RSS

Maung Swan Yi – Daw Yin Yin Myint

09 Sep

သတ္တိရှိတဲ့ ဆရာမလေး ဒေါ်ရင်ရင်မြင့်
မောင်စွမ်းရည်
စက်တင်ဘာ ၈၊ ၂၀၁၁

 
သင်္ကြန် နီးပြီ ဆိုတော့ အမိ မြန်မာနိုင်ငံကို အထူး သတိ ရမိတယ်။ နှစ်သစ် ကူးခါနီး ဖြစ်စေ၊ ဝါဝင်ခါနီး ဖြစ်စေ မြန်မာတွေ အိမ်ပြောင်းလေ့ မရှိပါဘူး။ ဒါ့ကြောင့် နှစ်သစ် ကူးခါနီး သင်္ကြန် ဝင်ခါနီး အချိန် မှာတော့ ငါတို့ အိမ်တွေ ဖျက်သေးမှာ မဟုတ်ဘူးလို့ မြန်မာ့ ယုံကြည်ချက်ကို လေးစားမှုနဲ့ မိတ်ဆွေတွေ အိမ်မပြောင်း ရွှေ့ရေးကို အားပေး လိုက်တယ်။ နအဖ အစိုးရက ကျွန်တော်တို့ ဝဂ္ဂီ ရပ်ကွက်ထဲက အိမ်ကျန်တွေကို ၂ဝဝ၂ ဧပြီလ နောက်ဆုံး ထားပြီး ဖျက်ရမယ်လို့ အမိန့်ထုတ် ထားတယ်။ မဖျက်ဘူးလို့ အိမ်နှစ်ဆယ် အစိတ်က တင်းခံ နေကြပါတယ်။

ကျွန်တော်တို့ ရပ်ကွက်က ရန်ကုန် ကမာရွတ် မြို့နယ် ထဲမှာပါ၊ ကမာရွတ် မြို့နယ် အမှတ် (၈) ရပ်ကွက် ဆိုတာက ဝဂ္ဂီ ရပ်ကွက်ပါ၊ လိုင်းပေါက်နဲ့ မျက်နှာချင်း ဆိုင်ပါ၊၊ လိုင်းပေါက် ဆိုတာ တက္ကသိုလ် သန့်ရှင်းရေး ဝန်ထမ်းတွေနဲ့ တခြား အမှုထမ်းငယ်တွေ နေတဲ့ ရပ်ကွက်ပါ။ အိန္ဒိယသားတွေ များပါတယ်။ အဲဒီ ရပ်ကွက် ကလေးကို အလုပ်သမား လိုင်းလို့ ခေါ်ပါတယ်။ ပြည်လမ်းမ ပေါ်မှာ ဆိုတော့ နေရာ ကောင်းပါတယ်။ ခု ရွှေ့ပစ်ပြီး စိန်ရတု အထိမ်းအမှတ် အဆောက်အအုံကြီး ဆောက်ထား ပါတယ် ကုန်စည်ပြပွဲနဲ့ မင်္ဂလာဆောင် ဆိုတာမျိုးတွေ လုပ်နိုင်ပါတယ်။ စစ်ကြောရေး စခန်း တဖြစ်လဲ စစ်ထောက်လှမ်းရေးက အသုံး ချတတ် ပါတယ်။ အဲဒီ လိုင်းပေါက်နဲ့ မျက်နှာချင်းဆိုင် ပြည်လမ်းမ ပေါ်က ရပ်ကွက်ကို ဝဂ္ဂီ ရပ်ကွက်လို့ ခေါ်ပါတယ်။ အရင်က ကြိုးစက်ပိုင်ရှင် ကုလား သူဌေး တဦး ပိုင်ခဲ့တယ်လို့ ကြားဖူးတယ်။

တက္ကသိုလ်နားနီးလို့ ကျောင်းသားတွေကို ဈေးပေါတဲ့ အဆောင် အခန်းလေးတွေ ငှားစားလေ့ ရှိတယ်။ ဘုရား စေတီ တဆူ၊ ဘုန်းကြီးကျောင်း တကျောင်းနဲ့ မူလတန်းကျောင်း တကျောင်း ရှိပါတယ်။ ကဗျာ ဆရာမ နွယ် စစ်တွေရဲ့ အိမ်လဲ အဲဒီ ရပ်ကွက်မှာ ရှိတယ်။ ရပ်ကွက် ထိပ်မှာ ပြည်လမ်းမကို မျက်နှာမူပြီး စိန်ဥယျာဉ်လို့ ခေါ်တဲ့ ခြံကျယ် ဝင်းကျယ် စားသောက်ဆိုင်ကြီး ရှိတယ်။ သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်းက အဲဒါ ငါတို့ သူငယ်ချင်း ကိုလှမြတ်စိုးရဲ့အိမ် အဲဒီအိမ်မှာ ကျောင်းသား သမဂ္ဂ အစည်အဝေးတွေ လျှို့ဝှက် လုပ်ဖူးတယ်လို့ ပြောဖူးပါတယ်။

ကိုလှမြင့်စိုး ဆိုတာ ကိုလိုနီခေတ် ကျောင်းသားငယ် ဘဝက ရေနံမြေ အရေးတော်ပုံ ချီတက်ပွဲမှာ ပါဖူးတယ်။ ဘုရင်ခံက သူ့ကို ကျောင်းထုတ် ပစ်ပါလို့ ကျောင်းအုပ်ကြီး ဦးဖေမောင်တင်ကို ပြောတော့၊ သူဟာ အပြင်မှာ ဆန္ဒပြတာ ငါတို့ ကျောင်းနဲ့ မဆိုင်ဘူး ဆိုပြီး မထုတ်ဘဲ ထားခဲ့သတဲ့။ စစ်ပြီး စခေတ်မှာ ကျောင်းပြန် နေလို့ ဒေါက်တာ သန်းထွန်းတို့နဲ့ တွေ့ကြတာ ဖြစ်ပုံ ရပါတယ်။ စစ်ပြီးစမှာ အလွတ် ပညာသင် ကျောင်းက ကျောင်းအဖြစ်နဲ့ “လှသိပ္ပံ” လို့ နာမယ် ကြီးခဲ့သတဲ့။ ခုတော့ စားသောက် ဆိုင်ကြီးပေါ့။ ဒါတွေ ဘာကြောင့် ပြောသလဲ ဆိုတော့ ဒီမြေကွက်ဟာ ကျုးကျော် ရပ်ကွက် မဟုတ်ဘူး ဆိုတာ ပြောပြချင်လို့ပါ။

စိန်ဥယျာဉ်က ဝဂ္ဂီ ရပ်ကွက်ရဲ့ အရှေ့တောင်ထောင့် မှာပေါ့။ အနောက်တောင် ထောင့်မှာ ဘုန်းကြီးကျောင်း တကျောင်း အခိုင်အမာ ရှိပါတယ်။ ညီအကို သုံးယောက် တပါးပြီး တပါး ဆက်ခံ လာကြတာ ခုကျောင်းထိုင်က အငယ်ဆုံးပါ။ အကို ဆရာတော်တွေ လက်ထက်မှာ ဆွမ်းခံတော့ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ အိမ်တွေကို ဆွမ်းခံ ခဲ့တာပါ။ အဲဒီကျောင်း အဆောက်အအုံ အတွက် အလှူငွေ ထဲမှာ ဆရာဇော်ဂျီ မိသားစုလဲ ပါဝင် ပါတယ်။ ဆရာ ဇော်ဂျီ ကွယ်လွန်တာ ရက်လည်တော့ အဲဒီ ကျောင်းမှာ ဆွမ်းကျွေးလို့ ဒေါ်အောင်ဆန်းဆုကြည်တောင် ရောက်ဖူး ပါတယ်။ ကျွန်တော့် အိမ်က အဲဒီကျောင်းရဲ့ ဘေးမှာ ကပ်ရက်ပါ။ နိုင်ငံကျော် ဆရာဝန်ကြီး ဇနီး မောင်နှံက ဝယ်ယူထားတဲ့ ဂရမ်မြေပါ။ ဘုန်းကြီကျောင်းနဲ့ တွဲရက် ဂရမ်မြေပါ၊၊ အဲဒီ မြေကို ကျွန်တော်က စာချုပ်စာတမ်းနဲ့ ဝယ်ယူပြီး မြို့နယ် စည်ပင်ကို သစ်ဝါးရအောင် စာတင်ပြီးမှ ဆောက်တာပါ၊ တရား မဝင်တာ တခုမှ မရှိပါဘူး။

ကျွန်တော့်အိမ် ရှိတဲ့ လမ်းက ဘုန်းကြီးကျောင်းကို အစွဲပြုပြီး ဣစ္စာရာမ လမ်းလို့ အမည် တွင်ပါတယ်။ အဲဒီ လမ်းပေါ်မှာ အစိုးရ အလယ်တန်း ကျောင်းက အလယ်တန်းပြ ဆရာမလေး ဒေါ်ရင်ရင်မြင့် ဆိုတာ ရှိပါတယ်။ သူတို့ အိမ်ကို တယ်လီဖုန်း အိမ်လို့ပဲ ခေါ်တယ်။ က္ဆွန်တော်တို့က အဲဒီ တယ်လီဖုန်းနဲ့ ရပ်ဝေး ရပ်နီး ဆက်ပါတယ်။ တယ်လီဖုန်း အိမ်နဲ့ မျက်နှာချင်း ဆိုင်မှာ စာရေးဆရာမ ရွှေကူမေနှင်းရဲ့ အိမ်ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် အမတ် တဦးပါ။ အဖမ်း ခံရဖူးတယ်၊ အဲဒီ အချိန်မှာ လွတ်ပါပြီ။ ပါတီဝင် အဖြစ်ကလဲ နုတ်ထွက် ထားပါပြီ။ သူ့အိမ်ရှေ့မှာ ဖုန်းဆက်လိုက် ကွမ်းယာ ဆေးလိပ် ဝယ်လိုက်နဲ့ လာလေ့ ရှိတဲ့ လူတယောက်ကို နေပူထဲ မိုးရွာထဲ ရပ်နေရင် သူ့အိမ်ခေါ်ပြီး နားနေ ခိုင်းတယ်။ ရေပူ ရေချမ်းနဲ့ ဧည့်ခံတယ်။ အဲဒီလူက စစ်စုံထောက်ပါ။ ကျွန်တော်နဲ့တောင် မိတ်ဆက် ပေးမယ် ဆိုလို့ မနည်း ရှောင်ရ ပါတယ်။ မေနှင်းက ကျောင်းဆရာမ လူထွက် ဆိုတော့ ရိုးရှာ ပါတယ်။

တယ်လီဖုန်း အိမ်ရဲ့ ဘေးမှာ ဗမာ တရုတ် မိသားစု ရှိတယ်။ ရှမ်း ဇနီး မောင်နှံ ရှိတယ်။ အဲဒီအိမ် လေးအိမ်ဟာ မြူနီစပယ်က ဖယ်ခိုင်းတာကို မဖယ်ဘဲ နောက်ဆုံးထိ တောင့်ခံတဲ့ အိမ်နှစ်ဆယ် အစိတ် ထဲမှာ ပါတယ်၊၊ မြူနီစပယ်က တယောက်ချင်း ခေါ်ထုတ်ပြီး ငွေပေးလို့ တချို့က ထွက်သွား ပါတယ်။ နှစ်ဆယ်လောက်က အမာခံ တွေပါ။ အဲဒီထဲမှာ တရားသူကြီး အဆင့် (၁)၊ (ဒုညွှန်မှူး အဆင့်) နှစ်ဦး ပါရှိ ပါတယ်။ စစ်သူနာပြု ဆရာမကြီး တဦးနဲ့ ကျူရှင်ဆရာ မိသားစုလဲ ပါရှိ ပါတယ်။

အံ့သြစရာ ကောင်းတာက အသေခံမယ်၊ မဖယ်ဘူးလို့ ဆိုသူ တချို့ဟာ လက်မောင်းမှာ “တာဝန်” ဆိုတဲ့ လက်ပတ်ပိတ်စ လက်တဝါး ချည်နှောင် ပေးလိုက်တာနဲ့ ဘာ ငွေကြေးမှ မရဘဲ ဘက်ပြောင်း သွားတာမျိုး ကြုံရတာပါပဲ။ တရားသူကြီး တွေက ဥပဒေကြောင်း အရ လွတ်ကင်းလိုY ဒီရပ်ကွက်ကို ဝင်ပြီး အခိုင်အမာ တိုက်ကြီးတွေ ဆောက်နေ ကြတာပါ။ မြေဝယ် စာချုပ်၊ အိမ်ဆောက်ခွင့် လျှောက်လွှာ၊ အိမ်နေခွင့်ကို မြူနီစပယ် (မြို့တော်) သတင်းစာက ကြေညာချက် ရရှိပြီးမှ နေသူတွေပါ။ နောက်ဆုံးမှာ ဥပဒေကြောင်း အရ ဘယ်လိုမှ “ကျူးကျော်အိမ်” လို့ ပြောမရတော့လို့ ကိုလိုနီ ခေတ်ဦးက ရေနံမြေမှာ သုံးဖူးတဲ့ အိန္ဒိယ ဥပဒေ အဟောင်းအဆွေး တခုကို ရှာကြံပြီး အစိုးရက လိုအပ်ရင် သိမ်းလို့ ရတယ် ဆိုတဲ့ ဥပဒေကို အိမ်ရှေ့ လက်ဖက်ရည် ဆိုင်မှာ ကျွန်တော်တို့ မသိဘဲ လာကပ် ထားပါတယ်။

အဲဒီ မြေသိမ်း ဥပဒေနဲ့ ရေနံမြေမှာ ဘီအိုစီ ကုမ္ပဏီက ရေနံတွင်း တတွင်း တူးဖို့ ဖယ်ခိုင်း ဖူးတယ်။ ကြိုက်တဲ့မြေ အစားပေးပြီး ကြေနပ်အောင် ငွေပေးပြီး ဖယ်ခိုင်းတဲ့ အပြင် ရေနံတွေ ပန်းထွက် လာတော့ ဆုချသေး ဆိုပဲ။ ခုဟာက ကြိုက်ဈေး ကြိုက်မြေ ညှိနှိုင်းခွင့် မရှိပါဘူး။ ဒေသ စစ်ဗျူဟာ ရုံးခေါ်ပြီး ဥပဒေ အရာရှိ၊ တရားသူကြီးရဲ့ အရာရှိ၊ စစ်အရာရှိနဲ့ ရပ်ကွက် ကောင်စီတွေ ရှေ့မှာ စကားပြောတယ်။ “ဖယ်ပေးပါ၊ မဖယ်ရင် အင်းစိန် ထောင်ထဲကို မိသားစုလိုက် ဖမ်းပို့မယ်” တဲ့။ ကျွန်တော်တို့က မဖယ်တဲ့ အပြင် နိုင်ငံခြား ရေဒီယို တွေနဲ့ပါ ဆက်သွယ် လိုက်ကြ ပါတယ်။ လွတ်လပ်တဲ့ အာရှ အသံက စိန်ကျော်လှိုင်က ဝဂ္ဂီမှာ နေသွားတဲ့ မိတ်ဆွေပါ။ ပြည်ပ ထွက်တဲ့ သဘောင်္သား တွေရဲ့ လက်ထဲ ကိုလဲ စာတွေ ထဲ့လိုက် ပါသေးတယ်။

ဆရာမ ဒေါ်ရင်ရင်မြင့်ကို “ဆရာမက အစိုးရ ဝန်ထမ်း ဆိုတော့ ထိခိုက် နိုင်တယ်။ တယ်လီဖုန်း သုံးခွင့် ပြုချင်မှ ပြုပါ” ဆိုတော့၊ “သုံးပါ” တဲ့၊ “ဒီကိစ္စ အတွက် ဆိုရင် ဖုန်းခတောင် မယူပါဘူး” တဲ့။ တရားသူကြီး၊ ကျူရှင်ဆရာ၊ သူနာပြု ဆရာမ၊ စာရေး ဆရာမ စသဖြင့် အားလုံးကို စိန်ကျော်လှိုင်က နေ့စဉ်လောက် ဖုန်းဆက်ပြီး “ဗြူး” တော့ အတော် ဂယက် ရိုက်ပါတယ်။ အိမ်တွေ ဖျက်ပေါင်း များပြီ ဘယ်တုံးကမှ ဒီလောက် “အာခံ” တာ မတွေ့ဘူး ပဲကိုး။ က္ဆွန်တော် တို့ကို ဖယ်ခိုင်းတာ ၄ နှစ်ကြာပြီ။ သူတို့လဲ သူတို့ အများနဲ့ ဆိုတော့ နည်းမျိုးစုံ သုံးပြီး ဖျားယောင်း ပြီးပီ။ မြို့တော်ဝန် အတွင်းရေးမှူး ဦးကျော်ဝင်း၊ မြို့နယ် စည်ပင် အရာရှိ စတာတွေ ပြုတ်ကုန်ပြီ။ မြို့နယ် ဗျူဟာမှူး တွေလဲ သံလျှင်ဘက် လွင့်သွား ကြပြီ။ သူတို့ ဘက်က မှားနေတာကိုး။

ကျွန်တော်တို့ စကား ပြောနေတဲ့ ဘေးမှာ ဆရာမ ဒေါ်ရင်ရင်မြင့် ရောက်လာပြီး ဟိုဟာ ထောက်ပြပေး ဒီဟာ ထောက်ပြပေး လုပ်ပါတယ်။ အချက်အလက် တချို့ ရှာပေး ပါတယ်။ နောက်တော့ “ကျမပါ ပြောမယ်” လို့ ဆိုလှာပါတယ်။ မလုပ်နဲ့ ခင်ဗျားက ဝန်ထမ်း ဆိုတော့ “ပြုတ်ချင် ပြုတ်ပါစေ” တဲ့ ။ ပြောတော့လဲ ငြင်ငြင်သာသာပဲ တည်တည်ငြိမ်ငြိမ် ပြောပါတယ်။ “ကျမတို့ကို စစ်ဗျူဟာရုံး ခေါ်ပြီး စစ်ဗျူဟာမှူး ကိုယ်တိုင်က ဖယ်ပေးပါ၊ မဖယ်ရင် ထောင်ထဲကို မိသားစု အလိုက် တိုက်ရိုက် ပို့မယ်” လို့ ပြောပြီး ဘာမှ ပြန်ပြောခွင့် မပေးဘဲ ပြန်လွှတ်တယ်။ ပြန်မယ်လို့ ထလိုက်တော့ နံရံမှာ “တပ်မတော်သည် ပြည်သူ လူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်သည်” လို့ ရေးထားတာ တွေ့ရတော့ သြော် ဘယ်လို ဘာလိမ့်လို့ တွေးလိုက် မိတယ်၊ စသဖြင့် ပြောပါတယ်။ (သူနာပြု ဆရာမကြီး ကလဲ ဒုန်းကျည်နဲ့ ပစ်ချင် ပစ်လိုက်လို့ ဝင်ပြော ပါတယ်။ )

နောက်တနေ့မှာ ကျွန်တော့်ကို သီးခြား ခေါ်တယ်။ ဒီတိုက်ပွဲ ခေါင်းဆောင်မှုက ဖယ်ပေး ပါတဲ့။ ကျွန်တော် ခေါင်းဆောင် မဟုတ်ဘူး၊ စုစုပြီး စကားပြောကြ၊ တိုင်ပင်ကြပေမယ့် လုပ်တော့ ဘယ်သူ့မှ အသိ မပေးဘဲ ကိုယ်ဘာသာ လုပ်ကြတာ၊ ပေါက်ကြားမှာ စိုးလို့ ပါလို့ ရှင်းပြပါတယ်။ ဒီလိုဆို ဆရာပဲ ဖယ်ပေးပါတဲ့။ ခုပြောတဲ့ စကားကို နှစ်ဦး နှစ်ဖက် အပြင်မှာ မပြော စတမ်းတဲ့။ ကျွန်တော်က မပြောဘူးလို့ ကတိ ပေးပါတယ်၊၊

ဒါပေမဲ့ ကျွန်တော် မိတ်ဆွေ တွေကို သစ္စာ ဖောက်ပြီး ဖယ်မသွားနိုင်ဘူး ဆိုတော့၊ “ဆရာက နိုင်ငံတော်ကို သစ္စာ မစောင့်ဘဲ မိတ်ဆွေ တစုကိုပဲ သစ္စာ စောင့်ရသလား” လို့ စစ်ဗိုလ်မှူးက မေးပါတယ်။ အတော် အချက်ကျတဲ့ မေးခွန်းပါ။ ကျွန်တော်က “ဒီကိစ္စဟာ နိုင်ငံတော် ကိစ္စ မဟုတ်ပါဘူး။ စည်ပင် အဖွဲ့နဲ့ ကန်ထရိုက် တို့က ကျွန်တော်တို့ ရပ်ကွက်ကို ကျူးကျော် ရပ်ကွက် ဆိုပြီး၊ လိမ်ညာ ထည့်သွင်း စီးပွား ရှာကြတာပါ” လို့ ပြန်ပြောတော့ စိတ်ပျက်ပြီး ပြန်လွှတ် လိုက်ပါတယ်။ ဒီစကားဟာ ဆရာလေး ပြောနေကျ စကားပါ။

၂ဝဝ၂၊ ဧပြီ ၅ ရက် သန်းခေါင်ယံ ၁၂ နာရီမှာ ရပ်ကွက်ကို မီးပိတ်ပြီး ရဲနဲ့ လုံထိန်းတပ် ဝင်လာ ပါတယ်။ အပြင်မှာ စစ်ကား တွေက ပတ်မောင်း နေပါတယ်။ စစ်တပ်က မပါဘူး ဆိုတဲ့ သဘောနဲ့ပေါ့။ တချက်တီးမှာ ဝင်လာပြီး ပစ္စည်း တွေကို ကားနဲ့ သယ်ပါတယ်။ ပေပုရပိုက် တွေနဲ့ စာအုပ်ဟောင်းတွေွွေ့ကကျိုး ကုန်ပါတယ်။ ကားနဲ့ ခြောက်ခေါက် တိုက်ရပါတယ်။ ပြီးတော့ အိမ်တွေကို ညတွင်းချင်း ဖျက်ချပြီး ဘူဒိုဇာနဲ့ ထိုးပစ် ပါတယ်။ ကျနော်နဲ့ ရွှေကူမေနှင်း တို့ကို ကျွန်တော်တို့ အတွက် ရာထားတဲ့ တိုက်ခန်း တွေကို ပို့ပေး ပါတယ်။ အကျယ်ချုပ် ထားလိုက် ပါတယ်။ ဒေါ်ရင်ရင်မြင့် တို့ကို မိသားစုလိုက် အချုပ်ကားပေါ် တင်သွားတယ်။ တရုတ် မိသားစုမှာ အဖေနဲ့ အမေက လေဖြတ် နေတာကို ဇွတ်ဆွဲ တင်တော့ ကလေးတွေ လုပါတယ်။ လုတော့ နံပါတ်တုတ်နဲ့ ရိုက်ပါတယ်။ သူတို့ကို အင်းစိန်ထောင်ကို တန်းပို့ ပါတယ်။ ဝရမ်း မပါလို့ စောင့်ရ ပါသေးတယ်။ နှစ်ပတ်လောက် ကြာတော့ လူကြီးတွေ သေကောင် ပေါင်းလဲ ဖြစ်လို့ ဆေးရုံ ပို့ရတဲ့ အခါ အားလုံး မိသားစုလိုက် ပြန်လွှတ် ပါတယ်။

ဆရာမ ဒေါ်ရင်ရင်မြင့်က “ကျမတို့ မိသားစု လမ်းမှာ ဆင်းမယ်” လို့ ပြောသတဲ့ “မဟုတ်ဘူး၊ ဆရာမ တို့ကို အိမ်အရောက် ပို့ပေးဖို့ အထက်အမိန့် ပါတယ်” လို့ ပြောတော့ ဆရာမ မိသားစုက ကားကို ဇွတ်ရပ်ခိုင်း ဇွတ်ဆင်းတယ်။ တာဝန် ရှိသူက ဆရာမ လက်ကို အခန်းသော့ ဇွတ်ပေးတယ်။ ဆရာမက မယူဘူး။ ပြန်ပစ် ချထား ခဲ့တယ်။ ဘုန်းကြီးကျောင်းကို သွားနေတော့ ဘုန်းကြီးကို မြို့နယ်ရုံး ဆင့်ခေါ်ပြီး၊ တယ်လီဖုန်း သုံးခွင့် မပေးဘို့နဲ့ နေခွင့် မပေးဘို့ ပြောသတဲ့။ “ငါ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်လို့ လာခိုလှုံတာ၊ ငါလက်မခံလို့ မဖြစ်ဘူး” လို့ ပြန်ပြော ခဲ့သတဲ့။ အဲဒါကို ဆရာတော်က သူ့ဒကာ၊ ဒကာမ တွေကို ပြန်မပြောရှာဘူး။ တဆင့် စကား ကြားတော့ ဆရာမက သူ့ မိသားစုကို သူတို့ နေရင်းရွာက ဆွေမျိုးဆီ ပြန်ခေါ် သွားပါသတဲ့။

ကျွန်တော်တို့ရဲ့ အိမ်ဖျက် ပစ္စည်းတွေ ထဲက သစ်ဝါး တချို့နဲ့ သွပ်ပြားတွေကို ရောင်းရင် ရပါတယ်။ ပြန်ယူပါ ဆိုပေမယ့် မယူခဲ့ ပါဘူး။ ဆရာမ လောက်လဲ သူတို့ ပစ္စည်းတွေ စလင်းကွင်း ဆိုတဲ့ ဘောလုံးကွင်း တခုမှာ စွန့်ပစ် ထားတာ ပြန်မယူပါဘူး။ သော့တောင် ပစ်ချခဲ့တဲ့ ဆရာမလေးကို ဂုဏ်ပြု စကားပြောဖို့ ဒီနှစ် ဧပြီမှာ စီစဉ် ထားပေမယ့် အသံလွှင့် ဌာနက ကျွန်တော်တို့ အစီအစဉ်ကို ရုတ်တရက် ရပ်လိုက်လို့ မပြောလိုက် ရတော့ပါဘူး။ ပြောဖို့ နောက်ကျတာကို ဆရာမ ခွင့်လွှတ် နိုင်ပါ စေသတည်း။

ဆရာမ ဒေါ်ရင်ရင်မြင့်ဟာ စုစုနွေးလိုပဲ သတ္တိ ရှိသူပါ။ ကျွန်တော်တို့ တိုက်ပွဲမှာ ဒေါ်ရင်ရင်မြင့်က သတ္တိ အပြောင်မြောက်ဆုံးနဲ့ ဆုံးရှုံးမှု အများဆုံး ဖြစ်ပါတယ်။ နောင်အခါ ဒီထက် စုံလင်အောင် ထပ်ရေး ပါအုံးမယ်။ ပြောခွင့် ကြုံရင် ပြောပါ အုံးမယ်။ ဒီလို သတ္တိရှင် အမျိုးသမီးတွေ ကျွန်တော်တို့ လူမျိုးမှာ အများကြီး ရှိပါတယ်။ ဒေါ်ရင်ရင်မြင့် အကြောင်း စိန်ကျော်လှိုင်၊ တင်မိုး၊ တင်မောင်သန်းတို့ ရေးခဲ့တာတွေ ကျွန်တော် ပြန်ရှာပါတယ်။

မောင်စွမ်းရည်
ဧပြီ၊ ၁၂ ၊ ၂ဝဝ၆

 

၂၀၀၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်စွဲဖြင့် http://www.burmanet.org/burmese/?p=1136 တွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူ ဖော်ပြသည်
 
Leave a comment

Posted by on September 9, 2011 in Maung Swan Yi, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: