RSS

Than Win Hlaing – U Ba Cho

07 Sep

သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို
သန်းဝင်းလှိုင်
စက်တင်ဘာ ၆၊ ၂၀၁၁


ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းကာလတို့၌ ထင်ရှားခဲ့သောပုဂ္ဂိုလ်မှာ နောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်လာသည့် ဒီးဒုတ်ဦးဘချိုပင်ဖြစ်သည်။ ဆရာချိုသည် မြန်မာ့နိုင်ငံရေး၊ စာပေလောက၊ ဂီတလောကတို့တွင် ရှေ့ဆောင်တဦးဖြစ်သလို လောကီပညာ အင်းအိုင်စမဗေဒင်နက္ခတ်နှင့် ဆေးပညာတို့တွင် ထဲထဲဝင်ဝင် တတ်သိနားလည်သည့်စွယ်စုံရပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။

ထို့ကြောင့် ဦးသန့် (နောင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) က ဆရာဒီးဒုတ်ဦးဘချိုအား “အင်္ဂလိပ်လူမျိုးထဲမှာတော့ အဲလ်ဒစ် ဟတ်စ်လေဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဘယ်လက်ကစမ်းစမ်း ရတဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါပေမယ့်… ဦးဘချိုလောက်တော့ စုံမယ်မထင်ပါဘူး” ဟု ကြီးပွားရေးမဂ္ဂဇင်း (နိုဝင်ဘာ၊ ၁၉၃၇) ၌ မှတ်တမ်းတင်ခဲ့လေသည်။

အာဇာနည်ခေါင်းဆောင်ကြီးဒီးဒုတ်ဦးဘချိုကို ၁၈၉၃ ခုနှစ်၊ ဧပြီလ ၂၄ ရက် တနင်္လာနေ့၌ မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြမြို့၌ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖဦးဘိုးစာ၊ အမိဒေါ်မြစ်တို့ဖြစ်သည်။ ဖခင်မှာ မြောင်းမြမြို့၌ ‘မေခလာ’ ဆေးတိုက်ဖွင့်၍ မြန်မာသမားတော်အဖြစ် အသက် မွေးခဲ့သည်။ မိခင်၏အမျိုးအနွယ်မှာ မွန်းမှူးမတ်မျိုးဖြစ်သည်။ အမည်းရင်း မောင်ဘချိုဖြစ်၍ မွေးချင်းလေးယောက်တွင် အငယ်ဆုံးဖြစ်သည်။

ငယ်စဉ်က ၁၉၀၀ မှ ၁၉၀၇ ခုနှစ်အထိ မြောင်းမြမြို့ ဆရာဦးမောင်မောင်ကျောင်း၊ ၁၉၀၇ မှ ၁၉၀၉ ခုနှစ်အထိ ရန်ကုန်စိန်ပေါလ်ကျောင်း (အထက ၆ – ဗိုလ်တထောင်) တို့၌ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်ကပင် ဉာဏ်ပညာထက်မြက်၍ စာပေ၊ ဂီတနှင့် အားကစားတို့ကို လည်းလိုက်စားခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် သတ္တမတန်းကို ဦးမောင်မောင်ကျောင်းမှအောင်၍ စကောလားရှစ် ( အစိုးရပညာသင် ဆု) ရရှိခဲ့သည်။ ၁၆ နှစ်အရွယ်တွင် ဆယ်တန်းစာမေးပွဲကို စိန်ပေါလ်ကျောင်းမှ ထူးထူးချွန်ချွန်အောင်မြင်၍ ပညာသင်ဆုဆက်လက်ရရှိခဲ့သည်။

ထို့နောက် ၁၉၀၉ တွင် ရန်ကုန်ကောလိပ်၌ဆက်လက်ပညာသင်ကြားရာ ဘီအေအထက်တန်းတွင်ပညာသင်နေစဉ် မျက်စိရောဂါရ၍ ၁၉၁၃ ခုနှစ်တွင် ကျောင်းထွက်ခဲ့ရသည်။

၁၉၁၃ မှ ၁၉၁၄ ခုနှစ်အထိ ပေါင်းတည်မြို့ အစိုးရအထက်တန်းကျောင်း၊ ၁၉၁၄ မှ ၂၁ခု နှစ်အထိ ဟင်္သသာတမြို့အစိုးရကျောင်းတို့၌ ပါဋ္ဌိ ဆရာ၊ ပညာအုပ်အဖြစ်အမှုထမ်းခဲ့သည်။

ထိုသို့အမှုထမ်းနေစဉ် နေရပ်ဟင်္သာတသရဲချောင်ကိုမှီ၍ ‘ နောက်စွယ်ချောင်က တောက်တဲ့မောင့်’ ကလောင်အမည်ဖြင့် စာနယ်ဇင်းများတွင် ကဗျာလင်္ကာနှင့် မြန်မာမှုတို့ကိုရေးသားခဲ့သည်။ လူမှုရေးလုပ်ငန်းအဖြစ် ဟင်္သာတမြို့သူစရိတယုဝအသင်း စက္ကရီတေရီအဖြစ်ဆောင် ရွက်ခဲ့သည်။

ပညာအုပ်အဖြစ်ဆောင်ရွက်နေစဉ် ၁၉၂၀ ပြည်နှစ်၊ မေလ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာရီ (ဗိုလ်ချုပ်အောင်ဆန်း) လမ်း အိမ်အမှတ် ၇၀ နေလှည်းလုပ်ငန်းရှင် ဦးသဲ၊ ဒေါ်မမ ကြီးတို့၏သမီး မြန်မာမိန်းမများအသင်းတွဲဖက် စက္ကရီတေရီမလှမေနှင့်လက်ထပ်ခဲ့သည်။ မလှ မေမှာ ကိုလိုနီခေတ်အမျိုးသမီးဝံသာနုလှုပ်ရှားမှုများတွင် ထင်ရှားခဲ့သော အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သည်။

နိုင်ငံအနှံ့ အမျိုးသားနေ့ဝံသာနုစိတ်ဓါတ်များပြန့်ပွားလာရာ ဦးဘချိုသည် ကဗျာလင်္ကာ မြန်မာမှုများကိုရေးသားနေရာမှ ‘နှစ်ပါးကြည်’ ဂျာ နယ်၌ လူမှုရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရန် လှုံ့ဆော်သည့် ‘ဒီးဒုတ်၏ပစ္စရလက္ခတ်ကျမ်း’ ကို ‘ဒီးဒုတ်’ ကလောင်အမည်ဖြင့် ရေးသားခဲ့ သည်။ ထိုသို့ကလောင်ဖြင့် အမျိုးသားရေးတာဝန်ထမ်းဆောင်နေရာမှ ကောလိပ်ကျောင်းနေ ဖက်ဒယ်လီဂိတ်ဦးထွန်းရှိန်၏ တိုက်တွန်း ချက်ဖြင့် ပညာအုပ်ရာထူးမှနုတ်ထွက်၍ ဗဟန်းရပ် အမျိုးသားကောလိပ်တွင် ၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့၌ ၀င်ရောက်ထမ်းရွက်ခဲ့သည်။ ဗဟန်းကောလိပ်၌ မြန်မာစာပေနှင့် ရာဇ၀င်ပါမောက္ခပရော်ဖက်ဆာ ဆရာလွန်း၏မြန်မာဘာသာလက်ထောက်အဖြစ် ဗဟန်းကောလိပ်ပျက် သည်အထိ အဆင်းရဲအချို့တဲ့ခံကာ ဆောင်ရွက်ခဲ့သည်။ အမျိုးသားကောလိပ်ကျောင်းဆရာဘ၀တွင် ၀မ်းရေးအတွက် တဖက်တလှမ်းမှ ‘ဘချို၏အသားလှကတ္တီပါရေ’၊ ‘ပန်းမြိုင်လယ်ရေမွှေး’ တို့ကို ထုတ်လုပ်ရောင်းချခဲ့ရသည်။

၁၉၂၄ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ်ပျက်စီးသွားရာ မြန်မာရီဗျူးဂျာနယ်၌အက်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ထိုသို့လုပ် ကိုင်နေစဉ် ဂျာနယ်မှ ခွင့် ၆ လ ယူကာ အစိုးရအထောက်အပံ့မခံသော သရက်တောအမျိုးသားကျောင်း၌ အမျိုးသားကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ သရက်တောကျောင်းတိုက် အမျိုးသားကောင်းပျက်ပြန်သောအခါ ၁၉၂၅ ခုနှစ် ဧပြီလတွင် ဒီးဒုတ် ဂျာနယ်ကို ကိုယ်တိုင်ဦးစီး၍ ကိုယ်ပိုင်ထုတ်ဝေခဲ့သည်။

ထိုစဉ်က ဒီးဒုတ်ဂျာနယ်တိုက်မှာ ရန်ကုန်မြို့ ပုဇွန်တော်မြို့နယ် ရေကျော်လမ်းအနီး ၄၉ လမ်းနှင့် ၅၀ ထိပ်မောင်ဂိုမာရီလမ်းမကြီး (ဗိုလ်ချုပ် အောင်ဆန်းလမ်း) ပေါ်တွင် တည်ရှိသည်။ တိုက်အထက်ထပ်၌ ဆရာဦးဘချိုနှင့် မိသားစုတို့နေထိုင်ကြပြီး အောက်ထပ်တွင် အလုပ်တိုက် ထားရှိလေသည်။ ကိုယ့်ပုံနှိပ်စက်နှင့်ကိုယ် ရိုက်နှိပ်ထုတ်ဝေသည်။ ဒီးဒုတ်ဂျာနယ်တိုက်မှာ စီးပွားရေးမဆန်လှချေ။ သူ့စာရင်းနှင့်သူ၊ သူ့ အရှုံးအမြတ်နှင့်သူထားပြီး ကျကျနနစီးပွားရေးဆန်ဆန်လုပ်ကိုင်နိုင်ခြင်းမရှိချေ။ ပိုင်ရှင်လည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်၊ အယ်ဒီတာလည်း ဖြစ်၊ ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်သာ ဦးဒချိုသည် သတ်မှတ်ထားသောလခနှင့်အခကြေးငွေများကို ထုတ်ယူသည်မဟုတ်။ လွယ်သလို၊ ချောင်သလို၊ လိုသလိုထုတ်ယူသုံးစွဲခြင်းဖြစ်သောကြောင့် တခါတရံဂျာနယ်လုပ်ငန်းအတွက်ငွေလိုလျှင် အိမ်ကစိုက်ထုတ်ထည့်ရသည်။ ငွေမရှိက ရှိသောပစ္စည်းပေါင်နှံရောင်းချ၊ သို့မဟုတ် ချေးငှား၍ လိုငွေကိုစိုက်ထုတ်ရသည်။

ဆရာဦးဘချိုကိုယ်တိုင်ကလည်း အပေးအကမ်းရက်ရော၍ အပေါင်းအသင်းအပေါ်လက်ဖွာသောကြောင့် လစဉ်အကုန်အကျများလှသည်။ ထို့ကြောင့် သူနိုင်သောလုပ်ငန်းရှင်များထံမှ ကြောငြာခများကို တနှစ်အတွက်ကြိုယူထားပြီး အလုပ်တိုက်၏စာရင်းတွင် ငွေမ၀င်ဘဲ ကြော် ငြာများထည့်ပေးနေရခြင်းလည်းရှိသည်။ ထို့ကြောင့် ဂျာနယ်လုပ်ငန်းသည် ငွေအ၀င်အထွက်စာရင်းရောထွေးနေပြီး စီးပွားရေးအားဖြင့် လုံး လည်လိုက်နေသည်။

သို့သော် ဒီးဒုတ်ဂျာနယ်ကို လူကြိုက်များသည်။ စောင်ရညံ့သည့်အခါနည်းပြီး စောင်ရေကောင်းသည့်အခါက များပေသည်။ ထိုစဉ်က စောင် ရေအများဆုံး ထုတ်ဝေရသောဂျာနယ်များ၌ တခုအပါအ၀င်ဖြစ်သည်။ ဒီးဒုတ်ဂျာနယ်တွင် ဆရာချိုသည် မြန်မာ့နိုင်ငံရေး၊ လူမှုရေး၊ စာပေ၊ ဂီတ၊ နက္ခတ်ဗေဒင်၊ လောကီပညာရပ်မျိုးစုံကို ဒိုင်ခံရေးသားခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် ၁၉၂၅ ခုနှစ်နိုင်ဝင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ချာချီလမ်း(ကိုယ့်မင်းကိုယ့်ချင်းလမ်း) စံအိမ်၌ မိဘုရားခေါင်ကြီးစုဘုရားလတ်နတ်ရွာစံရာ၊ မိဘုရားခေါင်းကြီး၏အန္တိမဈာပနအတွက် မြန်မာစာနယ်ဇင်းများပါဝင်ဆောင်ရွက်ရန် ဦးဆောင် လှုံ့ဆော်ခဲ့သည်။

ဦးဘချိုသည် အင်္ဂလန်ပြည်၌ စားရေးဆရာကြီး ဘားနပ်ရှောလက်ခံနေသော ဖေဘီယံဆိုရှယ်လစ်ဝါဒကို ကြိုက်နှစ်သက်သဖြင့် ဦးဘခိုင် (မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ်ရေးသူ)၊ ကိုနုတို့နှင့်အတူ ဖေဘီယံအသင်းကိုတည်ထောင်၍ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၂၃ ခုနှစ်ဇန်န၀ါရီလတွင် ဒိုင်အာခီအုပ်ချုပ်ရေးကို စတင်ခဲ့ရာသည် ဒီးဒုတ်ဂျာနယ်မှ ဦးတုတ်ကြီး၏ ‘သရာဇ’ ပါတီကို ထောက်ခံခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် သရာဇပါတီဥက္ကဌ ဦးတုတ်ကြီးကွယ်လွန်သောအခါ ဦးပေါ်ထွန်း(နောင်ဆာဘွဲ့ရ) ဥက္ကဌဖြစ်လာသည်။ အိန္ဒိယနိုင်ငံမှ ‘ဆွရာဂ်ျ’ အသင်းကိုအတုယူ၍ ဖွဲ့သည့်ပါတီဖြစ်သည်။ ပါတီ၏မူဝါဒမှာ ဥပဒေပြုကောင်စီအတွင်းဝင်၍ လွတ်လပ်ရေးတောင်းဆိုရန်နှင့် ဒိုင်အာခီအုပ်ချုပ်ရေးကို တိုက်ဖျက်ရန်ဖြစ်သည်။

၁၉၃၀ ပြည့်နှစ်သြဂုတ်လတွင် ခွဲရေးတွဲရေးပေါ်ပေါက်လာရာ ဦးဘချိုသည် ဦးကျော်မြင့်၊ ဒေါက်တာဘမော်တို့နှင့်ပူးပေါင်း၍ တွဲရေးဘက်မှ ဆောင်ရွက်ခဲ့သည်။

ဦးဘချိုသည် အခြားပါတီအဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆောင်များကို မထောက်ခံဘဲ လွတ်လပ်စွာဝေဖန်ရေးသားနေသော်လည်း ကိုယ်တိုင်က ရွေးကောက်ပွဲကိစ္စများ၊ ရာထူးလုသောကိစ္စများနှင့် အလုအယက်ပြိုင်ဆိုင်စည်းရုံးသောကိစ္စများတွင် မပါဝင်မပတ်သက်သဖြင့် သူ့အပေါ်တွင် အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးခေါင်းဆော်များက အာဃာတ မထားကြချေ။ ထို့ကြောင့် အချင်းချင်းမိတ်မပျက်ဆက်ဆံကြသည်သာများ၏။

ဒီးဒုတ်ဦးဘချိုသည် နိုင်ငံရေးနှင့် စာပေဆောင်ရွက်ရုံမျှမက မြန်မာ့အနုပညာတိုးတက်ရေးအတွက်လည်း ဘက်ပေါင်းစုံမှဦးဆောင်ခဲ့သည်။ ဆရာဘချိုသည် ကဗျာဂီတဖက်တွင်လည်း ဆရာတဆူသဖွယ်ဖြစ်နေရာ ဂီတသမားအများအပြား ဒီးဒုတ်တိုက်သို့လာကြသည်။ ၁၉၂၉ ခုနှစ်တွင် မဟာဒုက်ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်သည့် ‘မြားနတ်ရှင်’ ဇာတ်ကား၌ ဇာတ်လိုက်၏အဖေအခန်းမှ ပါဝင်သရုပ်ဆောင်၍ မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေးကို အားပေးချီးမြှင့်ခဲ့သည်။ ဒီးဒုတ်ဦးဘချိုသည် စံပယ်ကလောင်အမည်ဖြင့် ဘွေသီတာဝတ္ထုကိုရေးသားခဲ့ရာ စန္ဒာရုပ်ရှင် မှ ၀င်းဦးက ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သော်လည်း ဇာတ်ကားပေါ်ထွက်လာခြင်းမရှိချေ။ ၁၉၃၀ ပြည့်နှစ်တွင် ဘိလပ်မှ ပြန်ရောက်လာသော မြန်မာပန်းချီကျော် ဦးဘဉာဏ်ကို မြန်မာစာနယ်ဇင်းများနှင့်မိတ်ဆက်ရန် ကိုယ်တိုင် ကမကထပြုလုပ်ခဲ့သည်။

၁၉၃၄ တွင် သူယုံကြည်သော ပညာရပ်အတွက် ရှင်ဥတ္တမသီရိမထေရ်၏ စမကျမ်းအဖွင့် ‘ကပ္ပါလင်္ကာရ၀ဏ္ဏနာကျမ်း’ ကို တည်းဖြတ်ထုတ် ဝေခဲ့သည်။ ထို့ပြင် ဒီးဒုတ်ဂျာနယ်တွင် ‘အီနောင်ဇတ်တော်ကြီး’ ကို တည်းဖြတ်ပုံနှိပ်ဖေါ်ပြခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဂီတသုတေသနအ သင်းကို ဦးဆောင်ဖွဲ့စည်း၍ စောင်းဆရာကျော်ကို ဥက္ကဌ၊ ပတ္တလားဦးသိုက်ကို အတွင်းရေးမှူးတင်၍ မြန်မာ့ဂီတတိုးတက်ရေးအတွက် လမ်းညွန်မှုပေးခဲ့သည်။ ဂီတပညာရှင် စောင်းဦးမောင်မောင်လတ်၊ အဆိုတော်ဒေါ်ဒေလီညွန့်တို့ကို မြန်မာ့အစဉ်အလာသီးချင်းကြီးမူရင်းဆို ဟန်နှင့် တီးကွက်များကို မပျောက်ပျက်စေရန် သီဆိုတီးမှုတ်စေခဲ့သည်။ ဆရာချိုကိုယ်တိုင် ကွမ်း ဘိုးထိမ်းကြီးပေမူ၊ ဘားနာ့ဒ်ပေမူ၊ သံယုတ်ဆရာတော်၏ပုရပိုက်များနှင့် ညှိနှိုင်းကာ သီချင်းကြီးပုဒ်ရေ (၅၇၀) ပါသော ဒေ၀ဣန္ဓာမူ ‘ဂီတ၀ိသောဓနီကျမ်း’ ကို တည်းဖြတ် ထုတ်ဝေခဲ့သည်။
ဆရာချိုသည် ဒီးဒုတ်ဂျာနယ်မှ ၉၁ ဌာနအုပ်ချုပ်ရေးကို ကလောင်ဖြင့် တိုက်ဖျက်ရုံမျှမက မြန်မာ့အလင်းဦးချစ်မောင်(နောင်ဂျာနယ်ကျော်)၊ ဘားမားဂျာနယ်ဦးထွန်းသန်း၊ ရဲသတင်းစာဦးဘရှိန် (မဟာဆွေ)၊ တို့ဗမာသတင်းစဉ် သခင်တင်မောင်တို့နှင့်တွဲ၍ မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များ၏ ၉၁ ဌာနအုပ်ချုပ်ရေးတွင် ရန်ထူးမယူရန် စုပေါင်းကြိုးစားခဲ့သေးသည်။ နဂါးနီစာအုပ်အသင်းမှ တောင်းခံသော အကူအညီများ ကိုလည်း ကိုယ်တိုင်ရေးသား၍ ကူညီခဲ့သည်။ ဆရာချိုသည် ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်း ၁၉၃၉ ခုနှစ် ဇန်န၀ါရီလတွင် သခင်ထိပ် တင်ကိုယ်တော်ကြီး၊ သခင်နု၊ တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်) တို့နှင့်အတူ အင်္ဂလိပ်အစိုးရ၏ ခေတ္တဖမ်းဆီအရေးယူခြင်းခံခဲ့ရသည်။

ထိုစဉ်အတွင်း ၁၉၃၉ ခုနှစ်ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ကို ရန်ကုန်မြို့၌ဖွဲ့စည်းတည်ထောင်ရာ အဖွဲ့ဥက္ကဌအဖြစ် ဆရာချို၏ဇနီးဒေါ်လှမေ ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှူးမှာ ဒေါ်ခင်မျိုးချစ်ဖြစ်သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြို့မဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီလစ်) တို့နှင့်အတူ ဦးဘချိုသည် တရုတ်နိုင်ငံသို့ မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။

ထို့နောက် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် (H.G. Wells) မြန်မာပြည်သို့ ရောက်နေစဉ် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာစာရေးဆရာ ၄၆ ဦးက အိပ်ခ်ျဂျီဝဲလ်အား ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း၌ တွေ့ဆုံဧည့်ခံခဲ့ရာမှ စာရေးဆရာများစုစည်းမိ သည်။ ယင်းနောက် ၁၉၄၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စာရေးဆရာကြီးပီမိုးနင်းကွယ်လွန်သောအခါ စာရေးဆရာများရန်ကုန်အ ရှေ့ပိုင်းကရိလမ်း (ဗိုလ်မြတ်ထွန်းလမ်း) မက်သဒစ်ကျောင်း၌ ထပ်မံဆုံတွေ့ခဲ့ရာမှ စာရေးဆရာအသင်းစတင်းတည်ထောင်ခဲ့ရာ ဒီးဒုတ် ဦးဘချိုအား ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြသည်။ အမှုဆောင်များမှာ မဟာဆွေ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ မြို့မမောင်၊ သင်္ခရ၊ ရဲထွတ်၊ ဇ၀န၊ ရဲသမိန်နှင့် ရန်အောင်တို့ဖြစ်သည်။

ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဂီတသုတေသနပညာရှင်ဦးခင်ဇော် (ဆရာကေ) ၏ မြန်မာသီချင်းကြီးသီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ဘောလယ်၊ ရတု၊ ရကန်၊ လူးတား၊ ဧချင်း၊ မောင်ကွန်းတို့ကို မူမှန်အသံသွင်းနိုင်ရေးအတွက် ဦးဆောင်ခဲ့သည်။ ဦးဘချို၏ ဦဆောင်မှုဖြင့် အဝေးရောက်မင်းဦးအောင်ကြီး၊ ဒေါ်စောမြအေးကြည်၊ သီပေါနရည်တော်အဖွဲ့သားများက ကူညီခဲ့ကြသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ဒုတိယကမ္ဘာစစ်ကြီး မြန်မာပြည်သို့ကူးစက်လာရာ ဒီးဒုတ်ဦးဘချိုသည် အဝေးရောက်မင်း ဦး အောင်းကြီးရှိရာ ရွှေဘိုသို့စစ်ရှောင်ခဲ့သည်။ ရွှေဘိုတွင် ဂျပန်ဆန့်ကျင်ရေးစာရွက်စာတမ်းများ ရေးသားဖြန့်ဝေခဲ့သည်။ မန္တလေးထောင် တွင်းရှိ သခင်နု၊ သခင်စိုး၊ သခင်ဗဟိန်းတို့ တရုတ်ပြည်သို့သွားနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ် ဂျင်နရယ်ဝမ်းနှင့် ဆက်သွယ်ပေးခဲ့သည်။ ဂျပန်ခေတ်တွင် ဦးဘချိုသည် ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးနှင့် နာမည်ထွက်နေရာ အသက်ဘေးလုံခြုံရေးအတွက် တွံတေးဘက်တွင် ခိုလှုံ နေခဲ့ရသည်။ ဦးဘ ချို၏လုံခြုံရေးအတွက် သခင်နု၊ ဗိုလ်လက်ျာတို့က စီစဉ်ပေးခဲ့သည်။ ဂျပန်ခေတ်တွင် ထုတ်ဝေ သောစာရေးဆရာမဂ္ဂဇင်းတွင် ဂီတဆောင်းပါးများရေးသားခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးပြီးနောက် ၁၉၄၅ ခုနှစ်ဇွန်လ ၄ ရက်နေ့တွင် ဖတပလခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကိုတိုးချဲ့ ဖွဲ့စည်းရာ ဗဟိုဦးစီးအဖွဲ့ဝင် ၁၆ ဦးတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ စစ်ပြီးနောက် ဒီးဒုတ်ဂျာနယ်ကို ပြန်လည်ထုတ်ဝေ၍ ဖဆပလ ကို ထောက်ခံအားပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦဆောင်သော ကြားဖြတ်အစိုးရအဖွဲ့၌ ပြန်ကြားရေးဝန်ကြီးအဖြစ် ၁၉၄၆ ခုနှစ် စက်တင် ဘာလ ၁၆ ရက်နေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ဖဆပလအဖွဲ့ချုပ်မှ ကြီးမှူးသော ချင်းဗမာချစ်ကြည်ရေးညီလာခံကို ၁၉၄၇ ခုနှစ်မတ်လ ၄ ရက်မှ ၆ရက်နေ့အထိ မကွေးတိုင်း ထီးလင်းမြို့တွင် ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား မြန်မာအဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့သည်။ မတ်လ ၆ရက်နေ့ညနေ ၅ နာရီတွင် ချင်း-ဗမာ ချစ်ကြည်ရေးအထိမ်းအမှတ်ကျောက်တိုင်ကို ဦးဝမ်းသူမောင်၊ ဦးဇဟူးတို့နှင့်အတူ အုတ်မြစ်ချခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပသည့် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေရေးဆွဲရေးကော်မတီ၌ပါဝင်၍ အလံ၊ သီချင်း၊ တံဆိပ် ကော်မတီ သဘာပတိအဖြစ် ဆောင်ရွက် ခဲ့သည်။

ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့နံနက် ၁၀း ၃၀ နာရီတွင် ရန်ကုန်မြို့အ တွင်းဝန်ရုံး (နောင်ဝန်ကြီးများရုံး) ၌ ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်သောဝန်ကြီးများအစည်းအဝေးကျင်းပနေစဉ် ဂဋ္ဌုန်ဦးစော၏စေခိုင်းချက်အရ လူသတ်သမားမသမာသူတို့၏ လုပ်ကြံသတ် ဖြတ်မှုကြောင့် ပြန်ကြားရေးဝန်ကြီးဒီးဒုတ်ဦးဘချိုသည် ကျည်ဆန် ၅ ချက်ထိမှန်ကာ ကျဆုံးသွားခဲ့ရသည်။ ကြွင်းကျန်သော ရုပ်ကလပ်ကို ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အခြားဝန်ကြီးများနှင့်အတူ ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင်ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။

ကျဆုံးစဉ်က ဇနီးဒေါ်လှမေနှင့် သမီးမခင်ပု၊ မခင်စုတို့ကျန်ရစ်ခဲ့သည်။

 
Leave a comment

Posted by on September 7, 2011 in Than Win Hlaing, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: