RSS

Save The Irrawaddy

12 Sep

‘Save The Irrawaddy’ ဟောပြောပွဲ ရန်ကုန်မြို့၌ ကျင်းပ
weeklyeleven.com
စက်တင်ဘာ ၁၂၊ ၂၀၁၁
ဓာတ်ပုံများ – facebook

ဧရာဝတီမြစ်ကို ကယ်တင်ထိန်းသိမ်းရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် ‘Save the Irrawaddy’ ဟေ ပြောပွဲကို ရန်ကုန်မြို့၌ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဥယျာဉ်အိမ်ရာ မဟာဂန္ဓာရုံကျောင်းတိုက် အောင်မင်္ဂလာမဟာသိမ်တော်ကြီးတွင် ဇမ္ဗူသိရီ(Safety Net) ပရဟိတလူငယ်အဖွဲ့က ဦးစီးကျင်းပခဲ့ကာ စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုတာ၊ ဒေါက်တာထွန်းလွင်၊ ကိုမြင့်ဇော်တို့က ဟောပြောဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲသို့ ဧရာဝတီမြစ်နှင့် ပတ်သက်၍ စိတ်ဝင်စားလေ့လာလိုသူများ လူဦးရေ ၅၀၀ ၀န်းကျင်လာရောက်ခဲ့ပြီး အထူးသဖြင့် လူငယ်ဦးရေမှာ ပိုမိုများပြားခဲ့သည်။ အခြေခံ ပညာကျောင်းအချို့မှ ကလေးငယ်များလည်း တက်ရောက်ခဲ့ကြသည်။

Save the Irrawaddy ဟောပြောပွဲကို စာရေးဆရာမ သန်းမြင့်အောင်က အဖွင့်မိတ်ဆက်စကားပြောကြား၍ ညနေ ၃ နာရီဝန်းကျင်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ ကိုမြင့်ဇော်က ဧရာဝတီမြစ်ပေါ်တွင် ဆည်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ EIA ထဲတွင်ပင်ပါရှိသော ဆည်တည်ဆောက်ရန် မလိုသည့်ဖော်ပြချက် အပေါ်သုံးသပ်မှု၊ မြစ်ဝကျွန်းပေါ်တွင် ပိုမိုဖွံ့ဖြိုးလာမည်၊ မိုးရေချိန်များပြားသည့်အတွက် မြစ်ရေ၊ ဆည်ရေရှိနေမည်ဆိုသည့် ထုတ်ပြန်ချက်ကို လေ့လာမှုများနှင့် ချိန်ထိုးပြမှု၊ ဒေသခံများအပေါ် ပြောင်းရွှေ့မှု၏ သက်ရောက်နိုင်ခြေများ၊ မြစ်ရေကို မှီခိုနေသည့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်နိုင်မှုများ စသည်တို့ကို စတင်ဆွေးနွေးခဲ့သည်။

ထို့နောက် စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ‘ကျွန်တော်နှင့်မြစ်များ’အမည်ဖြင့် ဟောပြောမှုတွင် ဧရာဝတီမြစ်ဆုံကို ယခင်က ရောက်ရှိခဲ့သည့်မြင်ကွင်းနှင့် ယခု မြင်ကွင်းကွာခြားပုံများ၊ ပြည်ပနိုင်ငံများရှိ မြစ်ကောမှုများကို သုံးသပ်မှုများ၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့အကြောင်း ရေးသားဖြစ်ခဲ့သော ကဗျာ၊ စာများကို တင်ပြမှုများ ပါဝင်ခဲ့သည်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးမှုများ အပါအ၀င် ရာသီဥတုအပြောင်းအလဲကို ကြုံလာရမှုများ၊ ရေကာတာတည်ဆောက်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက နိုင်ငံတွင်းတည်ဆောက်ရန် မဖြစ်နိုင်သည့်အခါ မြန်မာနိုင်ငံကို ရွေးချယ်လာပုံ၊ မြန်မာနိုင်ငံမြောက်ပိုင်းသည် နောင်တွင် မိုးနည်းနိုင်ခြေရှိသည့်အတွက် ဆည်တည်ဆောက်ပါက မြစ်ရေအပေါ် သက်ရောက်နိုင်မှုများကို ဟောပြောတင်ပြခဲ့သည်။


အစီအစဉ်၏ နောက်ဆုံးတွင် ဟောပြောသူ စာရေးဆရာ ကိုတာက တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သယံဇာတနှင့် ပတ်သက်၍ ထားရှိသည့်အမြင်များ၊ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ လုပ်ဆောင်နေမှုများ အစရှိသည်တို့ကို စာအုပ်စာတမ်းများ၊ လေ့လာမှုများပေါ် အခြေခံလျက် ဆွေးနွေးပြခဲ့သည်။

ဧရာဝတီမြစ်ဆုံဆည်နှင့် ဆက်စပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်အသိပညာပေး ဟောပြောပွဲကို ည ၈ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။

“Save the Irrawaddy” ဟောပြောပွဲမှ ပြောကြားချက်အချို့

ကိုမြင့်ဇော်

အခုတလော ကြားနေရတာ စေတနာဆိုတဲ့ စကားပေါ့။ ဧရာဝတီမြစ်နဲ့ ပတ်သက်တာ၊ မြစ်ဆုံမှာ ဆည်ဆောက်တဲ့ကိစ္စတွေမှာ လျှပ်စစ်မီး တွေရဖို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စေတနာနဲ့လုပ်တာပါ ဆိုတဲ့စကားတွေ ကြားနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သမိုင်းအတွေ့အကြုံ၊ ကမ္ဘာ့သမိုင်း အတွေ့အကြုံအရ စေတနာရဲ့နောက်မှာ အတတ်ပညာ၊ အသိပညာ၊ ဆင်ခြင်တုံတရား၊ တခြားသော နည်းစနစ်မှန်တွေ မရှိရင် အလကားပဲဆိုတာ ဒီနေရာမှာ ထပ်ပြောချင်ပါတယ်။ ဆည်ဆောက်တာ နဲ့ပတ်သက်ပြီး ကောင်းသည်၊ ဆိုးသည်ကို ဒီအထဲမှာ တစ်စုံတစ်ရာေ၀၀ါးနေတဲ့သူတွေ ရှိရင် ကျွန်တော်အခု ဖတ်ပြချင်ပါတယ်။ အဲဒါကတော့ ဧရာဝတီဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးဆက်တွေ ကို လေ့လာထားတဲ့၊ ဧရာဝတီမြစ် အထက်ပိုင်းမှာ ဆည်တွေဆောက်လိုက်တဲ့အခါ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို မြန်မာနိုင်ငံ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာပညာရှင်၊ တရုတ်ပညာရှင်တွေလည်း ပါတယ်။ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ လေ့လာချက်စာတမ်း ၁ စောင် ထွက်ခဲ့ပါ တယ်။ ၂၀၀၉ အောက်တိုဘာလမှာ ထွက်ခဲ့ပါတယ်။ အဲဒီက စာလေးတစ်ပိုဒ်ကို ဖတ်ပြချင်တယ်။ ‘မြန်မာ နှင့် တရုတ်နိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အမှန်တကယ်ပူပန်၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများကို ရည်ရွယ်ပါလျှင် ဧရာဝတီမြစ်ဆုံတွင် သည်မျှ ပမာဏကြီးသော ရေလှောင်ကန်ကို တည်ဆောက်ရန်မလိုချေ’ တဲ့။ ဒါသည် ပညာရှင်တွေရဲ့ ထုတ်ဖော်ချက်ပါ။ တခြားတခြားသော ပညာရှင်တွေရဲ့ အဆိုအရလည်း ဒီဆည်မရှိသင့်ဘူး ဆိုပါတယ်။ ဒါတွေ ကျွန်တော်တို့ချပြဖို့ လိုပါတယ်။ ဒါတွေ မရှိသင့်ဘူးဆို တဲ့ ရဲရဲရင့်ရင့်လှုပ်ရှားမှု၊ ပြောဆိုမှုတွေ ကျွန်တော်တို့ လုပ်ကြဖို့လိုပါတယ်။ ဒါ EIA ထဲက တစ်ချက်ကို အခြေခံပြီး ပြောတာပါ။

အခြေအနေမှန်တွေကိုတော့ လိမ်ညာခွင့်မရှိဘူး။ ပုံဖျက်ခွင့်မရှိဘူး။ အခြေအနေမှန်ကို လစ်လျူရှုပြီးပြောတယ်လို့ ယူဆလို့ရတဲ့ ထုတ်ပြန်ချက်တွေ တွေ့နေရပါတယ်။ တစ်ခုက မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းတွေမြောင်းတွေကနေ စီးဆင်းလာတဲ့ နုန်းတွေ၊ အနည်အနှစ်တွေကြောင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဟာ တိုးတက်တဲ့၊ မြေသြဇာ ကြွယ်ဝပြီး စိုက်ပျိုးရေးဖြစ်ထွန်း လာမယ်ပြောတာ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ကထုတ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေ ရဲ့ လေ့လာချက်စာတမ်း ’နစ်မြုပ်လာ နေသောမြစ်ဝကျွန်းပေါ်များ’ အရ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာ မယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မြစ်ဝကျွန်းပေါ်တွေသည် အခြေခံအားဖြင့် နိမ့်လာမယ်လို့ ပြောလို့ရပါတယ်။ နိမ့်ကျတဲ့အခါ ဘာတွေဖြစ်သလဲဆိုတော့ မြေအောက်ရေကြော ထိခိုက်တယ်။ အခုလိုမျိုး သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားပြီးသားကို လစ်လျူရှုပြီးတော့ မြစ်ဝကျွန်းပေါ်သည် ဘာမှမဖြစ်ပါဘူးဆိုတာ လိုရာဆွဲတာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခု မိုးရေချိန်နဲ့ ပတ်သက်လို့ ပြောတာ။ မိုးရေချိန် သိပ်များတဲ့အတွက် မြစ်ရေ ပမာဏသည်လည်း ကျမသွားဘူးလို့ ပြောပါတယ်။ တကယ့် လေ့လာချက်တွေအ ရ ၁၉၇၈ နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ မိုးခေါင်မှုတွေ ပိုမိုကြုံတွေ့လာ ရတယ်လို့ သိရပါတယ်။

ကော်လိုရာဒိုမြစ်ကို စပြီးတော့ ပိတ်ဆို့တုန်းက မိုးရေချိန်အရ ဒီ ဆည်ထဲမှာ ရေဘယ်လောက်၊ မြစ်ထဲမှာ ဘယ်လောက်ဆိုတာ တွက်ခဲ့တာ။ သို့သော် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်တွေ လျော့ကျတဲ့အခါမှာ ကော်လိုရာဒိုမြစ်ကြီးထဲမှာ ရှိသင့်တဲ့ ရေမရှိတော့ဘူး။ ဆည်ထဲမှာလည်း ရောက်သင့် ရောက်ထိုက်တဲ့ ရေမရောက်တော့ဘူး။

နောက်တစ်ခုပြောကြတယ်။ ဆည်ဆောက်တဲ့အတွက် ရပ်သူရွာသွားတွေအတွက် လမ်းတွေ၊ တံတားတွေ အများကြီးတိုးတက်လာမယ် ပြောပါတယ်။ ဒီလို ဆည်လုပ်တဲ့အခါမှာ ရပ်ရွာတွေ ရွှေ့ပြောင်း ရတယ်၊ လူတွေသည် ဆင်းရဲတာ၊ ချမ်းသာတာ ခဏထားလိုက်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကိုတော့ ခင်တွယ် ကြတာပဲ။ မပြောင်းချင်ကြဘူး။ မဖြစ်မနေ ပြောင်းပေးရမယ်ပြောတဲ့အခါ သူတို့ နေရာသစ်ပြောင်းရတဲ့အခါ ကျွန်တော်တို့တွေဆို ဘယ်လိုခံစားရမလဲ။ နောက်တစ်ခုက စီမံကိန်းတွေလုပ်တဲ့အခါ လူသစ်တွေ အများကြီး ၀င်လာတယ်။ သူတို့တွေ က ၀ယ်နိုင်တော့ ၀ယ်ကြတော့ စီမံ ကိန်းလုပ်တဲ့နေရာတွေမှာ ကုန်ဈေး နှုန်းတွေ မြင့်တက်သွားပြီးတော့ ဒေသခံတွေမှာ ထိခိုက်တယ်။ ရွှေ့ပြောင်းလာသူတွေမှာ ရောဂါဘယ တွေ ပါလာတတ်တယ်။ ဟိုတုန်းက စိုက်ပျိုးစားပြီး နေခဲ့တဲ့သူတွေမှာ သူများလက်ဝေခံ ရောက်ကြရတယ်။ ဒေသခံတွေအတွက် ရွှေ့ပြောင်းမှုနဲ့ ပတ်သက်လို့ စိတ်ပူပန်ရမှုတွေ၊ နစ်နာရမှုတွေ၊ နောက် စားဝတ်နေရေး ရွှေ့ပြောင်းရတဲ့အတွက် ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

လမ်းတွေ၊ တံတားတွေ ဆောက်ပေးလိုက်လို့ ရွာသူရွာသားတွေအတွက် ပိုကောင်းတာပေါ့ ဆိုတာနဲ့ပတ်သက်လို့ နီဂရိုးတွေရဲ့ ကဗျာလေးတစ်ပုဒ် အပြည့်အစုံတော့ မမှတ်မိပါဘူး။ ကားလမ်းလေး ဖောက်ပေးတယ်၊ ကားလမ်းပြီးသွားရင်တော့ ငါတို့တော့ ကားအသစ် လေးတွေ မြင်ဖူးမှာပေါ့တဲ့။ သူ့ကဗျာလေးက ဒါလေးရေးထားတယ်။

အခု ငွေကြေးနဲ့ပဲ ပြောနေကြတယ်။ ဆည်ပြီးရင် တစ်နှစ်ကို သန်း ၅၀၀ ရမယ်ပေါ့။ ကျောက်စိမ်း ရောင်းရင် ဘယ်နှသန်းရမယ်၊ ရေနံရောင်းရင် ဘယ်နှသန်းရမယ်၊ သို့ သော် အဲဒါတွေသည် ဈေးနှုန်းပဲ။ သဘာဝတန်ဖိုးကို ကြည့်လိုက်ရင်တော့ ဆုံးရှုံးမှုတွေ အများကြီးပါပဲ။

ဒေါက်တာ ထွန်းလွင်

ဒီဟောပြောပွဲဟာ ‘Save the Irrawaddy’ ဟောပြောပွဲ ဖြစ်တဲ့အတွက် ဧရာဝတီအကြောင်း ပြောရမယ်။ ကျွန်တော့်ရှေ့လူတွေက ပွင့် ပွင့်လင်းလင်း ပြောသွားကြတယ်။ ကျွန်တော်ကတော့ အသက်ကြီးတော့ ကြောက်တတ်တယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောပါမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်မယ့်ကိစ္စကို ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်။

အခု လူပရိသတ်ထဲကို ချပြတဲ့ အဆင့်အထိ ကျွန်တော်တို့ ပြောရေး ဆိုခွင့်ရလာပြီ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆို ပိုင်ခွင့်၊ ကန့်ကွက်ပိုင်ခွင့် စသည်ဖြင့် ဒါကို ကျွန်တော်တို့ လက်ကိုင်ထားပြီး စိတ်သဘောချင်း ကိုက်ညီတဲ့ မိတ်ဆွေတွေ၊ ပညာရှင်တွေ၊ ပြည်သူ ပြည်သားတွေ တတ်စွမ်းသမျှ နောက်ဆုံး ရည်မှန်းချက်အောင်တဲ့ အထိ ဆက်လက်ပြီးတော့ လုပ်သွားဖို့လည်း ပြောချင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နာဂစ်မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်မှာဖြစ်ခဲ့တယ်။ လူပေါင်း ၁၃၈၀၀၀ သေတယ်လို့ နိုင်ငံတော် အစိုးရက ထုတ်ပြန်တယ်။ အသားတင် အရပ်ရပ် ပျက် စီးမှုတန်ဖိုး ၁၁ ဒသမ ၈ ထရီ လီယံရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ မှာ အသေအပျောက်အများဆုံး မုန်တိုင်းတွေ စာရင်းတင်ထားတဲ့အထဲမှာ နာဂစ်မုန်တိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ အဲဒီစာရင်း နား ကပ်တောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ နာဂစ်ဖြစ်တဲ့အခါ၊ လူ ၁၃၈၀၀၀ သေတဲ့အခါ နာဂစ်ဟာ နံပါတ် ၈ နေရာက ၀င်သွားပါ တယ်။

မုန်တိုင်းကြောင့် လူသေတာများတာတွေ အိန္ဒိယနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၀င်တဲ့မုန်တိုင်းမှာ မုန်တိုင်းဒီရေတက်နိုင်တယ်ဆိုတာ ဒေသခံတွေက သိကြပေမယ့် မုန်တိုင်းဒီရေက အန္တရာယ်ပေးနိုင် တယ်ဆိုတာ မသိခဲ့ကြပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ မလိမ္မာခဲ့ကြပါဘူး။

ဒီနေ့ နောက်ထပ် ပြဿနာ တစ်ရပ် တွေ့ပြန်ပြီ။ ဒါကတော့ ဧရာဝတီမြစ်။ မြစ်ကို ရေကာတာ ဆောက်မယ်။ ရေအားလျှပ်စစ်တွေ ထုတ်လုပ် ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ ၀င်ငွေရဖို့ လုပ်မယ်။ ဒါတွေရဖို့အတွက် ဘယ်လိုပေးဆပ်နေရသလဲ ဆိုတာ ကျွန်တော် ပြောပြချင်ပါတယ်။

တရုတ်နိုင်ငံမှာ ကန့်ကွက်မှုတွေရှိတော့ ရေအားလျှပ်စစ်အတွက် နေရာသစ်ရှာတဲ့အခါမှာ မြန်မာနိုင်ငံ ကို တွေ့သွားတာပါ။

လွန်ခဲ့တဲ့ရှစ်လက ဧရာဝတီမြစ်ဆုံကို ကျွန်တော် ပထမဆုံး ရောက်ဖူးသွားပါတယ်။ ကျွန်တော် ကြားဖူးထားသလို ရေက မကြည် တော့ပါဘူး။

တရုတ်နိုင်ငံမှာ ယန်စီမြစ်ဟာ အရှည်ဆုံးမြစ်ပါ။ ကမ္ဘာ့အံ့သြဖွယ် ယဉ်ကျေးမှု တည်ဆောက်ခဲ့တဲ့မြစ် ဖြစ်ပါတယ်။ အခုဆို ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့် အမွေအနှစ် ၁၀ ခုထဲမှာ ပါနေ ပါတယ်။ နောက်ဆိုရင် ၁၀ ခုကနေ ၁၁ ခုဖြစ်လာနိုင်ပါတယ်။ အဲဒီတစ် ခုကတော့ ဧရာဝတီမြစ်ပါ။

မြန်မာနိုင်ငံမြောက်ပိုင်းဟာ လာမယ့် ဆယ်စုနှစ်တွေမှာ မိုးနည်း နိုင်ပါတယ်။ အဲဒီအချိန်မှာ ဧရာဝတီ မြစ်ကို ရေပိတ်ထားရင် ဆည်မှာလည်း သတ်မှတ်ထားတဲ့ ရေမရရင် ရေကိုယူထားမှာပဲ။ မြစ်မှာ ရေစီး နည်းသွားမယ်။ မြစ်ကျဉ်းလာမယ်။ မြစ်တိမ်လာမယ်။ ကမ်းပါးတွေကလည်း ကြာတော့ မာခဲသွားနိုင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

ကျွန်တော့်ကိုမေးပါတယ်။ ဆရာတဲ့ မြစ်ဆုံမှာဆည်ဆောက်ပြီးရင် တစ်နိုင်ငံလုံး မီးလင်းမယ်တဲ့၊ဆရာ့ သဘော ဘယ်လိုရှိလဲလို့ မေးလာပါတယ်။ ကျွန်တော်ကလည်း ရိုးရိုးပဲ ဖြေလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကသစ်တောတွေနဲ့ ဧရာဝတီကို ဒီအတိုင်း စီးခိုင်းပြီးတော့ပဲ ကျွန် တော်အမှောင်ထဲမှာပဲ နေချင်ပါတယ် လို့ဖြေလိုက်ပါတယ်။

ရွာတော်တော်များများမှာ မီးမှန်တယ်။ ညနေ၆နာရီကနေ ၁၀နာ ရီအထိကို မီးမှန်တယ်။ ဖွဲမီးဖိုတွေ နဲ့ ကျေးလက် မီးလင်းအောင်လုပ်ထားကြတာ။

မလေးရှားကို ရောက်ခဲ့တယ်။ သူတို့တွေက ကျွန်တော်တို့ကို မြစ်ဆုံကိုခေါ်သွားမယ် ပြောတယ်။ မင်းတို့ဆီမှာရော မြစ်ဆုံရှိလားဆိုတော့ ရှိတယ်တဲ့။ သွားကြည့်တော့ သူတို့ လက်ညှိုးထိုးပြတာ ကြည့်လိုက်တော့ တူးမြောင်းနှစ်ခု ဖြစ်နေတယ်။ တူးမြောင်းနှစ်ခုကနေ ပေါင်းဆုံပြီး မြောင်းကြီးတစ်ခုအဖြစ် ရှိနေတယ်။ ပုံစံမြောင်းပေါ့ဗျာ။ ကျွန်တော်က အဲဒါမြစ်ဆုံမှ မဟုတ်ဘဲ မြောင်းဆုံကြီးဟာကိုလို့ ပြောတော့ လွန်ခဲ့တဲ့နှစ် ၂၀၀က အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ ဂွန်ဂမြစ်နဲ့ ဂနိုင်းမြစ်ဆိုတာ ရှိတယ်တဲ့။ နောက်ပြီး အဲဒီနေရာမှာ အင်မတန်ကြီးတဲ့ သင်္ဘောဆိပ်ကြီး တစ်ခု ရှိတယ်တဲ့။ သူတို့နိုင်ငံက သံဖြူထွက်တယ်။ ဘယ်လောက်ထိကြီးလဲဆိုရင် အဲဒီသံဖြူတွေကို ဆိပ်ကမ်းကနေ နိုင်ငံခြားကို တင်ပို့နိုင်တယ်တဲ့။ ၁၈၉၆ မှာ ကွာ လာလမ်ပူကို တည်လိုက်တယ်။ ကွာလာလမ်ပူ ဆိုတာကိုက ရွှံ့နွံထူထပ်သောလို့ အဓိပ္ပာယ်ရတယ်။ မြို့ပြထူ ထောင်လိုက်တယ် ဆိုရင်ပဲ အဲဒီမြစ်ဆုံဟာ မြောင်းဆုံ ဖြစ်သွားတော့တာ ပါပဲ။

ကျွန်တော်တို့ မြစ်ဆုံလည်း ဘယ်နှနှစ်ကြာရင် မြောင်းဆုံ၊ ချောင်းဆုံဖြစ်သွားမလဲ။

ကိုတာ

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဘယ်လိုမြင်သလဲဆိုတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို ထွက်ပေါက်ဖြစ်နေတယ်။ နိုင်ငံလူဦးရေနည်းပြီး သယံဇာတများတယ်။

မြန်မာနိုင်ငံက တရုတ်ပြည်နဲ့ အိန္ဒိယပြည်ရဲ့ကြားမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တရုတ်ကြီးအပြင် ကုလားကြီးရဲ့ အန္တရာယ်ကပါ သတိပြုရမှာပါ။ ရင်းနှီးမြှုပ်နှံမှုများတာ ကောင်းပါတယ်။ အဲဒီရင်းနှီးမြှုပ် နှံမှုတွေက ထိထိရောက်ရောက် ဖြစ်ဖို့ကောင်းတယ်။ ထိရောက်တဲ့၊ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာဘာလဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရဘူး။ စားသုံးသူကို မထိခိုက်ရဘူး။ သဘာဝပတ်ဝန်းကျင် မပျက်စီးရဘူး။ လူ့အခွင့်အရေးကို မချိုးဖောက်ရဘူး။။

 
Leave a comment

Posted by on September 12, 2011 in Burma News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: