RSS

Theitpan Chit Thu – Daung Nwe Swe

09 Sep

ဒေါင်းနွယ်ဆွေ (သို့မဟုတ်) နောက်ဆုံးထွက်သက်အထိ ကဗျာများရေးဖွဲ့သွားသောစာဆိုရှင်
သိပ္ပံချစ်သူ
စက်တင်ဘာ ၉၊ ၂၀၁၁


၁၉၇၇ ခုနှစ်။
ကြာခဲ့ပြီ နှစ်ပေါင်း ၃၄ နှစ်တိုင်ခဲ့ပြီ။

ထိုစဉ်က ကျနော်သည် စာပေမြတ်နိုးစိတ်အမြစ်တွယ်ရာမှ စာမပီသေးသော စာတိုပေစကလေးများကို စာနယ်ဇင်းအချို့၌ရေးဖွဲ့စပြုနေ သောအချိန်ဖြစ်သည်။ ရန်ကင်း ၁၂ လုံးတန်းရှိ ဆရာနန်းညွန့်ဆွေနှင့် ဆရာမဒေါ်လှကြည် (ကြည်ဦး) တို့ဆီသွားတိုင်းအပြန်တွင် ဆရာ ဒေါင်းထံသို့ဝင်လေ့ရှိသည်။ တခါတရံ ဆရာနှင့်အတူလက်ဖက်ရည်ဆိုင်ထိုင်ကာ စာအကြောင်းပေအကြောင်းပြောလေ့ရှိသည်။ ထိုစဉ် ကာရန်မဲ့ကဗျာကို ဝေဖန်မှုအမျိုးမျိုးပြုနေသော အချိန်လည်းဖြစ်သည်။ ကာရန်မဲ့ကဗျာသည် အစဉ်အလာ ကာရန်ယူရေးစပ်သီကုံးသော ကဗျာမဟုတ်ဘဲ အခြားကဗျားပစ္စည်းများဖြင့် ရေးစပ်သောကဗျာမျိုးဖြစ်သည်။ တချို့က နာရီကို သုံးစွဲရေးစပ်သည်ဟုဆို၏။ တချို့ကာရန်မဲ့ ဆိုစေကာမူ ကာရန်လုံးဝမပါမဟုတ်။ ပါသင့်သလောက်ပါသည်။ အစဉ်အလာကာရန်ပုံစံကို ကျောက်ထွက်လာခြင်းဖြစ်သည်ဟုဆို၏။ ဆရာတက္ကသိုလ်မင်းမော်က ကာရန်ရှိတဲ့စာကို ကဗျာလို့ခေါ်နေမှတော့ ကာရန်မရှိတဲ့စာကို ဘာဖြစ်လို့ကဗျာလို့ခေါ်နေတော့မှာလဲ။ တခြားနာမည်တခုခုပေးလိုက်လည်းရမှာပဲ။ ကဗျာဆိုတဲ့နာမည် မတပ်ရတော့ဘာဖြစ်ရမှာလဲဟုဆိုသည်။ ဆရာဒဂုန်တာရာကမူ “ကာရန်မဲ့ကဗျာ လို့ခေါ်တဲ့သူက ဘယ်လိုအဓိပ္ပါယ်နဲ့ခေါ်သလဲတော့မသိဘူး။ ကာရန်တော့မမဲ့ဘူး။ ကာရန်တွေပါနေတယ်။ ကာရန်ပါပုံပါနည်းကတော့ ရှေး ဟန်အတိုင်းတော့မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် ကာရန်တွေယူချင်သလိုယူထားတာတွေ့ရတယ်” ဟုဆိုသည်။ ထိုကြောင့် ကာရန်မဲ့ ကဗျာအကြောင်း ဆရာကိုမေးကြည့်ရာ ဆရာက –

“ကာရန်မဲ့ကဗျာဆိုတာ ကာရန်တလုံးမှမပါရဘူး။ ဒါမှကာရန်မဲ့ခေါ်တယ်။ ၁၉၅၉ ခုနှစ် က ရှုမ၀တိုက်ကနေ “ကဗျပုလဲကုံး” ဆိုတဲ့ စာအုပ် ထုတ်တယ်။ ကဗျာ၊ ၀တ္ထုတွေရေးရတာ ဆရာငြီးငွေ့တုန်း အာရှ-အာဖရီက စာရေးဆရာညီလာခံအတွက် ကျနောဆိုဗီယက်ရုရှားကိုပါ သွားတယ်။ အဲဒီမှာ ကာရန်မဲ့ကဗျာဖန်တီးဖို့စခဲ့တာပဲ”

“ဟိုမှာဘာတွေ့ရသလဲဆိုတော့ စန္ဒရားဆရာမလေးတယောက် စန္ဒရားတီးပြတယ်။ သီချင်းမဟုတ်ဘူး။ သူတီးချင်တာတီးနေတာပဲ။ မုန် တိုင်းတိုက်တယ်။ သစ်ရွက်ကြွေတယ်။ လေတွေငြိမ်သွားတယ်။ မြင်းခွာသံတွေဖြစ်ချင်ဖြစ်လာမယ်။ ပြောရရင် Song Without Words ပေါ့။ ကျနော်တို့မြန်မာဂီတမှလည်း တယောနဲ့ပတ်သက်ပြီးရှိပါတယ်။ ဘိုးတံအဖျားကနေအရင်းအထိ ထိုးချင်သလိုထိုးသွားတာ။ နွဲ့သွား တာ။ ဘယ်လူးညာလှည့်ဝင်ချင်သလိုဝင်လာတာတွေ၊ စန္ဒရားမှာ သူအဲဒီလိုလုပ်ချင်သလိုလုပ်သွားတယ်”

“နောက်တခါ ဘယ်တွေ့ရပြန်သလဲဆိုတော့ ဘဲလေးကကွက် ကချင်တာကသွားတာပဲ ဇာတ်လမ်းမရှိဘူး။ Ballet Without Plot ပေါ့။ ဘဲလေးကကွက်တော့ဟုတ်တယ်။ ဒါပေမယ့် ဇာတ်လမ်းမရှိဘူး။ နောက်ဆုံးကျတော့မှ ဒီကကွက်ရဲ့နာမည် စာတန်းထိုးပြလိုက်တယ်။ Thief တဲ့။ သူခိုးပေါ့”

“Painting Without Subject ဆိုတာလည်းရှိတယ်။ အကြောင်းအရမဲ့သောပန်းချီကားပေါ့။ နောက် Sculpture Without Object၊ ပန်းပုရုပ် တော့ပန်းပုရုပ်ပဲ။ ဒါပေမယ့် ဘာရုပ်မှန်းမသိဘူး။ Abstract စိတ္တဇဆန်ဆန်ပေါ့။ အကြောင်းအရာတွေပျောက်သွားတယ်။ ဒါပေမယ့် လွတ် လပ်စွာကွန့်မြူးခွင့်ဆိုတာတော့ပါတယ်။ နောက် Country Without Boarder နယ်စည်းမခြားနိုင်ငံ၊ R.S.F ခေါ် Reporters Without Borders နယ်စည်းမခြားသတင်းထောက်များအဖွဲ့ဆိုတာတွေလည်းရှိသေးတယ်”

“အဲဒီအကြောင်းအရာတွေကို ကျနော်သဘောကျပြီးတော့ ကဗျာမှာတီထွင်ကြည့်ချင်လို့ပြန်လာတော့(ရှုမ၀) ဦးကျော်ကိုပြောပြတယ်။ ကျ နော်ဒီလိုရေးချင်တယ်လို့။ ဦးကျော်ကလည်းရေးပါဆိုတာနဲ့ ကျနော်ရေးဖြစ်သွားတယ်။ ‘မိုးသောက်ပန်းကဗျားများ’ ဆိုပြီး သီးသန့်ကဏ္ဍ ထည့်ထားပါတယ်။ အဲဒီမှာ ကဗျာတွေအောက်က ဘာကြောင့် ဒီကဗျာဖန်တီးတယ်ဆိုတာမှတ်ချက်တွင် ထည့်ခဲ့ပါတယ်။ ‘ဆောင်သမားနှင့် မုန်တိုင်း’ ဆိုတဲ့ကဗျာအောက်မှာ ကျနော် ဒီလိုရေးခဲ့ပါတယ်။ “ကာရန်မပါသော ကဗျာစာတမ်းနုကို ၀တ္ထုကဲ့သို့ရေးသားသီဖွဲ့သဖြင့် ဤက ဗျာကို ကာရန်မဲ့ကဗျာဟု စမ်းသပ်အမည်ပေးခြင်းဖြစ်ပါသည်။” အဲဒီလိုရေးခဲ့ပါတယ်။

“အဲဒီတုန်းက ၀ိုင်းဆဲခဲ့ကြတာ ခေါင်တောင်မဖေါ်နိုင်ခဲ့ပါဘူး။ ဒါ ၁၉၅၉ ခုနှစ်က အဖြစ်အပျက် ဒီနှစ် ၁၉၇၇ ခုနှစ်ဆိုတော့ ၁၈ နှစ်ရှိခဲ့ပါပြီ။ အခုကာရန်မဲ့ကဗျာပြန်ပေါ်လာတယ်။ ဒါပေမယ့် ဟိုလူလုပ်သလိုလို ဒီလူလုပ်သလိုလိုဖြစ်နေတယ်။ အမှန်က မှတ်တမ်းမှတ်ရာနှင့်ရှိခဲ့တာ ပဲ။ သူတို့ဆက်လုပ်လာကြတာတွေ့ရတော့ ကျနော်ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေကြတာတွေက ကာရန်မဲ့ကဗျာဆိုပြီး ကာရန်တွေ ချိတ်နေတယ်။ ကာရန်ပျက်တွေဖြစ်နေတယ်။

“ကာရန်ပျက်ကဗျာတွေရဲ့အန္တရာယ်က တော်တော်ကြီးပါတယ်။ ကာရန်မဲ့ဆိုတာ ကျနော်ပြောပြမယ်။ ဟောဒါ ကာရန်မဲ့ကဗျာနာမည်က ‘မွေးလွန်းသောအဆိပ်’ ကာရန်တစ်လုံးမှမပါဘူး။ ကျနော်ဖတ်ပြမယ်။

အချစ်ဟာ ငါ့ရဲ့နန်းတော်
အချစ်ဟာငါ့ရဲ့ရဲတိုက်
အချစ်ဟာငါ့ရဲ့ရထား
အချစ်ဟာ ငါ့ရဲ့လှေကား
အချစ်ဟာ ငါ့ရဲ့တံခါး
အချစ်ဟာ ငါ့ရဲ့ပလွေ
အချစ်ဟာ ငါ့ရဲ့သီချင်း
အချစ်ဟာ ငါ့ရဲ့စမ်းချောင်း
အချစ်ဟာ ငါ့ရဲ့အိပ်မက်
အိုး…… အချစ်ဟာ သေမင်းလက်ထဲက
ငါ့အတွက် အမွေးကြိုင်ဆုံး အဆိပ်ပန်း။

ဘယ်မှာလဲကာရန် တစ်ခုမှမပါဘူး။

“နောက်ထင်ရှားအောင် ကဗျာတစ်ပုဒ်ထပ်ဖတ်ပြမယ်။

ကုရာမဲ့ဝေဒနာ

(၁)
အချစ်ဟာ
သမားတော်လည်းဖြစ်တယ်။

(၂)
အချစ်ဟာ
ဆေးတစ်ပါးလည်းဖြစ်တယ်။

(၃)
အချစ်ဟာ
ဝေဒနာလည်းဖြစ်တယ်။

(၄)
ဒါပေမဲ့
အချစ်သမားတော်ဟာ
အချစ်ဆေးနဲ့ အချစ်ဝေဒနာသည်ကို
ဘယ်တော့မှ ပျောက်အောင်
ကုသမပေးနိုင်ရှာဘူး။

ဘယ်မှာလဲကာရန်။ တစ်ခုမှမပါဘူး။ ဒီကြားထဲမှာ ကာရန်မဲ့ကဗျာကို လွတ်လပ်ကာရန်ဆိုပြီး ခေါ်တဲ့သူကခေါ်တယ်။ ဗလာကဗျာလို့ခေါ်တဲ့ သူကခေါ်သေး။ ဆောရီးပါပဲ။ ကျနော်ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက်ဘာသာပြန်ယူခဲ့တာပဲ။ တစ်ခြားစာ ကလုံးအစားထိုးလို့ ဘယ်နည်းနဲ့မှမရနိုင်ပါဘူး။ Free Verse ဆိုတာလည်းလက်မခံပါဘူး။ Free Verse ဆိုတာမရှိဘူး။ Blank Verse ပဲရှိတယ်။

ကာရန်မဲ့ကဗျာဆိုပြီး ကာရန်ပါလာရင် ကဗျာမှာဂုဏ်သိက္ခာအကျဆုံးပဲ။ ကျနော်တို့ကာရန်လည်း စည်းကြပ်ထားတဲ့အထဲက ကာရန်ကိုမ တတ်သာလို့ ချိုးဖောက်တယ်ဆိုရင် ဒါကတစ်မျိုး။ အခုဟာက လွယ်လွယ်လေးနဲ့လျောက်လုပ်နေပြီး ကာရန်မဲ့ကဗျာပါလို့တပ်လာရင်တော့ ဆောရီးပဲ။ ကာရန်မဲ့ကဗျာက ပိုခဲ့တယ်။ စောစောကပြောခဲ့သလို ကဗျာဝတ္ထုရှည်အများကြီးရေးခဲ့ပြီးမှ ကာရန်မဲ့ကဗျာကို ကျနော်ရေးခဲ့တာပါ။
“ရေးတဲ့နေရာမှာ ကိုယ့်အတွေးအခေါ်ကို မှတ်တမ်းရေးသလိုရေးနိုင်တယ်။ ဒါသက်ငယ်အတွက် ကာရန်မဲ့ကဗျာပဲ။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲရေးခဲ့တာပဲ။ ဒုတိယအဆင့်မြင့်လာတာက အတွေးအခေါ်မြင့်မြင့်ကိုကာရန်မဲ့ကဗျာအဖြစ် ရေးချင်သည်ဆိုရင် Theme ကြီးကြီးကို ရေးရမယ်။ ထုထည်ရှိတဲ့အစိုင်အခဲရှိတဲ့ အားရောမာန်ပါထည့်ရေးတယ်။ ဥပမာတွေ ရူပကတွေ၊ အလင်္ကာတွေအများကြီးထည့်ပြီး ရေးရ တယ်။
“ကာရန်မဲ့ကဗျာရေးနိုင်ဖို့အတွက် သူ့ရဲ့ပင်ကိုယ်အရည်အသွေး Talent, သူ့ရဲ့ကြိုးစားမှု၊ သူ့ရဲ့စည်းပူးမှု၊ သူ့ရဲ့အတွေ့အကြုံ၊ ပါရမီ ဘာညာ ပေါ့ နောက်အလင်္ကာ ဒါတွေတတ်ဖို့အများကြီးလိုပါတယ်။” ဟူ၍ စိတ်ရှည်လက်ရှည်ရှင်းပြခဲ့လေသည်။
ထိုစဉ်က ဆရာသည် ပြည်ဟိန်းကျော်အမည်ဖြင့် လက္ခဏာဗေဒင်ဆရာအဖြစ်လည်း တစ်ဖက်ကဟောခန်းဖွင့်၍ အသက်မွေးဝမ်းကျောင်း ပြုနေချိန်ဖြစ်သည်။ သူ၏ဗေဒင်လက္ခဏာ ဆရာအမည် ‘ပြည်ဟိန်းကျော်’ ကို ကျနော်သဘောကျ၍ ကျနော့်သား၏အမည်ကိုပင် ထိုအမည် ပေးခဲ့ပါသည်။ ဒေါင်းနွယ်ဆွေကလောင်အမည်ကို ဆရာကြီးရွှေဥဒေါင်းနှင့် မဟာဆွေတို့၏ကလောင်အမည်များကို ညပ်ယူသုံးဆွဲထားသည် ဟု ဆိုသည်။

ဆရာသည် ဆရာကလောင်အမည်ဒေါင်းနွယ်ဆွေနှင့် လူပုံသဏ္ဌာန်သည် မည်သို့မျှဆက်စပ်၍မရအောင် ခန္ဓာကိုယ်က၀၀ဖိုင့်ဖိုင့်ရှိသည်။ သည်းကြားထဲ မုတ်ဆိတ်ကျင်စွယ်များထားလိုက်သေးသည်။ ဘယ်အခါကြည့်ကြည့် အမြဲတမ်း ကော်ကိုင်းမျက်မှန်ထူထူကြီးတပ်ထား သည်ကို တွေ့ရသည်။ ကျနော်သည် ငယ်စဉ်ကပင် သူရေးသောစာမျက်နှာ ၂၀၀ ကျော်ရှိ လုံးချင်းကဗျာဝတ္ထု ‘ကလျာမိမိမုန်း’၊ ‘မာန်’ တို့ကို ဖတ်ကာ သဘောကျနေမိပါသည်။ ကလျာမိမိမုန်းသည် မိန်းမ၏ဖောက်ပြန်မှုကြောင့် မြို့စားရာထူးမှစွန့်လာသောကဗျာဆရာတယောက် အကြောင်းကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်သည်။ ၀တ္ထုဇာတ်လမ်းကို ပုံပြင်သဖွယ်တည်ဆောက်၍ ကဗျာနှင့်စကားပြောပေါင်းစပ်ရေးနည်းကိုသုံးထားသည်။ မိန်းမအလှဖွဲ့များ ပြောင်ပြောင်မြောက်မြောက်ရေးဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။ ကလျာမိမိမုန်းကဗျာစာအုပ်၏အရွယ်အစား၊ အဆင်အပြင်ကအစ ထူးခြားသည်။ ပန်းချီဆရာဖေညွန့်ဝေ၏ ဆေးရောင်ခြယ်မျက်နှာဖုံးတွင် အရောင်ရင့်များက လံနေသည်။ မျက် နှာဖုံးတွင် အသည်းပုံအပေါက်ကလေးပင် ဖေါက်ထားသေးသည်။ အတွင်းသရုပ်ဖေါ်ပုံများကို ရှုမ၀ စာတည်းချုပ်မောင်ဆွေတင့်က ရေးဆွဲ ပေးခဲ့သည်။ ကျနော်သည် ဆရာဒေါင်းနွယ်ဆွေရေးသားခဲ့သော ‘မင်းဘယ်ပြေးမလဲမိယာ’ ၀တ္ထုကို ‘မင်းဘယ်ပြေးမလဲမိချိုသဲ’ အမည်ဖြင့် ၀င်းဦးအား ခေါင်းဆောင်တင်ရိုက်ကူးခဲ့သောရုပ်ရှင်ကိုလည်း ကြည့်ဖူးသည်။ သူရေးခဲ့သောဝတ္ထုများအနက် ‘အသည်းနဲ့ထပ်တူ’၊ ‘အသည်းထဲကဆူး’၊ ‘ချစ်တဲ့ရက်ကိုကြိုနေမယ်’ ၀တ္ထုများကို ရုပ်ရှင်အဖြစ်ရိုက်ကူခဲ့ကြောင်း သိရသည်။ ဆရာဒေါင်းနွယ်ဆွေသည် ၁၉၄၈ မှ ၁၉၈၅ ခုနှစ်အထိ ၃၇ နှစ်အထိ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာပေါင်းများစွာကို ရေးသားခဲ့သည်။

ဆရာဒေါင်းနွယ်ဆွေကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်သာပေါင်းမြို့နယ်၌ အဖရာဇ၀တ်ဝန်ထောက် ဦးဘထိန်၊ အမိဒေါ်ဖုန်ရိန်တို့က ၁၉၃၁ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်၍ အမည်အရင်းမှာ ဦးအောင်ဆွေဖြစ် သည်။

ငယ်စဉ်က ၁၉၄၀ – ၄၂ တွင် ငါးသိုင်းချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းတွင် စတင်ပညာသင်ခဲ့သည်။ ထို့နောက် ၁၉၄၆-၄၇ တွင် ရန်ကုန်မြို့ဗဟိုအစိုးရအထက်တန်း ကျောင်း(ယခုလသာအထက [၁]) ၌ ပညာဆက်လက်သင်ကြားသည်။
ထိုစဉ်က ကျောင်းနံရံကပ်စာစောင်တွင် ‘ဒေါင်းဒင်’ ကလောင်အမည်ဖြင့် ကဗျာများစတင်ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ ဟံသာဝတီ သတင်းစာနှင့် အိုးဝေသတင်းစာများတွင် ‘ဒေါင်းနွယ်ဆွေ’ ကလောင်အမည်ဖြင့် ကဗျာများရေးသားသည်။ ၁၉၄၇-၄၈ တွင် ပြည်သူ့သိပ္ပံ အလွတ်ပညာသင်ကျောင်း၊ ၁၉၄၉-၅၀ တွင် ပုစွန်တောင်ရေကျော်မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ရာ တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့သည်။

၁၉၅၁ တွင် စီးပွားရေးသတင်းစာ၌ ဘာသာပြန်အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ပြီး ၁၉၅၂ မှစ၍ ကလောင်သစ်မဂ္ဂဇင်း၌ နေသွေးနီနှင့် တွဲ၍ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ထို့ပြင် စာပေသစ်မဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ သည်။ ၁၉၅၃-၆၁ တွင် တိုင်းရင်းမေဂျာနယ်၌ အယ်ဒီတာ၊ ၁၉၆၁-၆၃ တွင် အလွတ်ပညာသင်ကျောင်းဆရာ၊ ၁၉၆၉တွင် ဖြူနီညိုပြာ မဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာနှင့် အိုးဝေဂျာနယ်တွင် အယ်ဒီတာအဖွဲ့ဝင် အုပ်ချုပ်မှုအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

စာပေသစ်မဂ္ဂဇင်း ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေရာတွင် အောင်လင်း၊ မြင့်ဆွေတို့နှင့်တွဲ၍ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သေး သည်။ ဆရာဒေါင်းနွယ်ဆွေသည် ၁၉၄၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနှင့် စာရင်းသပိတ်ကာလမှစ၍ လူထုလူတန်းအဖွဲ့အစည်းများ၌ ပါ ၀င်လှုပ်ရှားခဲ့သည်။ ဗဟိုအစိုးရအထက်တန်းကျောင်းနှင့် ပြည်သူ့သိပ္ပံကျောင်း ကျောင်းသားသမဂ္ဂများတွင် အမှုဆောင်အဖွဲ့လည်းကောင်း ဒုတိယဥက္ကဌအဖြစ်လည်းကောင်း၊ တာဝန်ယူခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကလောင်သစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။ ၁၉၅၂ မှစ၍ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၆ တွင် ကဗျာဆရာ အသင်းဥက္ကဌတက်လာခဲ့ပြီး၊ ၁၉၆၂ တွင် ပြည်သူ့ကဗျာဆရာ အသင်းခွဲထောင်သောအခါ ပြည်သူ့အဗျာဆရာအသင်းချုပ်၏ ဥက္ကဌဖြစ်လာသည်။

၁၉၅၁ ခုနှစ်တွင် မတရားအသင်းနိုင်ငံရေးဥပဒေပုဒ်မ ၁၇ (၁) အရ ဖမ်းဆီးခြင်းခံရ၍ ထောင်ဒဏ် ၇ လ ကျခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပုံနှိပ် အက်ဥပဒေ ၁၇/၂၀ ဖြင့် နောက်တစ်ကြိမ်ဖမ်းဆီးခံရ၍ ထောင်ဒဏ် ၃ နှစ်ကျခဲ့သည်။

ဒေါင်းနွယ်ဆွေကလောင်အမည်အပြင် စနေမောင်ပွေ၊ ဒေါင်းဒဲ့ဒွန်၊ လေဥဒေါင်း ကလောင်ခွဲများဖြင့် ရယ်စရာသောင်း ခြောက်ထောင် စာဆောင်၌ ဟာသ၀တ္ထုတိုများ၊ ဆောင်းပါးများ၊ ကဗျာများရေးသားခဲ့သည်။ တိုင်းရင်းမေဂျာနယ်၌ ဇင်ဦးကလောင်အမည်ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ထို့အပြင် သွေးသောက်မဂ္ဂဇင်း၌ အောင်ဆွေ၊ အောင်ဇော်ဟိန်းကလောင်အမည်များဖြင့် အားကစားဆိုင်ရာ ဆောင်းပါး များကို ရေးသားခဲ့သည်။

သူသည် ၁၉၅၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ ကဗျာပြိုင်ပွဲ၌ သူရေးသားသော စစ် နှင့် ပြည်သူ ကဗျာသည် ဆရာကြီးသခင်ကိုယ်တောင်မှိုင်း၏ ကဗျာဆုရရှိခဲ့သည်။ အဆိုပါကဗျာကို ထိုစဉ်က ကွန်မြူနစ်ကဗျာဟု မြင်ခဲ့ကြသော်လည်း မဆလခေတ်တွင် ဆိုရှယ်လှစ်ကဗျာဟု သတ် မှတ်ခဲ့ကြပြန်သည်။

ဒေါင်းနွယ်ဆွေသည် စာနယ်ဇင်းများတွင် ရေးသားခဲ့သည့်ကဗျာများကိုစုစည်း၍ ကဗျပုလဲကုံး၊ ပုလဲနိဒါန်း၊ လောကမျက်ကန်း၊ မိုးသောက် အလင်္ကာပန်း၊ ချစ်သူမျက်နှာ ကဗျာစက်ဝိုင်း၊ လောကသစ္စာကို ရှာဖွေခြင်းနှင့် မာန်၊ လွမ်းလိပ်ပြာတောင်၊ ၀င်္ကပါကဗျာလမ်း၊ ကဗျာဝတ္ထု လေးပုဒ် စသောကဗျာစာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။

ထို့အပြင် သင်ကဗျာကို ဘယ်လိုရေးမည်နည်း။ အမည်ရှိကဗျာဆိုင်ရာ သဘောတရားနှင့် အတတ်ပညာပိုင်းဆိုင်ရာစာအုပ်၊ စာပေကဗျာ ဝေဖန်ရေးပဲ့တင်သံများ၊ အဆုံးမရှိသောအစနှင့် ကာရန်မဲ့ကဗျာများအမည်ရှိ စာပေဝေဖန်ရေးသဘောတရားဆိုင်ရာစာအုပ်များ၊ ကလျာမိမိ မုန်း၊ မိုးဆန်သောမိုး၊ အသည်းနှင့်ထပ်တူ၊ ကဗျာလွတ်အနမ်း၊ မလွမ်းသာကြမ္မာနှောင်း၊ မုန်တိုင်းနှင့်ရွက်ဝါ၊ လမင်းကိုသက်သေတိုင်၊ မဟာ ရန်သူတော်၊ သစ္စာပင်တိုင်ဦး၊ ဝေးဝေးကမုန်း၊ နိုင်ရာလူနမ်းစတမ်း စသည့်လုံးချင်းဝတ္ထုများအပါအ၀င်စာအုပ်ပေါင်း ၅၅ အုပ်ခန့်ရေးသားခဲ့ သည်။

၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် ဆိုဗီယက်ယူနီယံတာ့ရှ်ကင့်မြို့၌ ကျင်းပသော အာရှအာဖရိကစာရေးဆရာညီလာခံသို့ မြန်မာနိုင်ငံကဗျာ ဆရာများအသင်းကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့သည်။

ထို့အပြင် ဒေါင်းနွယ်ဆွေသည် ရုပ်ရှင်လောကသို့လည်းဝင်ရောက်ခဲ့ရာ ရင်ဝယ်ခင်တွယ်ဇော်ကလေးရယ် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ် ညွန်းရေးပေးခဲ့ပြီး ရွှေရင်သိမ်းသစ်၊ လူ့လင်ငယ်သွေး၊ အပယ်ရတနာ၊ ချွေးကလေးစိုစို၊ လူ့မနှော၊ ပန်းတွေနဲ့ဝေနှင့် ဇာခန်းဆီးနောက်ကွယ်မှာ ဇာတ်ကားများတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

ထို့နောက် ဒေါင်းနွယ်ဆွေသည် ကင်ဆာဝေဒနာကြောင့် ၁၉၈၅ ခုနှစ်ဖေဖောဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက် ရောက်ကုသခဲ့ရာမှ မတ်လ ၂၂ ရက်နံနက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆောင်အထူးခန်း ၂၀၉ ၌ ကွယ်လွန်သွားခဲ့လေသည်။ ဆေးရုံပေါ်တွင် ကင်ဆာဝေဒနာကို မချိမဆံ့ခံစားရင်းမှ နောက်ဆုံးထွက်သက်အထိ ကဗျာကိုးပုဒ်တိတိကိုရေးသားခဲ့လေသည်။

ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်မြင့် (စာရေးဆရာမ တိုင်းရင်းမေမမြင့်နွယ်) နှင့်အတူ သားသမီးငါးယောက်ကျန်ရစ်ခဲ့သည်။ ဆရာဒေါင်းနွယ်ဆွေ ကွယ်လွန်ချိန်၌ ကျနော်ရန်ကုန်တွင်မရှိချေ။ မြင်းခြံမြို့သို့ရောက်နေ၍ ဆရာ့နောက်ဆုံးခရီးကို မပို့ဖြစ်ခဲ့ချေ။ ဆရာ့နာရေးကြော်ငြာကို သ တင်းစာ၌ဖတ်ခဲ့ရသည်။ ဆရာ၏ကြွင်းကျန်သောရုပ်ကလပ်ကို ကြံတောသုဿန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဆရာ့အုတ်ဂူတွင် သူမကွယ် လွန်မီဆေးရုံတွင် ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၄၆ မိနစ်တွင် ရေးသားခဲ့သောကဗျာအမွေစာမသေ ကဗျာလေးကို ကပ္ပည်းထိုးထားလေသည်။ ဝေဒနာကို ပြင်းပြစွာခံစားနေရသည့်ကြားက အားမာန်အပြည့်ဖြစ် ရေးဖွဲ့ခဲ့သည့်ကဗျာလေးမှာ အောက်ပါအ တိုင်းဖြစ်သည်။

ကဗျာအမွေစာမသေ
ငါသေတဲ့အခါ
ဘယ်အမွေပစ္စည်းများ
ထားခဲ့ပါရ။
အို….. လောကတ၀ှမ်းလုံး
သဘာဝဓမ္မလွမ်းဖုံး
အချောအလှအဆန်းဆုံး
မနှောမယ ပန်းကုံးကဗျာတွေသီလို့
သဲလွာမြေမဟီ ကျောက်ဂူလုပ်ကာ
မြုပ်ခဲ့မည်ပ။

ဒေါင်းနွယ်ဆွေ
(၁၉၈၅ ဖေဖော်ဝါရီလ ရ ရက်နံနက် နာရီ ၄၆ မိနစ်)
ထိုကဗျာနှင့် ပန်းချီမောင်မောင်သိုက်ရေးဆွဲပေးခဲ့သော ဆရာ့ပုံတူပန်းချီကားလေးပါသော ပိုစ့်စကပ်လေးကို ဆရာ့နောက်ဆုံးခရီး၌ ကျန်ရစ် သူမိသားစုက ဖြန့်ဝေခဲ့သည်ဟုသိရသည်။

မည်သို့ဆိုစေ…. ကဗျာသည် စကားလုံးများဖြင့် ပန်းချီရေးဆွဲခြင်းဖြစ်၏။ ကဗျာဆရာသည် မိုးအောက်မြေပြင်မှ လူသားများအား ဝေဟေ ထက်မှလွတ်လပ်မှုနှင့်သဘာဝအလှသစ္စာကို ခံစားနားလည်နိုင်ရန် ကောင်းကင်နှင့်မြေ၀သုန်ကို ဆက်စပ်ပေးနေသော တံတားတစ်စင်းပ မာဖြစ်နေသောကြောင့် ဆရာဒေါင်း၏ကဗျာများသည် ကာလကြာရှည်စွာ လူသားတိုင်းအတွက် အလှသစ္စာကို ထာဝရလှစ်ဟနေမည့်အ ချောအလှဆုံး မနှောမယပန်းကုံး အလင်္ကာကလေးများပင်ဖြစ်နေသည်မှာ မလွှဲဧကန်ပေတည်း။

 
Leave a comment

Posted by on September 9, 2011 in Theipan Chit Thu, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: