RSS

Thurain Htet – Ko Poe Tu

09 Sep

ကိုဖိုးတူ လူပျိုကြီးဖြစ်ရခြင်းအကြောင်း
သူရိန်ထက်
စက်တင်ဘာ ၉၊ ၂၀၁၁

 

ကိုဖိုးတူက ယနေ့ထိ လူပျိုကြီးဖြစ်လေ၏။ လူပျိုကြီးဖြစ်ရခြင်းကမူ ထူးသည်ဟုဆိုနိုင်သည်။ ကမ္ဘာပေါ်တွင် လူပျိုကြီး အပျိုကြီး အများအ ပြားရှိပါသည်။ ထိုထိုသော လူပျိုကြီးအပျိုကြီးများတွင် ထူးကဲသောသဘာဝတွေရှိတတ်သည်။ ထိုသဘာဝတွေကြောင့်လည်း ဒီလိုဂေါ်မစွံ တွေ ဖြစ်ကြတာများလေသည်။ အထူးအထွေတော့မဟုတ်။ တချို့က ကပ်စေးနည်းလွန်းသဖြင့်၊ တချို့ကမူ ဇီဇာကြောင်လွန်းသဖြင့်၊ တချို့ ကတော့ ချေး (ဂျီး) များလွန်းသဖြင့်၊ တချို့ကတော့ ပစိပစပ်များလွန်းသဖြင့်၊ တချို့ကတော့ အိမ်ထောင်သားမွေးကို စိတ်ကုန်သဖြင့်၊ တချို့ ကတော့ လွတ်လွတ်လပ်လပ်နေရတာကို သဘောတွေ့သဖြင့်၊ တချို့ကတော့ ဘာသာရေးကြောင့်၊ လောကီသံသရာမရှည်လိုတော့သဖြင့် ဆိုပါတော့။

ကျွန်ုပ်တို့၏ ချစ်လှစွာသော ကိုဖိုးတူလူပျိုကြီးဖြစ်ရခြင်းကား ထိုသို့သောအကြောင်းတို့ကြောင့် မဟုတ်ရပါချေ။ သဘောကောင်းမနောကောင်း ကလေးချစ်တတ်သော သံယောဇဉ်မေတ္တာကြီးလှသော ကိုဖိုးတူကား မစွံ၍လည်းမဟုတ်ပါပဲ အိမ်ထောင်ပြုချင်လျက် ပြုခွင့်မသာရှာသော ကြောင့်သာ လူပျိုကြီးဖြစ်နေရခြင်းပင်တည်း။ ပြုခွင့်မသာသည်က နဖအ ဗိုလ်ချုပ်ကြီးဆိုသူတွေကြောင့်လော၊ ၈၈၈၈ ဒီမိုကရေစီသမားတွေ ကြောင့်လော ဟူကား ပြောရခက်ပါဘိတောင်း။ စာဖတ်သူသာ စဉ်းစားအဖြေပေးပါလော့။ ဖြစ်ပုံကား ဤသို့တည်း။ လင်းပါအံ့။

၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါကိုဖိုးတူသည် ၁၆ နှစ်သားဖြစ်လေသည်။ အထက်တန်းကျောင်းသားသာ ဖြစ် သေးသည်။ တက္ကသိုလ်ကျောင်းသားပင်မဖြစ်သေး။ သို့သော် ရေခဲချောင်းသည်၊ ဆတ္တာသည်ပင်မကျန် တပြည်တတိုင်းလုံး တော်လှန်ပုန် ကန်တော်မူကြကုန်သောသမယ၌ ကိုဖိုးတူလည်း ခွပ်ဒေါင်းအလံကိုင်ခဲ့သည်ပေါ့။ ကြွေးကြော်သံတိုင်ခဲ့သည်ပေါ့။ လူထုစင်မြင့်ထက် တရားပင်တတ်သမျှတက်ဟောလိုက်ချေသေးသည်ပေါ့။

တက်တက်ကြွကြွလှုပ်ရှားရင်း ကိုဖိုးတူလည်း အထက်တန်းကျောင်းသားခေါင်းဆောင် တဦးဖြစ်လာခဲ့တော့သည်။ သည်အချိန်က ကိုဖိုးတူ တို့က ၁၆ နှစ်သားဆိုတော့ စိတ်တွေကလည်းလှုပ်ရှားနေတတ်သည့်အရွယ်မဟုတ်လား။ စစ်အုပ်စိုးသူတွေကို ဆန္ဒတွေပြရင်းက ဘယ်က ဘယ်လိုဖြစ်သည်မသိ။ ဆန္ဒပြကျောင်းသူလေးတဦးကို ရင်ထဲက ဆန္ဒတွေပြမိတော့သည်။ တကယ်တော့ ကောင်မလေးကလည်း ကိုဖိုးတူ တို့ရပ်ကွက်ထဲက မြင်ဖူးသိဖူးနေကျ။ အတန်းမတူပေမယ့် ကျောင်းကတော့ အတူတူကိုး။ ကောင်မလေးက ၉ တန်း၊ ကိုဖိုးတူက ၁၀ တန်း၊ ကောင်မလေးကလည်း ကိုဖိုးတူကို သံယောဇဉ်ဖြစ်ပုံပေါ်ပါသည်။ ကိုဖိုးတူကလည်း ကြွေးကြော်သံတွေတိုင်ရင်း ကောင်မလေးနှင့်အကြည့် ဆုံလျှင် အသံတွေတုန်တုန်သွားတတ်သည်။ ကောင်မလေးကလည်း ခြေလှမ်းတွေမှားမှားကုန်သိဆိုပါစို့။ ဆန္ဒပြရင်း ချွေးတလုံးလုံးနှင့်မော နေသောကိုဖိုးတူကို ကောင်မလေးက လက်ကိုင်ပုဝါလေးပေးတတ်သည်။

ကိုဖိုးတူလည်း အားနာနာနှင့်ယူယူသုတ်သဖြင့် လက်ကိုင်ပုဝါလေးတွေပေပေကုန်သည်။ ဆန္ဒပြပွဲကာလရှည်လာသလို သူတို့သံယောဇဉ် တွေ ပိုကုန်သည်ဆိုပါတော့။ သည်လိုနှင့် သြဂုတ်လမှသည် စက်တင်ဘာသို့ရောက်လာ၏၊ တိတိပပဆိုရသော် စက်တင်ဘာ ၁၇ ရက်ည၊ စစ်တပ်ကအာဏာမသိမ်းမီည၊ ကိုဖိုးတူတို့က အစာငတ်ခံဆန္ဒပြကြသည်။ ကောင်မလေးကလည်းပါသည်။ ၃၆ နာရီ လောက်ဆိုတော့ ညလုံးပေါက်ပေါ့။ ထိုညမှာ အစာငတ်ငတ်နှင့်ပင် ကောင်မလေးကို ကိုဖိုးတူ ရင်ဖွင့်မိတော့သည်။

ဗိုက်ဆာနေပြီလား … ဟု ကောင်မလေးက မေးတော့ …
ဆာတော့ဆာတာပေါ့ဟာ …. ဟု ကိုဖိုးတူက ဖြေ၏၊

အခုအချိန်မှာ လိုတာယူဆိုရင် နင်ဘာစားချင်လဲ … ဟု ကောင်မလေးကမေး၏၊
အစားတော့ မစားချင်ပါဘူးဟာ … လိုတာရမယ်ဆို ဒီမိုကရေစီလိုချင်တာပေါ့ …. ဟု ကိုဖိုးတူက ဖြေ၏။

ဒီမိုကရေစီကတော့ ရတော့မှာပါဟာ … ဟု ကောင်မလေးက ဆိုပြန်၏၊
ဒါဆိုရင်တော့ ငါလိုချင်တာတခုရှိတယ်ဟ … ဟု ကိုဖိုးတူက တိုးတိုးတုန်တုန်နှင့် ခေါင်းငုံဆိုလေ၏၊

ဘာလည်းဟ …ဟု ကောင်မလေးက မေးပြီးမှ ကိုဖိုးတူအမူအယာကိုကြည့်ရင်း သဘောပေါက်သွားဟန်ဖြင့် သူလည်းလိုက်ခေါင်းငုံ့လေ၏။
ငါလိုချင်တာ နင်ပေးပါလားဟာ … ဟု ကိုဖိုးတူက အရဲစွန့်ကာ ခပ်ရွံ့ရွံ့ပြောရင်း တံတွေးမြိုချလေ၏၊

အင်း … အဲဒါက ဒီမိုကရေစီရတဲ့နေ့ကျပေးမှာပေါ့ဟာ …. ဟုပြောရင်း နေရာမှာခွာသွားလေ၏၊
အေး … တကယ်နော် … ဟု ကိုဖိုးတူက ဝမ်းသာသံဖြင့်ပြောရင်း ခေါင်းမော့ကြည့်တော့ ကောင်မလေးက ခပ်ဝေးဝေးရောက်သွားလေ တော့သည်။
ထိုသို့ဖြင့် ကိုဖိုးတူက ချစ်တယ်ဟူသောစကားမပါပဲ ကောင်မလေးကို ချစ်ရေးဆိုပြီး ပျော်မဆုံးခင် စစ်တပ်မှအာဏာသိမ်းလိုက်လေတော့ရာ ကိုဖိုးတူနှင့် ဒီမိုကရေစီအလှမ်းကွာခဲ့သလို ကောင်မလေးနှင့်လည်း အလှမ်းကွာခဲ့တော့သည်။ သို့သော် ဇာတ်လမ်းက ဤတွင်မဆုံးပဲ ကိုစောမောင်တို့က ရွေးကောက်ပွဲလုပ်ပေး အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မည်ဆိုသောအခါ ဒီမိုကရေစီနှင့်ကောင်မလေးတို့ အလှမ်း နီးသလိုလို ဖြစ်လာပြန်လေသည်။

ပါတီတွေဖွဲ့ကြပြီ။ ကိုဖိုးတူတို့လည်း ပင်နီတွေ ခွပ်ဒေါင်းရင်ထိုးတွေနှင့်ပေါ့။ ထိုစဉ်ကကျောင်းသားပါတီက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီ၊ ပြည်သူလူထုတရပ်လုံးသာ စည်းလုံးညီညွတ်ကြမယ်ဆိုရင် ဘယ်လိုအာဏာရှင်မျိုးကိုမဆို တော်လှန်ဖြုတ်ချနိုင်တယ်ဆိုတဲ့ တော်လှန် ရေးအဘိဓမ္မာသစ်တရပ်ကို ကမ္ဘာအရပ်ရပ်က ငါတို့လိုအဖိနှိပ်ခံပြည်သူတွေ ကောင်းကောင်း ကြီးနားလည်းသဘောပေါက်သွားအောင် ငါတို့ရဲ့တိုက်ပွဲဝင်အမျိုးသားခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူကြစို့ဆိုသော မိုးသီးဇွန်တို့ မင်းကိုနိုင်တို့ ဟောပြောသည့်မိန့်ခွန်းတွေအ ကြား ကိုဖိုးတူတို့တကိုယ်လုံး တဖိန်းဖိန်းတရှိန်းရှိန်းနှင့် အားတက်ခဲ့ရသည်ပေါ့။

ကိုဖိုးတူမှာ သူများတွေထက် ပိုပြီး ဒီမိုကရေစီလိုချင်ခဲ့သူဆိုတော့ ပိုလို့အားတက်လှုပ်ရှားခဲ့သည်ပေါ့။ သို့သော် မကြာပါချေ။ မောင်မင်းကြီး သားစစ်ဗိုလ်တွေက စစ်သားပီပီဇာတိပြလေပြီ။ ကိုဖိုးတူတို့ လူ့ဘောင်သစ်ကို မတရားအသင်းကြေညာတော့သည်။ သမဂ္ဂခေါင်းဆောင် မင်းကိုနိုင်ကို ဖမ်း၏။ ကိုမိုးသီးဇွန်လည်း မြေလျှိုးမိုးပျံရတော့သည်။ ကိုဖိုးတူတို့လည်း ပုန်းဟဲ့ ရှောင်ဟဲ့ပေါ့။ လူ့ဘောင်သစ်မရှိတော့သည်မို့ ကိုဖိုးတူတို့လည်း အဖွဲ့ချုပ်လူငယ်အဖြစ် အသွင်ပြောင်းရလေတော့သည်။ နောက်တော့ အထက်တန်းကျောင်းတွေပြန်ဖွင့်တော့ ကိုဖိုးတူ တို့က အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) ပေါ့။ ဒီမိုကရေစီရဖို့တော့ ကိုဖိုးတူတို့မှာ ဘာကိုမှမကြောက်အား။ သိတဲ့အတိုင်း ကိုဖိုးတူတို့က သူများထက်ဒီမိုကရေစီ ပိုလိုချင်သူကိုး။

ဒီလိုနှင့် အကသအဖြစ်လှုပ်ရှားရင်း ကိုဖိုးတူတို့အဖမ်းခံရသည်။ ကောင်မလေးကတော့ အဖမ်းခံရတဲ့ထဲမပါ။ အထောက်အထားမမိသဖြင့် ဆိုကာ ပြန်လွတ်သွားသည်။ ကိုဖိုးတူတို့ကို အချုပ်ထဲထားတော့ ကောင်မလေးက ထောင်ဝင်စာလာလာတွေ့သည်။ လာတွေ့သည်ဆိုပေမယ့် ရဲအစောင့်တွေခြားကာ ၂ ကိုက်အကွာလောက်က အော်ပြောရတာမျိုးမို့ ကိုဖိုးတူအချစ်ကို မဖွင့်လှစ်သာအား။ ဖွင့်လှစ်ချင်ရင်လည်း ရည်း စားစကားကို အော်ပြောမှရမည့်အခြေအနေကိုး။

၁၉၉၀ ရောက်တော့ ကိုဖိုးတူတို့  ပြန်လွတ်သည်။ မတ်လမှာ စာမေးပွဲတွေဖြေပြီး မေလရောက်တော့ ရွေးကောက်ပွဲ။ ကောင်မလေးကိုလည်း ကိုဖိုးတူက တပူစာစာလုပ်လွန်းသဖြင့် ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ကနိုင်လျှင် အဖြေပေးမည်ဟုဆိုသဖြင့် ကိုဖိုးတူမှာ သူတို့မြို့နယ်ကလွှတ် တော်ကိုယ်စားလှယ်လောင်းထက်ပင် သူက ပိုလို့နိုင်စေချင်နေတော့သည်။

ကိုဖိုးတူဆန္ဒပြည့်ပါသည်။ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ကအပြတ်အသတ်ကို နိုင်သည်။ မဲတွေရေတွက် အဖြေရသည့်အဲသည်ညက ကိုဖိုး တုတ်မှာ လမ်းပေါ်ထွက်ကချင်စိတ်ပေါက်အောင်ကို ပျော်နေခဲ့ပါတော့သည်။ ပျော်သည့်အတိုင်းလည်း ကောင်မလေးက သူ့ကိုအဖြေပေးပါ သည်။ တဆင့်တက်လို့  လက်ထပ်ဖို့ဆိုတာမျိုးကိုတော့ တကယ်ဒီမိုကရေစီရမှဟုတော့ ပညတ်သည်။ ဒါကတော့ ပြဿနာမရှိ။ ပြည်သူ့ပါ တီက ရွေးကောက်ပွဲအပြတ်အသတ်နိုင်နေပါပြီဆိုမှတော့ ဒီမိုကရေစီဆိုသည်ကလက်တကမ်းပဲ မဟုတ်လား။ လက်တကမ်းဆိုသဖြင့် ချက်ခြင်းကြီး ဒီမိုကရေစီရမှာကိုတော့ ကိုဖိုးတူ နည်းနည်းစိတ်ပူသလိုဖြစ်မိခဲ့သေးသည်။ ကောင်မလေးက သူပြောထားသလို… ကဲ ဒီမိုက ရေစီရပြီ … လာ လက်ထပ်မယ် … ဟုပြောလျှင်တော့ အခက်။ ဘာမှ ပြင်ဆင်ထားတာ အဆင်သင့်မဖြစ်သေးဘူးမဟုတ်လား။ မိဘတွေ ကတော့သဘောတူမည့်အခြေအနေ။ ဒီလိုနှင့် စစ်တန်းလျားပြန်မည်ဆိုသူကြီးလည်း စစ်တန်းလျားမပြန်နိုင်ပဲ ရူးသွားသလိုလိုဖြစ်သည်ဆို ကာ ရာထူးချက နောက်တော့ကွယ်လွန်သွားတော့သည်။ ၈၈၈၈ မှ ၉၉၉၉ ရောက်ခဲ့သည်။

ဘာဒီမိုကရေစီမှမဖြစ်လာ။ ဒီမိုကရေစီရဲဘော်ကြီးကိုဖိုးတူလည်း လှုပ်ရှားရင်းတိုက်ပွဲဝင်ရင်း ပြည်ပရောက်လာလေတော့သည်။ ကောင်မ လေးကတော့ ဘွဲ့တွေဘာတွေရပြီး ဒီမိုကရေစီနှင့် ကိုဖိုးတူပြန်အလာကို စောင့်နေရှာသည်။ ကိုဖိုးတူတို့လည်း အသက်တွေ ၃၀ ကျော်ခဲ့ပြီ။
ကိုဖိုးတူမိဘတွေလည်း ဆုံးကုန်ရှာပြီ။ ဒီမိုကရေစီကို ဖိုးတူခမျာ အိမ်ကိုမပြန်နိုင်ရှာသေး။ ကောင်မလေးကလည်း မိဘအိုတွေနှင့်မို့ ကိုဖိုး တူရှိရာကိုမလိုက်လာနိုင်သေး။ ကိုဖိုးတူတို့  အသက် ၁၆ နှစ် ၁၇ နှစ်က စခဲ့သော ဒီမိုကရေစီတိုက်ပွဲကြီးက ၁၇ နှစ်ကျော်ခဲ့ပြီ။ ကိုဖိုးတူတို့ လည်း အသက်တွေ ၂ ဆကြီးလို့ ၃၄ နှစ်ကျော်ခဲ့ပြီ။ လူပျိုကြီး အပျိုကြီးတွေလည်းဖြစ်ခဲ့ပြီ။ သူတို့ဆုံတွေ့မည့်ကာလက ဘယ်တော့လဲဆို သည်ကို ကိုဖိုးတူတို့မသိနိုင်သေး။

နိုင်ငံတော်ကြီးက အဓွန့်ရှည်မရှည်တော့မသိ။ ဒီမိုကရေစီတိုက်ပွဲကတော့ အဓွန့်ရှည်လှပြီ။ ကိုဖိုးတူတို့ကျောင်းနေဖက်တွေ မြေးချီနေသည့် အချိန်ကျမှ ကိုဖိုးတူတို့ပြန်ဆုံရမှာမျိုးတော့ မဖြစ်စေချင်။ ကိုဖိုးတူတို့လည်း လူပျိုကြီးဘဝက လွတ်ချင်လှပြီ။ သြော် ဒီမိုကရေစီတိုက်ပွဲက ရှည်လှပါဘိတောင်း … ..။

 
Leave a comment

Posted by on September 9, 2011 in Thurain Htet, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: