက်ရောက်တော့ဘူး … ဒါပေမယ့် ကျောင်းသားသမဂ္ဂ သြဇာလွှမ်းမိုးနေတာတော့ ထူးထူးခြားခြား တွေ့နေရတယ် … မဆလ ပါတီ၊ ကောင်စီတွေကလည်း သူတို့ရုံးထဲကတောင် အပြင်မထွက်ရဲကြဘူး .. ရဲလုံခြုံရေးနဲ့ နေနေရတယ် … ဖြစ်ပျက်လာတဲ့ ကိစ္စအဝဝကို ကျောင်းသားသမဂ္ဂက တာဝန်ယူဖြေရှင်းနေရတယ် … အတွင်းရေးမှူးက စည်ပင်ကို ကိုင်တွယ်၊ ကျနော်က အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူ စသဖြင့် တာဝန်တွေ အသီးသီးခွဲဝေပြီးလုပ်နေချိန်မှာ … သမ္မတ ဦးစိန်လွင် ရာထူးမှ နှုတ်ထွက်လိုက်ရပြီး ဒေါက်တာမောင်မောင် တက်လာတယ် … မာရှယ်လော ရုတ်သိမ်းပေး လိုက်ပြီး .. ဒေါက်တာမောင်မောင်က လူထုကို လေပြေလေးနဲ့ စည်းရုံးတယ်၊ ဒါပေမယ့် .. မရတော့ဘူး လူထုက အရှိန်ကောင်းနေပြီ ထိန်းလို့မရတော့ဘူး။ မြို့က သက်ဆိုင်ရာ ပါတီကောင်စီတွေ အကုန်လုံးနီးပါး ရှောင်ပြေးကုန်ကြတယ် .. ဒေါသထွက်နေတဲ့ လူထုက သီးမခံနိုင်တော့ .. သူတို့အိမ်တွေ ဝင်ဖျက်စီးဖို့လုပ်ကြတယ် … သတင်းရချိန်မှာတော့ ကျနော်တို့ခေါင်းဆောင်ပိုင်းတွေ အချိန်မီတားစီးနိုင် လိုက်ကြတယ် .. မဖျက်စီးဖို့ တောင်းပန်တယ် … ဒါပေမယ့် သူတို့အိမ်ထဲက ပစ္စည်းတွေကိုတော့ သိမ်းဆည်းခွင့်ပေးလိုက်တယ်။ ဒါတွေ အကုန်လုံးကို သပိတ်စခမ်းမှာ လေလံတင်ရောင်းချ ပစ်လိုက်ကြတယ် … ရလာတဲ့ငွေကြေးတွေကို သေဆုံးသူ မိသားစုဝင်တွေကို သွားထောက်ပံ့ကြတယ်။

မဆလ ပါတီ၊ ကောင်စီခေါင်းဆောင်ပိုင်းတွေ ထွက်ပြေးကုန်တော့ … ဒေသကိုအုပ်ချုပ်ဖို့တာဝန်က ကျောင်းသားသမဂ္ဂခေါင်းပေါ်ကျလာတယ်လေ … သူတို့အားလုံးလည်း ထွက်ပြေးကုန်တော့ … ရဲတွေက ကျနော်တို့နဲ့ လာပေါင်းတယ် … ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ် … ရဲတွေ ဆန္ဒပြပွဲကို ဝင်ရောက်လာတုန်းက ဆိုရင် အားလုံးကကြောက်နေကြတာ .. ကျောင်းသားတွေက သူတို့ကို ဝန်းရံပေးထားတော့ .. အေးအေးဆေးဆေးပါပဲ … အဲဒီနေ့မှာပဲ .. ရဲမြို့နယ်မှူးနဲ့ ကျနော်နဲ့တွေ့တယ် …။

“ညီလေးတို့ … အခု သက်ဆိုင်ရာ .. အာဏာပိုင်တွေဆိုတာလည်း မရှိတော့ဘူး … အုပ်ချုပ်ရေး ယန္တယားတာဝန်တွေက .. အကိုတို့ရဲတပ်ဖွဲ့နဲ့ .. ကျောင်းသားသမဂ္ဂပေါ်မှာ ကျရောက်နေပြီ … ဒီတော့ တို့ ပူးပေါင်းဆောင်ရွက်ရအောင်”

“ကျနော်တို့က .. ကျောင်းသားတွေပါ မြို့နယ်မှူးကြီး … တကယ်တော့ အုပ်ချုပ်ရေးဆိုတာ နားလည်မလည်ပါဘူး၊ ကျွမ်းလည်း မကျွမ်းကျင်ပါဘူး၊ လိုအပ်တာရှိရင် .. ကျနော်တို့ကို အကြံပေးပါ”

အားလုံးကလည်း သဘောတူကြတယ် … တခါ မြို့နယ်မှူးက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ပိုင်းတွေကို ရဲလုံခြုံရေးပေးမယ့် အစီအစဉ်ကိုတော့ လက်မခံခဲ့ဘူး … ဒါပေမယ့် .. သူက ကျနော့်ကို လုံခြုံရေးအရ အရေးကြီးကြောင်း စသဖြင့် အရှည်ကြီးရှင်းပြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆို ခြောက်လုံးပြူး သေနတ်တလက် ထုတ်ပေးတယ် … ခက်တာက ကျနော်က သေနတ်ဆိုတာ ကိုင်တောင် မကိုင်ဖူးဘူး။ ပစ်လည်း မပစ်တတ်ဘူး။  ဟန်ကိုယ့်ဖို့အနေနဲ့ အဲဒီ သေနတ်ကိုတော့ ယူထားလိုက်တယ် (ကျနော် ထောင်ကျတဲ့အထဲမှာ အဲဒီအမှုက နှစ်နှစ်ပါတယ် – အဲဒီမြို့နယ်မှူး အလုပ်ပြုတ်သွားတယ်။)

တကယ်တော့ အာဏာရှင်များဟာ အကွက်ကျကျ ယုတ်မာလိုက်တာပဲ ဖြစ်တယ် … အုပ်ချုပ်ရေး ယန္တယားကြီး ပြိုသွားအောင်လုပ်တယ် … ကျောင်းသားတွေဆိုတာ အုပ်ချုပ်ရေး ကျွမ်းကျင်ကြတာမဟုတ် .. မတန်တဆ တာဝန်တွေက မထမ်းချင်လည်းထမ်း .. ထမ်းချင်လည်းထမ်း ဖြစ်လာတော့တယ် … အဲဒီတော့ ကျနော့်ကို သတင်းစာတွေ စာစောင်တွေထဲကနေ ဝေဖန်ကြတော့တယ် (ကာလတခုမှာ စာပေလွတ်လပ်ခွင့် တော်တော်ရလိုက်ပါတယ်) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ပုလိပ်ထဲဝင်သွားခြင်းဆိုပြီး —ဟုတ်တော့လည်း ဟုတ်တယ်ဗျ၊ ကျနော့်မှာ ကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးက ပျောက်သွားပြီး လူဆိုးသူခိုး ဆူပူမှုတွေ နှိမ်နင်းရတဲ့အလုပ်တွေ လိုက်လုပ်နေရတယ်။ (တခုတော့ရှိတယ် .. အခု အသက်အရွယ် ရောက်လာမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပြောသွားသလိုပဲ အာဏာနဲ့ငွေဟာ လူတွေနဲ့ သိပ်မတဲ့ဘူးဆိုတာ သဘောပေါက်လာတယ်။) လက်နက်ကိုင်ပြီး ပါဝါပြနေရတာ … နည်းနည်း သဘောကျနေသလိုပဲ .. စဉ်းစားကြည့်ပေါ့၊ အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရင်ခုန်တတ်တာ ဓမ္မတာပဲလေ။ အဲဒီကာလမှာ မိန်းမချောလေးတွေဆိုတာ ဝိုင်းရံနေကြတာ။ ကိုယ် ဘယ်ကိုသွားချင်လဲ မော်တော်ကားဆိုတာ အသင့်။ ဘာစားချင်လဲ အလကား။ (ခေါင်းဆောင်ဖြစ်ခဲ့တဲ့ကာလက စိတ်အစဉ်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆို အာဏာကို ယစ်မူးခဲ့မိတာ အမှန်ပဲ။)

ရေနံမြေကြီးတခုလုံးကလည်း ကျောင်းသားသမဂ္ဂလက်ထဲမှာ အဲဒီတော့ ဘာလုပ်သလဲဆိုတော့ လက်နက်စက်ရုံက အနားယူလာတဲ့ တပ်ထွက်ရဲဘော်ဟောင်းတွေက ရှိတဲ့ပစ္စည်းတွေနဲ့ လက်နက်တွေ လုပ်ကြတယ် … လက်လုပ်စိန်ပြောင်းတွေ လုပ်တယ်။ (သူတို့ကတော့ စိန်ပြောင်းလို့ပဲ သုံးတယ်၊ ကျနော် လက်နက်အကြောင်း သိပ်နားမလည်ဘူး။) ပစ်လိုက်ရင်တော့ တဒိန်းဒိန်းနဲ့။ ဟုတ်နေတာပဲ။ နောက်တခါ ရေနံမြေက လမ်းလျှောက်စကားပြောစက်တွေ ရလာတယ်။ လမ်းလျှောက်စက် တကိုင်ကိုင်နဲ့ သွားနေရတာကိုက ကျနော်တို့အားလုံးမှာ မြောက်နေကြတာ။ တနေ့တော့ ရပ်ကွက်တခုမှာ စကားများ ရန်ဖြစ်ပြီး မီးရှို့တာဖြစ်တယ် … ကျနော်တို့ဒေသက မီးဆို အရမ်းကြောက်ကြတယ်လေ။ မီးဒဏ် ခဏခဏ ခံခဲ့ရတာကိုး။ ကျောင်းသားသမဂ္ဂ လုံခြုံရေးအဖွဲ့တွေက သွားတားတာ မရဘူး။ ဒါနဲ့ ကျနော် လိုက်သွားတယ်။ ရဲမြို့နယ်မှူးကလည်း ကျနော့်ကို လှမ်းအကြောင်းကြားပြီး ရဲတွေ လွှတ်ပေးမယ့် အကြောင်းပြောတော့ ကျနော်က လက်မခံခဲ့ဘူး။ သူ့ဆီက လက်နက် ဆယ်လက်လောက်ကိုပဲ ခဏ ငှားလိုက်တယ်။ (ပြီးတော့ ပြန်ပေးပါတယ်။) လုံခြုံရေးအဖွဲ့ထဲက ပစ်တတ် ခတ်တတ်တဲ့သူတွေကို ရွေးထုတ်ပြီး ခေါ်သွားတယ်။ ဖြစ်တဲ့နေရာက ချိုင့်ထဲလိုနေရာမှာ။ ကျနော်က တောင်ကုန်းတခုပေါ်ကနေ မီးနဲ့ ဆက်မရှို့ဖို့ လော်စပီကာနဲ့အော်တော့ မရဘူး။ မီးသတ်ကားက ငြိမ်းဖို့ရောက်လာတာတောင် မီးသတ်ကားကို ခဲတွေ၊ လောက်လေးဂွတွေနဲ့ပစ်လို့ ကားလည်း စုတ်ပြတ်သတ်သွားတယ်။ မရတော့ဘူး။ ဒါနဲ့ လက်လုပ် စိန်ပြောင်းနှစ်လက်ကို ထုတ်လာပြီး အပစ်ခိုင်းလိုက်တယ်။ လူတွေမှန်အောင်တော့ မပစ်ပါဘူး။ (သေနတ်နဲ့ဘာလို့ မပစ်တာလဲဆိုတော့ ကျည်ဆန်ကုန်မှာစိုးလို့၊ လိုအပ်မှ ဘယ်လိုမှ မရမှ ထုတ်သုံးမယ်ဆို ဆုံးဖြတ်ထားတာ။) ညအမှောင်ထုရဲ့ တိတ်ဆိတ်နေတဲ့အချိန်မှာ တဒုန်းဒုန်းနဲ့ဆိုတော့ မြို့လူထုကလည်း ကြောက်ကြတာပေါ့ … … ကျနော် ဒီအလုပ်တွေ မလုပ်ချင်ဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ လုပ်ရတော့တယ်။ ဒီကြားထဲမှာ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ထောင်ဖွင့် လွှတ်ပေးလိုက်တော့ အုပ်ချုပ်ရေးက ပိုဆိုးကုန်တယ်။ ကျနော်တို့ဒေသမှာတော့ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နိုင်အောင်ထိန်းနိုင်ခဲ့ပါတယ်။

သံဝေဂရစရာတခုက မြို့ရဲစခန်းအချုပ်ထဲက အချုပ်သား ၁၀၀ ကျော်လောက်က လွှတ်ပေးဖို့ ဆန္ဒပြပါလေရော။ ရဲမြို့နယ်မှူးက ကျနော့်ကိုလှမ်းခေါ်လို့သွားတော့ သူတို့က ရှင်းပြတယ်။ အချုပ်က ထမင်းကို တနေ့ တနပ်ပဲ ကျွေးနိုင်တော့တယ် … စားစရာ ရိက္ခာအထောက်အပံ့က မလုံလောက်တော့ဘူး။ ဒါနဲ့ အဲဒီညနဲ့ မနက်အတွက် သပိတ်စခန်းကနေ ထမင်းတွေ ပို့ပေးလိုက်ရတယ်။ နောက်နေ့မနက်မှာ လာလွှတ်ပေးမယ် ကတိပေးလိုက်လို့ ထွက်လာလိုက်တဲ့ အချုပ်သားတွေအသံက တမြို့လုံးကကို ကြားနေရတာ … …။

နောက်နေ့မနက်ရောက်တော့ အချုပ်သားတွေကို လွှတ်ပေးဖို့ သွားတယ်။ တရားရုံးတခုက အခန်းထဲမှာရော အပြင်မှာရော အားလုံးကို ထိုင်ခိုင်းလိုက်ပြီး သြဝါဒတွေ ခြွေရတာပေါ့လေ။ ဥပဒေအရာရှိ (နောင် တရားသူကြီး)ရော၊ ရဲမြို့နယ်မှူးရော ပါတယ် … ကျနော့်အလှည့်ရောက်တော့ …

“ခင်ဗျားတို့ကို ကျောင်းသားသမဂ္ဂတာဝန်ရှိသူများရဲ့ ဆုံးဖြတ်ချက်အရ လွှတ်ပေးမယ် .. ဒါပေမယ့် ဒေသတွင်း လုံခြုံရေးကိုတော့ ပျက်ပြားအောင် မလုပ်ပါနဲ့။ ပျက်ပြားအောင်လုပ်မယ်ဆိုရင် ခင်ဗျားတို့ကို ထိန်းသိမ်းထားစရာနေရာ မရှိဘူး … သဘောပေါက်လား”

“ပေါက်ပါတယ် …”

“အဲဒီတော့ အဲဒီအချက်ကို ချိုးဖောက်မယ်ဆိုရင် ပစ်သတ်မယ်” အားလုံးက …

“ကျနော်တို့ ကတိပေးပါတယ်။ ကျနော်တို့ ကျောင်းသားတွေ အနှောက်ယှက်ဖြစ်အောင် မလုပ်ပါဘူး”

အားလုံးကို ကျနော်တို့လွှတ်ပေးလိုက်တယ်။ (အဲဒီအချိန်က ပြောခဲ့တဲ့စကားတွေကို ပြန်သတိရတိုင်း အရမ်းရှက်မိတာအမှန်ပါ … ကျနော် အသက် ၂၀ ကျော်အရွယ်မှာ အာဏာသုံးပြီး မောက်မောက်မာမာ ပြောခဲ့တဲ့စကားတွေကို အခု စစ်အာဏာရှင်များက အသက် ၅၀၊ ၆၀ ကျော် အရွယ်တွေမှာ ပြောပြောနေတော့ စဉ်းစားမိတယ်။ အော် … ငါက အသက် ၂၀ ကျော်အရွယ်မှာ ပြောခဲ့တာ .. သူတို့က ဒီအသက်အရွယ်မှာဆိုတော့ သူတို့ အတွေးအခေါ် ဆင်ခြင်တုံတရားက အသက် ၂၀ ကျော် လူငယ်တယောက်လောက်ပါပဲလားဆိုတာ စဉ်းစားမိတယ်) သံဝေဂရစရာဆိုတာကတော့ ကျနော့်ကို ထောင်ချတဲ့အခါ အဲဒီရုံးခန်းအတွင်းမှာပဲ .. တရားသူကြီးက ကျနော်ထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး ကျနော့်ကို ထောင်ချခဲ့တာပါ။

တကယ်တော့ အသက် ၂၀ ကျော်အရွယ် ကျောင်းသားတွေအနေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးကို ကိုင်တွယ်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့ကိစ္စပါ … ကျနော်တို့မှာ ဘာအတွေ့အကြုံမှလည်း မရှိ … ဘာပညာရပ်မှလည်း မရှိ။ တော်တော့်ကို ကသောင်းကနင်းနိုင်လှပါတယ်။ လူထုခမျာလည်း အားကိုးစရာ အခြားမရှိလေတော့ အိမ်မှာ ဒန်အိုး ဒန်ခွက်ပျောက်တာက အစ ကျောင်းသားသမဂ္ဂကို လာတိုင်တန်းကြတယ်။ တတ်နိုင်သလောက်လည်း လုံခြုံရေးအဖွဲ့ဝင်များက ရှင်းပေးကြပါတယ်။ ဒီလိုနဲ့ အတတ်ပညာရှင်များကလည်း တတ်သည့်ပညာ မနေသာဆိုသလို လွတ်လပ်သွားတဲ့ကာလလေးတခုမှာ လွတ်လွတ်လပ်လပ် တီထွင်ကြတယ်။ ရေဒီယိုပညာရှင် ဆရာဦးသန်းစိန်က အသံလွှင့်ဌာန အသေးစားလေးတခုကို ထူထောင်တယ်။ သိပ်အဝေးကြီးတော့ မရပါဘူး။ မိုင် ၂၀ ပတ်လည်လောက်တော့ ရတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျောင်းသားသမဂ္ဂက အရေးကြီးတဲ့ကိစ္စရပ်တွေ ကြေညာချက်တွေကို အရင်လို လောစပီကာကြီးတွေနဲ့ လိုက်အော်စရာ မလိုတော့ဘူး။ အသံလွှင့်ဌာနကနေ ကြေညာလိုက်ရုံပဲ။ ဟန်တော့ကျတယ် … …။

ကျနော်ဆို နေ့ဘက်မှာ တာဝန်တွေထမ်းဆောင်လိုက်၊ ညဘက်ဆို အားဆေးပုလင်းချိတ်ပြီး နေ့စဉ် နီးပါးလောက် ဆေးသွင်းနေရတယ်။ တခါတလေ အရေးပေါ်လာရင် သွင်းလက်စ အားဆေးပုလင်းကို ဇွတ်ဖြုတ်ခိုင်းပြီး ပြေးရတော့တာပဲ … ဒီကြားထဲ ဦးနုက အစိုးရအဖွဲ့ ဖွဲ့လိုက်တော့ ကျနော်တို့က ဘာလုပ်ရမှန်းလဲ မသိဘူး … တယောက်က လာပြောတယ်။ ထောက်ခံလိုက် ဒါ အရေးကြီးတယ်။ အားလုံး ဝိုင်းထောက်ခံကြပါဆိုတော့ ရေဒီယိုအသံလွှင့်ဌာနကနေ ကျောင်းသားသမဂ္ဂ အာဘော်ကို ထုတ်လွှင့်လိုက်တယ် … နောက် မကြာဘူး၊ နောက်တဖွဲ့က ဒါ ထောက်ခံရမယ့်ကိစ္စ မဟုတ်ဘူး။ ပွဲလန့်တုန်း ဖျာဝင်ခင်းတာ မင်းတို့ထောက်ခံလိုက်ရင် တိုင်းပြည် ဘာဖြစ်သွားမယ်ထင်သလဲ ဆိုတော့ စောစောက ထောက်ခံချက်ကို ပြန်ရုတ်သိမ်းရ။ (ဘာတွေဖြစ်လို့ ဖြစ်ကုန်မှန်းကို မသိတော့။)

ဒီလိုနဲ့ ကျနော်နဲ့ ကျောင်းသားအချို့ ကျောက်ပန်းတောင်းမြို့ ကျောင်းသားသမဂ္ဂနဲ့ သွားတွေ့အပြီး အပြန် ညနေခင်းလောက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်း သတင်းဆိုးကို ကြားလိုက်ရတယ်။ ရေဒီယိုကလည်း စစ်သီချင်းတွေ အဆက်မပြတ်လွှင့်၊ ကြေညာချက်တွေ အဆက်မပြတ်ကြေညာာနဲ့ အားလုံး လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကြတယ်… ဘာဆက်လုပ်ကြမလဲ။     ခေါင်းဆောင်ပိုင်းတွေအားလုံးက ဆုံးဖြတ်လိုက်တယ်။ ရှိတဲ့လက်နက်တွေနဲ့ ခံချမယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းအပြီး နောက်ရက် ၁၉ ရက်နေ့မှာ တမြို့လုံး ချီတက်ဆန္ဒပြတယ်။ ကျနော်တို့ စစ်တပ်ကို ခံချမယ်ဆိုတဲ့အကြောင်းကိုလည်း လူထုကို အသိပေးလိုက်တယ်။ မြို့လူထုက ထိတ်လန့်နေကြပြီ။

၁၉ ရက်နေ့ညမှာ ကျနော်တို့တတွေ မြို့တောင်ဘက်ဖျားက ကမ်းပါးနှစ်ခုကိုဆက်ထားတဲ့ တံတားကို ရေနံမြေကယူလာတဲ့ ယမ်းတွေနဲ့ ကျွမ်းကျင်သူများက မိုင်းတွေ တပ်ဆင်ကြတယ်။ ရှိတဲ့ လက်နက်တွေနဲ့ ခံဆော်ကြမယ်။ ည ၁၁ နာရီလောက်ရောက်တော့ မြို့မိမြို့ဖ လူကြီးတွေ ရောက်လာကြပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်ကြတယ်။ ဒီလို မလုပ်ဖို့၊ ဒီလိုသာလုပ်မယ်ဆိုရင် မြို့နာလိမ့်မယ်ဆိုတာကို ရှင်းပြကြတယ်။ ဒါပေမယ့် ကျနော်တို့အများစုက လက်မခံခဲ့ဘူး။ မနက် ၁ နာရီလောက်အရောက်မှာ ဗုံးပေါက်ကွဲသံကြီးတခုက တော်တော်ကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီ။ ဘာပဲပြောပြော အားလုံးက ကြောက်ရွံ့ကုန်ကြတာတော့ အမှန်ပါ။ (အဲဒီဖြစ်ရပ်က ကျနော်တို့ကို ကယ်သွားတာပါ။ တကယ်က စစ်တပ်ကလည်း ကျနော်တို့နဲ့ ၆ မိုင်လောက်အကွာမှာ ရောက်နေပြီ။ ဗုံးက ကျနော်တို့လည်း မဟုတ်၊ စစ်တပ်ကလည်း မဟုတ်၊ ကြားထဲက ထပေါက်ကွဲတာ။ ဗုံးဆန်အဟောင်းတလုံးကို လူတစုက ဖောက်ခွဲလိုက်တာ … စစ်တပ်ကလည်း ကျနော်တို့လို့ထင်၊ ကျနော်တို့ကလည်း စစ်တပ်လို့ထင်နဲ့ … မြို့ကိုသိမ်းမယ့် စစ်တပ်က ရှေ့ဆက်မတက်တော့ဘဲ နောက်ကြောင်း ပြန်လှည့်သွားတယ်။ ကျနော်တို့ကလည်း ဒီပုံဆို အခြေနေမကောင်းဘူးဆို ပြန်ဆုတ် တပ်ဖျောက်လိုက်ကြတော့တယ်။

နောက် မနက်လင်းလို့ ၂၀ ရက်နေ့ရောက်ခါမှ စစ်တပ်က ဝင်သိမ်းတယ်။ ကျနော်တို့အားလုံး ရှောင်တိမ်းပြီး ပုန်းအောင်းနေခဲ့ကြတယ် … စစ်တပ်ကတော့ အပြီးတိုင် သပိတ်စခန်းကို ဝင်သိမ်းလိုက်ပြီ။ ကျနော်တို့ တော်တော် ဝမ်းနည်းခဲ့ကြတယ်။ ဘာတတ်နိုင်မှာလဲ ကျနော်တို့မှာ ပြန်လှန်တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင် … စစ်တပ်အာဏာသိမ်းမှုမှာတော့ သေဆုံးမှု မရှိခဲ့ဘူး။

လွန်ခဲ့တဲ့ ၂၃ နှစ်က ပုံရိပ်တွေဟာ ကာလကြာခဲ့ပေမယ့် အစဉ်အမြဲ ထင်ဟပ်နေဆဲပါ … ကျနော် သေဆုံးသွားသည့်တိုင် ရှစ်ဆယ်ရှစ်ရဲ့ သမိုင်းတခေတ်ဟာ ရင်ထဲမှာ ကျန်ရစ်နေဦးမလား … …။

အားလုံးကို လေးစားစွာဖြင့်

မောင်မောင်ဝမ်း

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: