မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး – ၁၂
မေခ
သြဂုတ် ၃၁၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
အခန်း၇ အပိုင်း၂
စက်တင်ဘာနေ့ရက်များ ကုန်လွန်သောအခါ အရှေ့စံအိမ်တော်တခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြတော့သည်။ ဗေဒင်ဆရာ ဆရာဘဟန်က ၁၁လပိုင်းလဆန်း ၁၁ရက်နေ့သည် မင်္ဂလာပွဲပြုလုပ်ဖို့အသင့်တော်ဆုံးနေ့ဟု သတ်မှတ်ပေးသည်။ စ၀်က သူမ၏မွေးနေ့နှင့် နက္ခတ်တာရာများကိုအသေအချာ တွက်ချက်ပြီး မင်္ဂလာနေ့ရက်ကို ဆုံးဖြတ်ခိုင်းလေသည်။
အသေးစိတ်ပြင်ဆင်ချိန်မှာ၂လမျှသာကျန်ရှိတော့လေသည်။ အခမ်းအနားအတွက် အပြင်လူများ ၀င်ရောက်လာလျှင် ကြိုတင် အကြောင်းကြားထားဖို့ လိုအပ်ကြောင်းဆုံးဖြတ်ထားခဲ့သည်။ သူ၏ ပွဲဖြစ်မြောက်ရေးဝန်ကြီးများကို သူက ယုံကြည်စိတ်ချစွာ အပ်နှံထားလေသည်။
မန္တလေးမှလာကြသော ရတနာကုန်သည် ၊ ပိုးရက်ကန်းသည်၊ အပ်ချုပ်သမ၊ ဒီဇိုင်းဆရာ တို့သည် သုစန္ဒာ ကိုပြင်ဆင်ပေးဖို့ အရှေ့စံအိမ်တော်ကို ရောက်ရှိလာကြတော့သည်။ ဧည့်ခန်းသည် ကာလာရောင်စုံဖြင့် အ၀တ်အစားပြပွဲလိုဖြစ်နေတော့သည်။ မြန်မာလက်မှုပညာသည်များသည် သူတို့၏ တောက်တောက်ပြောင်ပြောင်ပိုးထည်နမူနာများ နှင့် လက်ဖြင့်ထိုးထားသော ပြင်သစ်ဝိုင် ဘာဂန်ဒီရောင်ကောဇောများကိုပြကြသည်။
အရပ်ရှည်ရှည် ကုလားရတနာကုန်သည်က ကတ္တီပါလင်ပန်းပေါ်တင်ထားသည့် လင်းလက်တောက်ပနေသော စိန်များ ပတ္တမြားများ ကို အလင်းရောင်ကောင်းကောင်းရသောနေရာတွင် ပြသနေကြသည်။ သုစန္ဒာယောင်းမ ချယ်ရီက သိမ်မွေ့လှပ ယဉ်ကျေးမည့် အမျိုးမျိုးသော ရတနာ ပိုးထည် ကတ္တီပါစ တို့ကို ကူရွေးချယ်ပေးသည်။ မန္တလေးပိုးချိတ်များသည် တိုင်းယိုင်ပိုးချိတ်ထက်ပိုမိုလေးလံပြီး ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် တရက်လျှင် နှစ်လက်မ မျှသာ ရက်လုပ်နိုင်လေသည်။
You must be logged in to post a comment.