RSS

Letters from Michigan 85

13 Sep

မစ်ရှီဂန်ကပေးတဲ့စာ(၈၅)
အောင်ဝေး
စက်တင်ဘာ ၁၂၊ ၂၀၁၁


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးရဲ့အဦးအစနေ့ရက်တွေက အတွေ့အကြုံတချို့ကို တင်ပြထားပါတယ်



မိတ်ဆွေကြီး ကိုဒေါင်း …
ကျန်းခံ့သာလို့မာပါစ။ ဥတုရာသီများလည်း သာပါစ။ အရင် တပတ် နှစ်ပတ်တုန်းက၊ ကျနော်က သြဂုတ်ဘွဲ့တွေ၊ သြဂုတ်လအလွမ်းတွေ ပြောရင်းနဲ့ကျော်ကိုကိုတို့ ၂၀၀၇ ဗကသအကြောင်း ထည့်ပြောခဲ့တယ်နော်။ အခု ပြောလက်စနဲ့ ဆက်ပြောဦးမယ်ဗျာ။

၂၀၀၇ဟာ ကျနော်တို့ပြည်သူတွေအတွက် နိုင်ငံရေးမုန်တိုင်းထန်တဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်။ ၂၀၀၇မှာကျောင်းသားကြီးတွေလို့ပြောရမယ့် ကိုမင်းကိုနိုင်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားများအဖွဲ့အတိုင်းအတာတခုအထိ သြဂုတ်လတိုက်ပွဲဆင်ခဲ့တယ်။ တိုက်နေရင်းနဲ့လမ်းခုလတ်မှာ သူတို့တအုပ်စုလုံး အဖမ်းခံလိုက်ရတယ်။
ဒါပေမဲ့ တဗိုလ်ကျ တဗိုလ်တက်စိတ်ဓာတ်နဲ့တိုက်ပွဲဟာ ဆက်လက် ဖြစ်ပွားခဲ့တယ်။ကျောင်းသားကြီး အဖွဲ့ထဲက မနီလာသိန်းတို့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ သြဂုတ်လတိုက်ပွဲအဆက်အဖြစ် ဆက်လက်ဆင်နွှဲခဲ့တယ်။ ဒီတိုက်ပွဲတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့(၁၉)နှစ်ကြာ မငြိမ်းသေသေးတဲ့ မီးရှူးတိုင်ကို မီးကူးညှိလိုက်တာပါပဲ။

အဲဒီလို ကျောင်းသားကြီးအုပ်စု၊ တိတိပပပြောရရင် ကိုမင်းကိုနိုင်တို့တပြုံလုံး အဖမ်းခံသွားရတဲ့အချိန်မှာ၊ တိုက်ပွဲဟာ ဦးဆောင်မှု မဲ့သွားပြီလားလို့ စိုးရိမ်စိတ်တွေ ၀င်သူဝင်ကြပါတယ်။ တကယ်မှာတော့၊ စိုးရိမ်လောက်အောင်တော့လည်း ဦးဆောင်မှုမဲ့မသွားဘူးလို့ ဆိုနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။

ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အုပ်စုလိုက်ကြီးအဖမ်းခံရတဲ့ညက၊ ကံကောင်းထောက်မစွာလို့ပဲ ဆိုရမယ်၊ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုဌေးကြွယ် အဖမ်းမခံရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီတော့ ခွပ်ဒေါင်းစိတ်ဓာတ်က မနေဘူး။ လျှို့ဝှက်ပုန်းအောင်းနေတဲ့ကြားက ကိုဌေးကြွယ်အနေနဲ့ အတတ်နိုင်ဆုံး လမ်းညွှန် ဦးဆောင်မှု ပေးနိုင်ခဲ့သေးတယ်လို့ ဆိုရမယ် ကိုဒေါင်း…။ ကိုဌေးကြွယ်နဲ့ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့၊ ကျနော်တို့ အဆက်အသွယ် ရှိနေခဲ့သေးတယ် ကိုဒေါင်း…။

သြဂုတ်လတိုက်ပွဲတွေအပြီး၊ ကိုမင်းကိုနိုင်တို့ကျောင်းသားကြီးတွေ အဖမ်းခံရပြီးတဲ့နောက်မှာ၊ ဦးဆောင်မှုပုံသဏ္ဌာန်က မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့၊ ဘုရားသားတော် သံဃာတွေက ဦးဆောင်မှုအခန်းကဏ္ဍကို နေရာဝင်ယူလိုက်ကြတာပါပဲ။ သြဂုတ်-စက်တင်ဘာ မိုးထဲရေထဲမှာ သံဃာတော်တွေ လမ်းပေါ်ထွက်လာတယ်။ စီတန်းလမ်းလျှောက် မေတ္တာပို့ ဆုတောင်းကြတယ်။

ကျနော်အမှတ်မမှားဘူးဆိုရင်တော့၊ အဲဒီ၂၀၀၇တုန်းက၊ အခုလို ရွှေဝါရောင် တော်လှန်ရေးဆိုပြီး ထင်ရှားခဲ့တဲ့ သံဃတော်လှန်ရေးဟာ သန်လျင်က ဘုန်းတော်ကြီးကျောင်းတွေက စတင် တပ်လှန့်နှိုးဆော်ခဲ့တယ်လို့ ပြောနိုင်မလားပဲ။ ဒါနဲ့တပြိုင်နက်တည်းလောက်မှာ၊ နအဖ စစ်အစိုးရကို ပြောင်ပြောင်တင်းတင်း စိန်ခေါ် သပိတ်မှောက်ခဲ့တဲ့ စစ်တွေက ဘုန်းကြီးကျောင်းတွေကိုလည်း အသိအမှတ်ပြု မော်ကွန်းတင်ရမယ်လို့ ယူဆပါတယ်။ အဲဒီနောက်မှာမှ၊ စက်တင်ဘာ(၅)ရက် ပခုက္ကူသံဃအရေးအခင်း ဖြစ်လာတာလို့ မှတ်မိနေပါတယ်။
ဘယ်နေရာကပဲ စစ၊ သံဃာတော်တွေရဲ့ ဦးဆောင်မှုကတော့ စခဲ့ပြီပဲ မဟုတ်လား။

ဟုတ်ပြီ ကိုဒေါင်း…၊ သံဃာတွေ လမ်းပေါ်ထွက်လာကြပြီ။ ကျောင်းသားတွေ၊ ပြည်သူတွေက သံဃာတွေကို ကာကွယ် ၀န်းရံပေးလာကြပြီ။ သံဃာတွေရဲ့ ဦးဆောင်မှုနောက်မှာ လူထုကပါလာပြီ။ သို့သော်-အစကနဦးမှာ၊ သံဃာတွေက ပြည်သူလူထု ပါလာရင် နအဖ စစ်အစိုးရက ရမယ်ရှာပြီး နှိမ်နင်းမှာကို တွက်ဆပုံရတယ်။ တဖက်ကလည်း သံဃာတွေက၊ စစ် အစိုးရက အကြမ်းဖက်လာရင် ပြည်သူလူထု ထိခိုက်နစ်နာမှာကို စိုးရိမ်ပုံရပါတယ်။

အခြေအနေက နိုင်ငံရေးဒီရေမြင့်သစ်ကို ရောက်လာပြီ။ စက်တင်ဘာလထဲကို တော်တော် ၀င်လာတော့ တက္ကသိုလ်ကျောင်းသားတွေလည်း စာမေးပွဲပြီးတဲ့သူပြီးကြပြီ။ စာမေးပွဲပြီးအောင် မဖြေဘဲ စာမေးပွဲခန်းထဲက ထွက်လာတဲ့ကျောင်းသားတွေလည်း ထွက်လာကြပြီ။

ကျောင်းသားထုက မိုးထဲရေထဲမှာ သံဃာတော်တွေကို အပြည့်အ၀ ၀န်းရံ ကာကွယ်နေကြပြီ။
ဒီအချိန်မှာ ကျနော်တို့၊ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ တိုင်ပင်တယ်။ လျှို့ဝှက်ပုန်းအောင်းနေရတဲ့ ကိုဌေးကြွယ်နဲ့လည်း ဆက်သွယ်ပြီး တိုင်ပင်ကြတယ်။ ကျနော်တို့အခြေအနေကို အကြေအလည် ဆွေးနွေး သုံးသပ်ကြတယ်။ ကျနော်တို့ ဆုံးဖြတ်ချက်ကျတော့မှလမ်းပေါ်ထွက် ဦးဆောင်နေတဲ့ သံဃာတွေရဲ့ခေါင်းဆောင်တွေကို ဆက်သွယ် ဆွေးနွေးရတယ်။

သံဃတိုက်ပွဲမှာ ကျောင်းသားတွေ၊ ပြည်သူတွေ အပြည့်အ၀ ပါဝင်ရေးကို အလေးအနက်လျှောက်ထားရတယ်။
သံဃာတွေဘက်ကလည်း သူတို့တိုက်ပွဲကို ကျောင်းသားတွေ၊ ပြည်သူတွေက တခဲနက် ၀ိုင်းဝန်းထောက်ခံနေပြီ။ ကျောင်းသားတွေ၊ ပြည်သူတွေ၊ သံဃာတွေရဲ့ရဲရင့်တဲ့ ဦးဆောင်မှုနောက်မှာ တက်တက်ကြွကြွ လိုက်ပါဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတာကို၊ အဲဒီအချိန်မှာသံဃာတွေက သိနေကြပါပြီ။

ဒီနေရာမှာ၊ စကားကျန်ခဲ့လို့ဖြတ်ပြောစရာရှိတာက၊ အဲဒီအချိန်မှာပဲ၊ သြဂုတ်လ(၂၈)ရက်နေ့မှာ ကျော်ကိုကိုတို့၊ လင်းထက်နိုင်တို့လို မျိုးဆက်သစ် ကျောင်းသားငယ်လေးတွေက ၂၀၀၇ ဗကသ – ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ချုပ်ကို တဖန်ပြန်လည်ဖွဲ့စည်းခဲ့ပြီးကြတဲ့ အချက်ပဲ။ သံဃာတွေကလည်း ဒီသတင်းကိုကြားတယ်။ ၂၀၀၇ ဗကသ အပေါ်မှာသံဃာတွေက ယုံကြည်မျှော်လင့်တယ်။
ဒီတော့ ပုန်းနေရတဲ့ ကိုဌေးကြွယ်ဘက်ကနေ၊ မပုန်းပေမဲ့ အောင်းနေရတဲ့ ကိုဇာဂနာတို့ ကျနော်တို့ဘက်ကနေ၊ တာဝန်ရှိတဲ့ သံဃခေါင်းဆောင်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးမှုရဲ့ ရလဒ်အဖြစ်၊ ၂၀၀၇ စက်တင်ဘာလ (၂၄) ရက်နေ့ကို ပြည်သူတရပ်လုံး ပါဝင်တဲ့အထွေထွေ သပိတ်ကြီး စတင်ဆင်နွှဲဖို့ ကြေညာလိုက်နိုင်တာပါပဲ။

ကိုဒေါင်းရေ…တချို့ ကိစ္စတွေက အခုအချိန်မှာ ထုတ်ပြောဖို့ မသင့်သေးတာမို့ကျနော် ဒီလောက်ပဲ ပြောနိုင်တာကို ခွင့်လွှတ်ပါဗျာ။ တချိန်ချိန်မှာတော့ ရေခဲတုံး အရည်ပျော်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို သတိရလျက်…

အောင်ဝေး
သြဂုတ် ၂၉-၂၀၁၁။


မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese
 
Leave a comment

Posted by on September 13, 2011 in Aung Wa - Letters from Michigan

 

Leave a comment