RSS

Holiday (1)

07 Sep

အပန်းဖြေနားရက်များ (၁)

အောင်ဆန်းစုကြည်
စက်တင်ဘာ ၇၊ ၂၀၁၁

 

ap photo

ယခုနှစ်များစွာ အတွင်းမှာအပန်းဖြေ နားရက်တွေဆိုတာ ကျမအတွက်တော့ အတိတ်ကာလက ဖျိုးကနဲဖျက်ကနဲ မှတ်တမ်း တင်ထားမိလိုက်တဲ့ အမှတ်ရစရာဓာတ်ပုံ တချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်၊ ဒါပေမယ့် အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။

ဟိမ၀န္တာမှာ……
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည် မြည်းကြီး တကောင်ရဲ့ ကျောကုန်းထက်မှာ၊
မြက်ခင်း ဆင်ခြေလျှောဘေးမှာထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့နေ့လယ်စာစားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိပ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ၊
ခတ္တူမန္ဒူမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးအထိ လှည့်ပတ် လွင့်မျောရင်း အမေရိကန်ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊
မြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တကောင်ရဲ့ ကျောကုန်းပေါ်မှာ၊
အိန္ဒိယ ရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်တော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော် ကကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတကန်ကို စီးမိုးထားတဲ့ ရဲတိုက်တခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယိုကိုစားနေခဲ့တာ၊
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြားတလျှေက်က တူးမြောင်းသွားသဘောင်္ တစီးပေါ်မှာ၊ ကျမက စိမ်းမြ ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာ ကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊
တိုင်ရီကျွန်းပေါ်ကသဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတချို့ ကစားမြူးထူးနေကြတာ။


ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လိုက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။

အဲဒါကြောင့်ပဲ သားငယ် ထိန်လင်း (ကင်မ်) တယောက် ဇွန်လထဲမှာ ကျမရဲ့ မွေးနေ့ကိုရောက်လာပြီး အပန်းဖြေခရီး တနေရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျမအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။

နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့် ကြပြီးတဲ့ အခါမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ ဆိုတာ သဘာဝမကျတဲ့ ကိစ္စတခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျမတို့ အစီအစဉ် ဆွဲကြည့် ခဲ့ကြပါတယ်။

မုတ်သုံရာသီ ဖြစ်နေတာကြောင့်၊ မြန်မာနိုင်ငံ အလယ်ပိုင်း တနေရာကိုပဲ ရွေးဖို့ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခုပါ။ ၁၉ ရာစု နှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ်ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ ရှိတယ်။ ဒါမှမဟုတ် ကာလ ကြာမြင့် စွာက ကွယ်ပျောက်သွားပြီဖြစ်တဲ့ ကြီးကျယ်ခန်းနားခဲ့မှုကို သက်သေပြနေတဲ့ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေးယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ်အဲဒီ သုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ ပါဝင် ပတ်သက်နေမှုလား။
ပုဂံကို ကျမတို့ လွယ်လွယ်ကူကူပဲ ရွေးချယ်ဆုံးဖြတ် ဖြစ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုး စေတီ တွေနဲ့ မြို့ဟောင်းပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှု ရှိလှပါတယ်။

ဒါပေမယ့် သွားမယ့်အချိန်က ဧည့်သည်ပါးလျားလေ့ရှိတာမို့၊ ကျမတို့ အေးအေး ချမ်းချမ်းအနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျမတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေး အဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမအတွက် လေးနက် အဓိပ္ပာယ် ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးအကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျမရယ်၊ ကျမတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာမိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တခုကို ရှာဖို့ပါပဲ၊ ဒါအတွက် အကောင်းဆုံးနေရာတခုကို ဦးခွန်သာမြင့်က ကျမတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာတခုကို ပြောင်းပြီးပြောပြချင်ပါတယ်။

ဦးခွန်သာမြင့်ဆိုတာက ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင် မြို့နယ်က ရှစ်ဆယ် ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ရွေးချယ်ခံရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ ဖခင်နဲ့ ကျမရဲ့ ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကို နိုင်ငံရေး လမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေသူငယ်ချင်းများ၊ လက်တွဲ ခဲ့ ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျမတို့ဖေဖေဟာ နိုင်ငံရေးမှာ သဘောချင်းအမြဲ တူခဲ့ကြတာ မျိုးတော့ မဟုတ်ပါဘူး။ အမျိုးသား လွတ်လပ်ရေး နောက်ဆုံး တိုက်ပွဲကာလ တွေမှာ မိတ်ဆွေသူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေးသဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂုဏ်ဂဏနဲ့အာဃာတတွေ ကင်းဝေး ကြတာ စတာတွေကို သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ ကျမတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျမတို့တတွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေ အတူ လုပ်နိုင်ခဲ့ကြပါတယ်။

ကျမတို့မှာရှိတဲ့ အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေး မဟုတ်ပါ ) တွေ က ကျမတို့ကို ပိုပြီး စုစည်း ပေါင်းစပ်ပေး ပါတယ်။

၂၀၀၉ ခုနှစ် ကျမ အင်းစိန် ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျမအိမ်ကို ပြန်လည် ပြုပြင် မွမ်းမံဖို့ ဗိသုကာတယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျမကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့ စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာ အနေနဲ့။ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျမ ခန့်အပ်ထားတဲ့ ကျမရဲ့ ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေ ကြီးကြပ်ပေးသူ ကိုနီတို့ နဲ့ အတူပေါ့။ သူတို့တွေဟာ ကျမအိမ်ကို ပြန်လည် ပြင်ဆင်တဲ့ အလုပ်တွေကို နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော် ၊ ကိုနီနဲ့ ကျမတို့ရဲ့ ဖခင်များဟာလည်း ရန်ကုန် တက္ကသိုလ်မှာ ကတည်းက သိကျွမ်း ရင်းနှီးခဲ့ ကြသူများဖြစ်ပါတယ်။ ကျမအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်း ပါမှာပါ) တချိန်ချိန်မှာရေးရပါအုံးမယ်။ ဒီနေရာမှာတော့ စာတကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲ့ဒါက ခုလို မိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျမကို ဖေးမ ထောက်ပံ့သူတွေ ၊ လိုအပ်တာတွေကို ကူညီပေးသူတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဘ၀ရဲ့ လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ကိုခွန်သာဆိုရင် သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်၊ ကျမရဲ့ လုံခြုံရေး အရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွား ၀န်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီးစီမံ ပြင်ဆင်ပေးသူပေါ့။

ကိုခွန်သာ ရွေးချယ်ပေးတဲ့ ပုဂံဟိုတယ်လောက် ကျမတို့ အုပ်စု (အားလုံး ဆယ့်ခြောက်ယောက် ) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာ နဲ့ ဘာသာရေးဆိုင်ရာ အထင်အရှားဆုံးသော ပုထိုးထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့ နေရာပါ။

အရေးအကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့် သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်၊ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လိုခင်မင် သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည်စုံကြပါတယ်။

အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁

ပြည်သူ့ခေတ်ဂျာနယ်မှ ဆောင်းပါးကို http://www.dawnmanhon.com/ မှ ကူးယူပြီး အနည်းငယ်ပြင်ဆင် ဖော်ပြသည်။
 
Leave a comment

Posted by on September 7, 2011 in Aung San Suu Kyi

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: