RSS

Ashin Nanika – Equal Share

09 Sep

အမျှ ဘာကြောင့်ယူရတယ်
အရှင်ဉာဏိကာဘိဝံသ
စက်တင်ဘာ ၈၊ ၂၀၁၁

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်/
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ်လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့ မူလတန်းဖတ်စာထဲကကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့ တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ် သူငယ်နှပ်စားထင်ပြီး စော်ကားမော်ကားလုပ်လေသလားလို့ တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား။ စတုတုတ္ထတန်းလားတော့ တိတိကျကျမမှတ်မိတော့ဘူး။ မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။

ဒီကဗျာလေးထဲကပဲ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။ ဒီထဲကတချို့ကတော့ ဖတ်ပြီးကောင်းဖတ်ပြီးဖြစ်လိမ့်မယ်။ အဲဒီဆောင်းပါးထဲမှာတော့ အသက်အရွယ်လေးတော်တော်ရလာတော့ ဇရာဆို တဲ့လက်နဲ့ ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ်ထွက်လာတဲ့အကြောင်းကို ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့ ပတ်သတ်တဲ့တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့ အနည်းအကျဉ်းချဲ့ပြီးတွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့အကြောင်းအရာနဲ့ ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာနည်းနည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ တော်တော်ကြီးတဲ့ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန်ပြောလို့ ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက် မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟု ထောင့်ကဓမ္မာရုံထဲမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။ ရွာကျောင်းမှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင် ကျောင်းမှာရှိတဲ့ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။ ဝတ်မ တက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကိုထိုးနှက်တယ်။ ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲက ဘုရားတရားဝါသနာထုံတဲ့ လူကြီး သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။ အိမ်မှာရှိတဲ့သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ်ပြုလုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

နောက်တစ်နာရီလောက်နေလို့ ဘုရားဝတ်တက်ပြီးချိန်မှာတော့ အလှည့်ကျတဲ့ ကိုရင်ကြီးတစ်ပါးပါးက ဖြစ်စေ၊ ကျောင်းသားကြီးတစ်ဦးဦးက ဖြစ်စေ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လောလို့ အသံကျယ်ကျယ်နဲ့ အမျှဝေရတယ်။ အခြားသော ကျောင်းသားကြီးတစ်ဦးကတော့ အမျှတစ်ခါဝေပြီးတိုင်း ခေါင်းလောင်းကြီးကို ထိုးနှက်တယ်။ အဲဒီလို ညဦးယံမှာ ဒုတိယအကြိမ်ထိုးတဲ့ ခေါင်းလောင်းသံကိုကြားပြီဆိုလျင် တော့ ကျောင်းကသံဃာတော်များနဲ့ ကျောင်းသားတွေဝတ်တက်ပြီးလို့ အမျှဝေနေပြီဆိုတာ ကြားသူများကသိထားကြတယ်။ ဒါကြောင့် ခေါင်းလောင်းသံကိုကြားတဲ့သူများက သာဓု သာဓု သာဓု လို့ ကြားရာအရပ်ကနေ ကျောင်းဆီမှန်းမျှော်ကာ သာဓုခေါ်ကြတယ်။

အဲဒီလိုအလေ့အကျင့်ဟာ လူကြီးတွေပါမက ကစားနေတဲ့ကစားဝိုင်းက ကလေးတွေအထိတောင်သက်ရောက်လို့ တလင်းပြင်မှာ စုပေါင်းက စားနေလျင်တောင် ကစားတာကိုခဏရပ်လို့ သာဓုခေါ်ကြတယ်။ လူကြီးမိဘများကလည်း ကိုယ့်ရဲ့သားသမီးတွေ မြေးတွေကို သာဓုခေါ်ဖို့ တိုက်တွန်းကြတယ်။
လူတွေတွင်မက ကျောင်းမှာရှိတဲ့ခွေးတွေ၊ ရပ်ရွာထဲရှိ ခွေးတွေလည်း အော်ကြ အူကြတယ်။ အခြားအချိန်မှာ ခွေးတွေအူတာကို သိပ်သဘော မကျကျပေမယ့် ဒီအချိန် ခွေးတွေအော်တာအူတာကိုတော့ ခွေးတွေသာဓုခေါ်တာပဲလို့ လက်ခံနားလည်ပြီး ဝမ်းမြောက်ကျေနပ်ကြတယ်။ ဒါက တောရွာဓလေ့ ချစ်စရာလေးတစ်ခုပေါ့။

ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကောင်းမှုကောင်းရာလုပ်တဲ့သူတွေရဲ့လုပ်ငန်းကို ကိုယ်ကိုတိုင်မလုပ်နိုင်တောင် ကျေနပ်တတ်ရမယ်။ အားပေး တတ်ရမယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ရမယ်။ သာဓုအနုမောဒနာ ခေါ်တတ်ရ မယ်ဆိုတဲ့ ဓလေ့ကောင်းတစ်ခုကိုပါ။ ဒီကတဆင့်တက်ကာ သူများတွေကောင်းမှုကောင်းရာပြုလုပ်နေတာကို အတုယူပြီး ကိုယ်ကိုတိုင်လည်း သူတို့လိုပဲ ကောင်းတဲ့အလုပ်တွေကိုလုပ်မယ်ဆိုတဲ့ အသိမျိုးကို ဖြစ်စေနိုင်တယ်။

အဲဒီလို သူများတွေရဲ့ကောင်းတဲ့လုပ်ရပ်တွေကို အားပေးလိုတဲ့စိတ်ထား၊ ကိုယ်တိုင်လည်း ကောင်းတဲ့အလုပ်တွေကိုလုပ်လိုတဲ့စိတ်ထား တွေထွန်းကားလာပါမှ ကိုယ်နေထိုင်တဲ့လူ့အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့လောကကြီး ပိုမိုတိုးတက်လာမယ်။ ဒါကြောင့် ကောင်းတဲ့လုပ် ရပ်ဆိုလျင် အားပေးရမယ်။ ကူညီရမယ်။ ဖျက်လိုဖျက်ဆီး မလုပ်ရဘူး။ ကောင်းတဲ့လုပ်ရပ်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူရဲ့သန္တာန်မှာ ဘယ် လိုမှ သူတော်ကောင်းစိတ်ဓာတ် မကိန်းတည်နိုင်ဘူး။

နောက်ပြီး ကဗျာလေးထဲမှာ “အမျှ ဘာကြောင့်ယူရတယ်။ ကုသိုလ်ရဖို့ကွယ်” တဲ့။ ဒီတော့ ကုသိုလ်ရဖို့ရန်အတွက် ကုသိုလ်ကောင်းမှုပြု လုပ်ကြသူ၊ သာသာသာသနာအတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ သက်ရှိကမ္ဘာလောကသားတွေနဲ့ သက်မဲ့ကမ္ဘာလောကကြီးအတွက် ကောင်းရာကောင်းကြောင်း လုပ်ဆောင်ကြတဲ့သူတွေရဲ့ လုပ်ရပ်အားလုံးအပေါ်မှာ ကြည်နူးဝမ်းသာဖြစ်နိုင်ရမယ်။ သူလုပ်တာပဲ။ ငါလုပ်တာ မှမဟုတ်တာဆိုပြီး မနာလိုစိတ်ထားမထားရဘူး။ ဒါဟာ အရေးကြီးပါတယ်။

နောက်ပြီး “ကုသိုလ်သည် ဘယ်မှာလဲ။ ခေါင်းလောင်းထိုးနေဆဲ” တဲ့။ ခု ဒီမှာ သင်တန်းတွေကိုအပင်ပန်းခံကာ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေနဲ့ ငွေကြေးတွေကိုရင်းနှီးမြှပ်နှံကာ ဦးဆောင်ပြုလုပ်ကြတယ်။ ခုလိုသင်တန်းတွေဖွင့်လှစ်နေတဲ့အကြောင်းကိုလည်း အများတကာတွေ သိ အောင်ကြေငြာအသိပေးနေတယ်။ ကြားသိသူတွေ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး ကုသိုလ်အမျှတွေရယူနိင်ကြပါစေ။ ကိုယ်တိုင်မ တက်ရောက်နိုင်လည်း အင်တာနက်ကနေတိတ်ခွေတွေကတဆင့် နာကြားနိုင်ကြပါစေ။ တတ်အားသမျှ လှူးဒါန်းမှုတွေပြုလုပ်ကာ ကု သိုလ်ပါဝင်နိုင်ကြပါစေဆိုပြီး ကုသိုလ်ယူနိုင်ခွင့်လမ်းတွေကိုဖွင့်လှစ်ပေးနေကြတယ်။ ဒါကို သာဓုခေါ်နိုင်မယ့်သူတွေအတွက်တော့ ကုသိုလ် တွေရကြမှာ မလွဲပါဘူး။

ဒီတော့ ခုလိုသင်တန်းမှ ဦးဆောင်ဝေယျာဝစ္စပြုလုပ်ကြေသူတွေဟာ ခေါင်းလောင်းထိုးနေတဲ့ ကုသိုလ်အမျှရကြပါစေရယ်လို့ ပေးဝေနေတဲ့ ကုသိုလ်သည်တွေဖြစ်ကြပါတယ်။

သို့ပေမယ့် အထူးသတိထားရမှာက ခုလို ကုသိုလ်အမျှပေးဝေနေသူတွေဆီက ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အရာတွေ၊ ကုသိုလ်သံတွေကို သာ ထွက်ပေါ်ပြန့်နှံ့စေဖို့လိုပါတယ်။ ကုသိုလ်အမျှပေးဝေနေတယ်ဆိုပြီး အချင်းချင်းမသင့်တင့် မညီညွတ်ဖြစ်တယ်ဆိုတဲ့အသံတွေ၊ မတ ရားအလုပ်တွေ လုပ်နေတယ်ဆိုတဲ့အသံတွေကို ဖြန့်ဝေ ပေးသလိုမျိုးဖြစ်ခဲ့မယ်ဆိုလျင်တော့ ဒီအသင်းကိုမှီပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ကုသိုလ်ရနိုင်မယ်မဟုတ်ပေဘူး။ အသင်းကို ဦးဆောင်နေသူတွေကလည်း ကုသိုလ်သည်တွေဖြစ်နိုင်မယ်မဟုတ်ပေဘူး။ အကုသိုလ်သည် တွေသာ ဖြစ်ပေလိမ့်မယ်။

ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးတွေကို ကောင်းမှုတွေမျှဝေနိုင်အောင် ဖြည့်ဆည်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။ ကိုယ့်ဆီမှာရှိနေတဲ့ ကောင်းမှုကောင်းရာတွေကို ကိုယ်တစ်ယောက်တည်း သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ သူတစ်ပါးကိုမျှဝေနိုင်တဲ့စိတ်ထားတွေ မွေးမြူနိုင် ကြပါစေ။ ကုသိုလ်အမျှကိုသာပေးဝေနေတဲ့ ခေါင်းလောင်းထိုးနေသူတွေဖြစ်နိုင်ကြပါစေ။ ကုသိုလ်သည်တွေသာ ဖြစ်ကြပါစေ။ အကုသိုလ် သည်တွေမဖြစ်ကြပါစေနဲ့။

နောက်ပြီး သူတစ်ပါးတွေရဲ့ကောင်းမှုကောင်းရာလုပ်ငန်းစဉ်တွေကို ကြည်နူးကျေနပ်စွာ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင် တဲ့သူတွေ ဖြစ်ကြပါစေ။ ကုသိုလ်ဝယ်သူတွေသာ ဖြစ်ကြပါစေ။ အကုသိုလ်ဝယ်သူတွေလည်း မဖြစ်ကြပါစေနဲ့။ မုဒိတာစိတ်ထား အပြည့်အဝ ထားနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ တိုက်တွန်းစကားဆိုရင်း နိဂုမ်းချုပ်ပါတယ်။

မှတ်ချက်။ ။ သြဝါဒအချိန်က ငါးမိနစ်ခန့်သာသတ်မှတ်ပေးထားလို့ မပြောနိုင်ခဲ့တဲ့ငယ်စဉ်က ရပ်ဓလေ့ရွာဓလေ့ ခေါင်းလောင်းထိုးကာ အမျှ ဝေတဲ့အကြောင်းကို အနည်းငယ်ထပ်ဖြည့်လိုက်ပါတယ်။

သရုပ်ဖော်ပန်းချီ – ဦးမြင့်အောင်

 
Leave a comment

Posted by on September 9, 2011 in Ashin Nanika, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: