“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၃)
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ – အရင်တပတ်က နားထောင်မိတယ် ဆိုရင်ဖြင့် ကိုယ့်ဂီတ လောကမယ် ကိုယ့်အချင်းချင်း ယဉ်ကျေးမှု မတိမ်းစောင်း မခေါင်းပါးရအောင်လို့ ဖျောင်းဖျ ကွပ်ကွဲစေခဲ့တဲ့အတွက် ကိုယ့်လူမျိုးများအတွက် တစ်ကွက်ကောင်းကျိုး ရနိုးနိုးနဲ့ ရှေ့တိုးဆောင်ရွက်ခဲ့ကြပါသော်လဲ အမုန်းဘဲ အဖတ်တင်လာလိမ့်မယ် ဆိုတာ မှန်းဆနိုင်မယ် ထင်ပါတယ်ရှင်။ အခုလဲ ခေတ်ကြီးက ပြောင်းလွဲနေတာဘဲ ဆိုပြီး ရေးနည်းဆိုနည်း စင်ပေါ်တင်ဆက်နည်းတွေမှာ ကိုယ့်ပြည်တွင်းဖြစ် ရိုးရာ ဂီတတွေကို မတွေ့ရသလောက် ဖြစ်လာတာ မြို့ကြီးတွေဆို ပိုတောင်မှ သိသာပါသေးတယ်နော်။
အခုလို အခြေအနေမျိုး ဆိုက်လာလိမ့်မယ် ဆိုတာ မာအေးတို့ခေတ်က ဂီတသမားတွေမှ ခံစား သိမြင်ကြတာ မဟုတ်ပါဘူး၊ နန်းတွင်း တော်ဝင် ဂီတသမားကြီးတွေလဲ သိခဲ့ကြလို့ နှုတ်တိုက် အာဂုံ မြန်မာ့တေးစုံကို ထိမ်းထားကြပါ၊ သိမ်းထားကြပါ၊ ရင်ထဲမှာ ကျန်မှ တာရှည်ခံလိမ့်မယ် လို့ လက်ဆင့်ကမ်းရင်း မှာခဲ့ကြပါတယ်။ ဒီလိုနဲ့ တဆင့်ကနေ တဆင့် မပျောက်ပျက်အောင် သယ်ဆောင်လာခဲ့တာ ခေတ်တွေလဲ ဖြတ်၊ စစ်တွေလဲ ဖြတ်ခဲ့ပြီပေါ့ရှင်။ ဂီတသမားမှ မဟုတ်ပါဘူး၊ မြန်မာပြည်သူလူထုကလဲ စားဝတ်နေရေး ခုလောက် စိတ်မအေးစရာမှ မရှိဘဲ။ ဘာလေးလုပ်လိုက် လုပ်လိုက် သီချင်းကလေး တအေးအေး နေတတ်ခဲ့တဲ့သူတွေ ဖြစ်တော့ သီချင်းကြီးကြိုက်တဲ့သူကလဲ သီချင်းကြီး၊ ကာလပေါ်ကြိုက်တဲ့သူကလဲ ကာလပေါ်၊ အထူး မကျက်ရဘဲ နှုတ်တိုက်ရနေသလိုဘဲပေါ့။ အားလုံးဟာလဲ ဗမာသံ ဗမာသီချင်း ဗမာစကားလုံး ရှင်းရှင်းချည်းပါဘဲ။ Read the rest of this entry »