RSS

Khaing Mar Kyaw Zaw – female headman in Burma

11 Sep

အမိုးသူကြီး
ခိုင်မာကျော်ဇော
စက်တင်ဘာ ၂၀၁၁

 

ခိုင်မာကျော်ဇော၏ အကောင်းဆုံးလက်ရာများထဲတွင် ပါဝင်သည်

“—အိမ်တိုင်ရာရောက် ကိုယ်တိုင်လာပြီးတော့ ခိုင်းတယ်။ ရောက်တဲ့နေရာကနေ သေနတ်ဖောက်ပြီးတော့လည်း ခိုင်းတယ်။ ခေါ်တော့သာ အမိုး (အမေ) တဲ့၊ တမျိုးနဲ့တမျိုး မရိုးအောင်ကို ခိုင်းတတ်ကြပါပေတယ်—”


ခေတ်ပျက်ကြီးထဲမှာ သူကြီးဖြစ်ရတဲ့ ကျုပ်တို့ဘ၀ကို ရင်ဖွင့်ချင်လွန်းလို့ပါ။ တခြားဒေသက သူကြီးတွေတော့ ဘယ်လိုနေမယ် မသိဘူး။ ကျုပ်တို့ကျေးရွာအုပ်စုက သူကြီးမတွေကတော့ စစ်တပ်ခိုင်းဖတ် ဖြစ်နေရတယ်။

သူကြီးမတွေအကြောင်း ပြောမယ် ဆိုတော့ သူကြီးမဖြစ်လာပုံက စရမှာပဲ။ သူကြီးမဖြစ်လာပုံ ပြောတော့လည်း ကျုပ်တို့ရွာက ယောက်ျားတွေ ပြေးကြလွှားကြတာကိုလည်း ချန်ထားလို့ မဖြစ်ဘူး။ ရွာထဲ သူတို့ (စစ်တပ်) ၀င်ပြီဟေ့ နေ့နေ့ညည ဆိုသလို ယောက်ျားမှန်သမျှ အကုန် ပြေးကြတာက ကျုပ်တို့ရဲ့ အလေ့အထ တခုပဲလေ။ ‘သူကြီး ဘယ်မှာလဲ’ ‘သူကြီး ဘယ်မှာလဲ’ လို့ မေးတာကလည်း ရွာတွေရောက်တိုင်း မေးတဲ့ စစ်တပ်တွေရဲ့ အလေ့အထ တခုပါပဲ။

သူတို့ဝင်လာပြီး ‘သူကြီး ဘယ်သူလဲ’ ‘သူကြီး ဘယ်မှာလဲ’ မေးတော့ ကျုပ်တို့မှာ သူကြီး ပြစရာ မရှိဘူး။ တကယ်လည်း ကျုပ်တို့ရွာမှာ သူကြီးမရှိတာ ကြာပါပြီ။ စစ်တပ်ခေတ်မှာ သူကြီးလုပ်ရတာ အသက်အန္တရာယ်နဲ့ နီးလွန်းတော့ ဘယ်ယောက်ျားမှ သူကြီး မလုပ်ချင်ကြဘူး။ လုပ်လည်း မလုပ်ရဲကြပါဘူး။

သူကြီး မေးမရတော့ ဘာလုပ်တယ် ထင်လဲ။ ရှိရှိသမျှ လူတွေကို အိမ်တွေပေါ်က အကုန် မောင်းချပြီးတော့ နေပူကျဲတဲ ရွာလယ်က ကွင်းပြောင်ကြီးမှာ သူကြီးစစ်ဆေးပွဲကြီး လုပ်ခဲ့တယ်။ မရှိတဲ့သူကြီးကို ကျုပ်တို့ ဘယ်လိုပြနိုင်မှာလဲ။ သူကြီးမပြနိုင်ရလား ဆိုပြီး သေနတ်မောင်းတွေ တဖောင်းဖောင်း တင်ပြီး ဆဲရေးတိုင်းထွာလိုက်တာများ အရှင်လတ်လတ်နဲ့ ငရဲကျနေသလား မှတ်တယ်။ မတတ်သာတဲ့အဆုံး ‘အမေတို့ရွာမှာ သူကြီးမရှိတာ ကြာပါပြီ’ လို့ အရဲစွန့်ပြီး ပြောမိပါတယ်။ ဒီလိုနဲ့ ကျုပ်ကို သူကြီး တန်းခန့်လိုက်တော့တာပဲ။

မျက်စေ့လည်း မှုန်ပြီ။ အသက်လည်း ကြီးပါပြီ။ စာလည်း မတတ်ပါဘူး လို့ အတန်တန် ငြင်းပေမယ့် ဘယ်လိုမှ ငြင်းမရဘူး။ ဒါဟာအမိန့် တဲ့။ စစ်တပ်ရဲ့အမိန့်ကို အာခံရင် ဘာဖြစ်သွားမယ်ထင်သလဲ တဲ့။ ဒီလိုနဲ့ ကျုပ် အမိုးသူကြီး ဖြစ်လာရတယ်။

ပြောခဲ့တဲ့အတိုင်းပဲလေ သူကြီးမ ဆိုတော့ စစ်တပ်ခိုင်းဖတ်ပေါ့။ ခိုင်းပုံခိုင်းနည်းတွေကတော့ အမျိုးမျိုးပါပဲ။ စာတွေပို့ပြီးတော့ ခိုင်းတယ်။ အိမ်တိုင်ရာရောက် ကိုယ်တိုင်လာပြီးတော့ ခိုင်းတယ်။ ရောက်တဲ့နေရာကနေ သေနတ်ဖောက်ပြီးတော့လည်း ခိုင်းတယ်။ ခေါ်တော့သာ အမိုး (အမေ) တဲ့၊ တမျိုးနဲ့တမျိုး မရိုးအောင်ကို ခိုင်းတတ်ကြပါပေတယ်။
‘အမိုးသူကြီး စစ်ကြောင်းမှူးနဲ့အမြန်ဆုံး လာတွေ့ပါ’
‘အမိုးသူကြီး လုံခြုံရေးအစည်းအဝေးသို့ မပျက်မကွက် (မပျက်မကွက်) တက်ရောက်ပါရန် အကြောင်းကြားပါသည်’
‘အမိုးသူကြီး ယခု ညနေပိုင်းတွင် လှုပ်ရှားတပ်ရင်းမှူးနှင့် လာရောက်တွေ့ဆုံပါ’
‘အမိုးသူကြီး အိမ်ထောင်စုနှင့် လူဦးရေစာရင်းအား တပတ်အတွင်း စခန်းသို့ အမြန်ဆုံး စာရင်းပေးပို့ပါ’
‘အမိုးသူကြီး ဘုန်းကြီးနဲ့ကိုရင်စာရင်း ပြုစုထားပေးပါ’
‘အမိုးသူကြီး ကျောင်းသူကျောင်းသား၏ စာရင်း ပြုစုထားပေးပါ’
‘အမိုးသူကြီး ရွာအပြင်ဘက် တောင်ယာတဲတွင်နေသော အိမ်ထောင်စုများ နှင့် ၎င်းတို့၏ အမည်များကို အမြန်ဆုံး စာရင်းပို့ပါ’ တဲ့။

ကဲ – စာမတတ်တဲ့ကျုပ်အတွက် ဒုက္ခတွေ မရောက်ပေဘူးလား။ (၆)တန်းကျောင်းသား မြေးကို ကျောင်းထွက်ခိုင်းပြီး ကျုပ်ရဲ့လက်ထောက်စာရေးအဖြစ် ကျုပ်ကိုယ်တိုင် တာဝန်ပေးခဲ့ရတယ်။

‘အမိုးသူကြီး လန်ဒန်စီးကရက် (၁) တောင့် နဲ့ ဘီယာ (၃) ဗူး စာရရခြင်း ကျနော့်ထံ အရောက်ပို့ပေးပါ’
‘အမိုးသူကြီး ကြက်(၃)ကောင်နဲ့ အုန်းသီး(၁၀)လုံး ညနေပိုင်း စခန်းအရောက်ပို့ပေးပါ’
‘အမိုးသူကြီး စခန်းထိုင်တွေ ရိက္ခာပြတ်သွားတဲ့အတွက် ဆန်(၃)ပုံး အမြန်ဆုံး ပို့ပေးပါ’
‘အမိုးသူကြီး ကွမ်းပင်ပေါက် (၅၀)ခန့်နဲ့ ပေါက်တူး (၃)လက် မနက်ဖန်မနက် စခန်းသို့ ဆက်ဆက် ပို့ပေးပါ’
‘အမိုးသူကြီး ဆင်ကြယ်ဖိနပ် (၁၁)ရံကို ယခု စာလာပို့သူနဲ့ တပါတည်း ပေးလိုက်ပါ’
‘အမိုးသူကြီး မနက်ဖန် စစ်ကြောင်းမှူး လာမည်ဖြစ်၍ အစားအသောက်များ စီစဉ်ထားပါ’

လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ကျုပ်တို့ရွာသားတွေအတွက် အခက်မကြုံပေဘူးလား။ သူတို့ရဲ့ ‘အမြန်ဆုံး’တွေ အတွက် ကျုပ်အိမ်က လှည်းနဲ့နွားကို အမြန်ဆုံးရောင်းထုတ်ပြီး ဖြေရှင်းခဲ့ရတယ်။

‘အမိုးသူကြီး တပ်စခန်းကာဖို့ ၀န်ထမ်း(၁၅)ဦးကို ယခုစာ ရရချင်း ပို့ပေးပါ’
‘အမိုးသူကြီး ရိက္ခာသယ်ဖို့ ၀န်ထမ်း(၁၀)ဦး အမြန်ဆုံး လွှတ်ပေးပါ
၎င်းကိစ္စ ပျက်ကွက်ပါက လူကြီးမင်းနှင့် ကျေးရွာ၏ တာဝန်သာ ဖြစ်ပါတယ်။
‘အမိုးသူကြီး တံတားပြင်ရန်အတွက် ရွာသား (၅)ဦးနှင့် အတူ ဓားကြီး (၃)လက်၊ ပေါက်ပြား(၃)လက် မနက် (၇)နာရီတိတိမှာ စုထားပေးပါ’
‘အမိုးသူကြီး လမ်းပြင်ရန်အတွက် လှည်း(၅)စီးနှင့် တာဝန်ယူမည့် လှည်းသမားများအား သူကြီးအိမ်တွင် မနက်ဖန် မနက် စောစော စုခိုင်းထားပါ’

ဒီလို ရေးကြီးသုတ်ပြာကိစ္စတွေမှာ ကျုပ်တူ၊ ကျုပ်သားတွေကိုပဲ ချော့တလှည့် ခြောက်တလှည့် အားကိုးခဲ့ရတယ်။

ဝန်ထမ်းဆိုလို့ ပြောရဦးမယ်။ ကျုပ်တို့ရော သူတို့ပါ လူတွေကို ဆင့်ခေါ်ပြီး ခိုင်းတာကို လုပ်အားပေးလို့ပဲ သိထားကြတာပါ။ ‘အမိုးသူကြီး ၀န်ထမ်း(၅)ဦး စစ်ကြောင်းမှူးထံ အမြန်ဆုံး ပို့ပေးပါ’ တဲ့။ ကျုပ်တို့ရွာမှာ ၀န်ထမ်း ဆိုလို့ ကျောင်းဆရာ(၂)ယောက်ပဲ ရှိတယ်။ သူတို့တောင်းတဲ့ ၀န်ထမ်း(၅)ဦးပြည့်အောင် ကျုပ် ဘယ်မှာသွားရှာရမလဲ။ စစ်ကြောင်းမှူး ကိုယ်တိုင် ကျုပ်အိမ်ကို ပေါက်ချလာပြီး ၀န်ထမ်းပို့ခိုင်းတဲ့စာ မရောက်ဘူးလား ဘာညာ နဲ့ ကျုပ်ကို ဟောက်တယ်။ ၀န်ထမ်း (၅)ဦးမပြည့်လို့ မပို့ရဲတာပါ လို့ ရှင်းပြတော့ ‘သေခါနီးမှ ဒီလောက် တုံးရသလား’ တဲ့၊ ‘အဲဒီ ၀န်ထမ်း ဆိုတာ လုပ်အားပေးကို ပြောတာ တဲ့။ အခုချိန်ကစပြီး လုပ်အားပေးလို့ မခေါ်ရတော့ဘူး၊ ၀န်ထမ်းဆိုရင် သဘောပေါက်ပါ’ တဲ့။ တတ်လည်း တတ်နိုင်ကြပါတယ်။

အမျိုးမျိုးခိုင်းကြသလို ရိုင်းပြမှုအမျိုးမျိုးလည်း ကြုံရပါတယ်။ အာဏာကြီးလေ ပိုရိုင်းလေပဲ။ ဒီလို ကျုပ်ပြောလို့ ကျုပ်ကို တမျိုးတော့ မထင်ကြပါနဲ့။ ကျုပ်မြင်ရ တွေ့ရတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်လေးတွေကို ကျုပ် ပြောချင်တာပါ။ သူတောင်းတဲ့ ၀န်ထမ်းကို အမြန်ဆုံး မပို့လို့ ဆိုပြီး ကျုပ်တူ၊ ကျုပ်မြေးအရွယ် စစ်ဗိုလ်လေးက လူပုံလယ်မှာ ကျုပ်ကို ဘယ်လို ကြိမ်းဝါးတယ်လို့ ထင်သလဲ။
‘အဖွားကြီး ဝေ့လယ်ကြောင်ပတ် လုပ်မနေနဲ့။ နောက်နေ့ မျက်နှာသစ်စရာ မရှိဘဲ ဖြစ်သွားမယ်’ တဲ့။ ကျုပ်မပြောဘူးလား၊ ခေတ်ပျက်ကြီးထဲ သူကြီးဖြစ်ရတာ အသက်အန္တရာယ်နဲ့ နီးပါတယ် လို့။

ကျုပ်အသက် (၆၅)နှစ် ရှိပါပြီ။ ကျုပ်တို့ကျေးရွာအုပ်စု သူကြီးမတွေထဲမှာတော့ ကျုပ်က အကြီးဆုံးပေါ့။ ကျန်တဲ့ သူကြီးမတွေက ၃၀ ကျော်၊ ၄၀ အရွယ်တွေ။ မီးတုတ်ထွန်းပြီးမှ ပြန်ရတဲ့ အစည်းအဝေးတွေ၊ ညကြီး အချိန်မတော် အရေးပေါ် သွားလာရတဲ့ ကိစ္စတွေမှာ သူကြီးမတွေအတွက် အသက်အန္တရာယ်တင် မကဘူး အရှက် အန္တရာယ်လည်း နီးလှပါတယ်။

ပါးစပ်အရသာခံပြီး ပြောတာကတမျိုး၊ ပေါက်ပုတ်လက်ပုတ် လုပ်တာတွေလည်း ကျုပ်နား၊ ကျုပ်မျက်စေ့နဲ့ မြင်နေ တွေ့နေရတယ်။ ဒီကိစ္စကို ကျုပ် တခါပြောမိပါတယ်၊ တခါဆိုသလောက်ပါပဲ၊ အဲဒီ စစ်ဗိုလ်ကြီး ကျုပ်ကို ပြောပုံက မှတ်လောက်သားလောက်ပါပတေယ်။
‘ကိုယ်နဲ့မဆိုင်ရင် အသာနေ၊ ဟိုအမျိုးသမီး (၆၀၀)ကျော်ထဲ နောက်တိုးစာရင်းနဲ့ ပါသွားမယ်’ တဲ့။ ဒါကြောင့် ကျုပ်ပြောတာ၊ အာဏာကြီးလေ ပိုရိုင်းလေ လို့။

ကျုပ်တို့ နေရထိုင်ရတာလည်း ရှေ့နောက် ကြည့်ရတဲ့ ကိစ္စတွေလည်း ရှိနေသေးတယ်။ တဖက်ကလည်း ကိုယ့်လူမျိုးတွေ မဟုတ်လား။ ဒါမျိုးတွေ သိတော့ “သူကြီးယောင်ယောင် ငပွေးယောင်ယောင် လာမလုပ်နဲ့။ အကုန်လုံး သားရေဆုတ်ပစ်လိုက်မယ်” လို့ ကြိမ်းဝါးတာတွေကလည်း မရှား၊ ငပွေးဆိုတာက ကရင်သူပုန်တွေကို သူတို့ခေါ်တဲ့ အခေါ်အဝေါ်လေ။

သိမ်းကြုံးပြီး စစ်သားအားလုံးကိုတော့ မပြောလိုပါဘူး၊ သူတို့အားလုံး ကျုပ်တို့ကို ခိုင်းတယ်။ တောင်းကြတယ် ဆိုပေမယ့် ရည်ရည်မွန်မွန် ရှိသူတွေလည်း ရှိပါတယ်။ “အမိုးသူကြီး လုံခြုံရေးကိစ္စကို အမိုးတို့ဘက်က သေသေချာချာ တာဝန်ယူပေးပါ။ အထက်က ကျနော်တို့ကို ညွှန်ကြားလာတဲ့အတွက် အမိုးတို့ကို အကူအညီ တောင်းခံရခြင်း ဖြစ်ပါတယ်” တဲ့။ ဒီလိုမျိုးဆို ကျုပ်တို့ကလည်း နားလည်ပေးနိုင်ပါတယ်။ သူတို့ရဲ့ အထက်မှာလည်း သူတို့ကို အမိန့်ပေးတဲ့သူတွေ ညွှန်ကြားတဲ့သူတွေက ရှိနေတယ် မဟုတ်လား။

တချို့ရဲဘော်တွေကြတော့လည်း လစာဝင်ငွေနဲ့ မိသားစု စားမလောက်တဲ့ သူတို့ဘ၀ကို၊ အခြေအနေကို မရှက်မကြောက် ပြောပြကြတယ်။ ရာထူးကြီးတဲ့ ဗိုလ်ကြီးတွေနဲ့ သူတို့ဘ၀ ကွာခြားပုံတွေကိုလည်း ရင်ဖွင့်ကြပါတယ်။

တချို့ကျတော့လည်း တထည်စိုလို့ တထည်လဲစရာ မရှိကြဘူး။ ရဲဘော်လေးတယောက် ရေးတဲ့ စာလေးတစောင် ဆိုရင် ကျုပ် အခုထိ အလွတ်ရနေသေးတယ်။ “အမိုးသူကြီး ကျနော့်ကို ခရစ္စမတ်လက်ဆောင်အဖြစ် ကရင်ပုဆိုးတထည်နဲ့ ဆင်ကြယ်ဖိနပ်တရံ လက်ဆောင်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ကျနော့်တွင် အမှန်တကယ် မရှိ၍ ယခုကဲ့သို့ စာရေးရခြင်း ဖြစ်ပါသည်” တဲ့။ အောက်ဘက်မှာတော့ ပုံ – မောင်ဘယ်သူ ဆိုပြီး သူ့လက်မှတ်လေး ထိုးထားတယ်။ ဒါမျိုးကျတော့ ကျုပ်တို့က သနားတတ်ပါတယ်။ သူ့ခမျာ တကယ်ပဲ မရှိရှာလို့ ရိုးရိုးသားသား တောင်းတာ ဆိုတော့ ပုဆိုးနဲ့ဖိနပ်တင် မကဘူး အင်္ကျီတထည်ပါ လက်ဆောင် ပေးလိုက်သေးတယ်။ မရှိသူကို လှူရတာ ကျုပ်တို့လည်း ကုသိုလ်ရပါတယ်။

ဟိုဘက်ရွာက သူကြီးမတွေကျတော့လည်း အလှည့်ကျစနစ်နဲ့ (၆)လတကြိမ် သူကြီးလုပ်နေရတယ်။ ကျုပ်ကတော့ မသေမချင်း လုပ်ရမယ့် သူကြီးပေါ့။ ကျုပ် ဘယ်လောက်ကြာကြာ ခံနိုင်မလဲ။ ဒီဒဏ်တွေကို ဘယ်လိုလူမျိုးတွေ ခံနိုင်ပါ့မလဲ။ မခံနိုင်တော့ရော ကျုပ်တို့က ဘာတတ်နိုင်မှာမို့လဲ။ ဒီတော့ ပြေးစရာက တနေရာထဲပဲ ရှိတယ်။ ဘယ်ဟာဖြစ်နိုင်ဦးမှာလဲ၊ ဒုက္ခသည်တွေ ရှိတဲ့ ဒုက္ခသည်စခန်းကိုပဲပေါ့။

၂၀၀၃ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ကူးယူ ဖော်ပြသည်။
 
Leave a comment

Posted by on September 11, 2011 in Khaing Mar Kyaw Zaw, Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: