RSS

Old Cars coming out on the streets for gas fill up

22 Nov

 

ရန်ကုန်မှာ ခေတ်ဟောင်းကားများ ဓာတ်ဆီထုတ်ရောင်းဖို့ လမ်းပေါ်ထွက်လာ

ခင်နှင်းလွင်၊ ရန်ကုန်

နိုဝင်ဘာ ၂၂၊ ၂၀၁၀

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဓာတ်ဆီ၊ ဒီဇယ်ဆီရောင်းသည့်ဆိုင်ရှေ့မှာ ကားတန်းကြီးက မျက်စေ့တဆုံး မြင်နေရသည်။ လွန်ခဲ့သည့်နှစ်များက အင်္ဂလိပ်ပြက္ခဒိန် လဆန်း ၁ ရက်၊ ၂ ရက်နေ့တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းမျိုး ယခုပြန်လည်မြင်တွေ့နေရပါတယ်။ ထိုစဉ်က ကားတစီးအတွက်  လတလမှာ ၁၀ ကြိမ်ထုတ်ဖို့အရေး  လဆန်း ၁ ရက်တွင် ကားအားလုံး ထုတ်ရက် ဆုံသဖြင့် အစိုးရပိုင် စက်သုံးဆီဆိုင်များတွင် ကားတန်းရှည်ကြီးကို မြင်တွေ့ခဲ့ရပါတယ်။

ယခုတဖန် ပြန်လည်မြင်တွေ့ရသည့်ကားတန်းက ယခင်ကထက်ရှည်သလို ကားအမျိုးအစားများကလည်း သိပ်မစုံလှ၊ မိုဒယ်မြင့်မြင့်၊ တန်ဖိုးကြီးကြီး ဇိမ်ခံကားများ တစီးမှမမြင်ရဘဲ လေးဘီးဟုခေါ်သည့် မာဇဒါ ဘီ ၆၀၀ ကား၊ ဖင်မလီယာကား၊ နှစ်ပေါင်း၃၅ နှစ်ကျော်မိုဒယ် မာဇဒါ သရီးတူးသရီး၊ ဆီဒင်၊ ကိုရိုလာဆလွန်းလိုကားမျိုး အများဆုံးမြင်ရသလို ဆူပါဆလွန်း၊ ပစ်ကပ်ကားအချို့ ရောနှောနေတာလည်း တွေ့မြင်ရပါတယ်။

ဘော်ဒီတွေ လိမ်နေပြီး ဆေးသုတ်ထားတာ မညီမညာကား၊ ရှေ့လေကာမှန်ပေါ်မှာနဲ့ ဘော်ဒီပေါ်မှာ ဖုံတွေအလိမ်းလိမ်းနဲ့ကား၊ မမောင်းတာကြာလို့ ရန်ကုန်မြို့လမ်းပေါ်မှာ ပုံမကျပန်းမကျ ဖြစ်နေတဲ့ကားတွေက စက်သုံးဆီဆိုင်တွေရှေ့မှာ တန်းစီနေတာတွေ့ရပါတယ်။

ရန်ကုန်မြို့မှာ ကာလတို ပေါ်ပင်စီးပွားရေး လုပ်ငန်းတခုအခုရက်ပိုင်းအတွင်း ပြန်ပေါ်လာပါတယ်။ အဲဒီလုပ်ငန်းကတော့ ရန်ကုန်နဲ့မြို့ကြီးအချို့က ကားပိုင်ရှင်တွေ ရင်းနှီးပြီးသား ဓာတ်ဆီထုတ်ရောင်းတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ ကားသမားစကား၊ ရန်ကုန်ဗန်းစကားနဲ့ ဆိုရင်တော့ နို့ညှစ်ရောင်းတယ်လို့ ဆိုကြပါတယ်။ စက်သုံးဆီဆိုင်ကနေ ဓာတ်ဆီကို သတ်မှတ်ဈေးနဲ့ထုတ်ပြီး အပြင်လမ်းဘေးမှာ ဓာတ်ဆီဝယ်သူတွေဆီ ဖောက်ရောင်းတဲ့အလုပ်ကို နွားမွေးပြီး နို့ညှစ်ရောင်းတာနဲ့ တင်စားကြတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ လ၀န်းကျင်မှစပြီး လောင်စာဆီ တင်သွင်းတာနဲ့ ဖြန့်ဖြူးတာကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့နောက် ပုဂ္ဂလိကပိုင်ကားများအဖို့  သတ်မှတ်ထားတဲ့ ဆိုင်မှာ ခါတိုင်းလို ၂ ရက်တခါ၊ ၃ ရက်တခါ ဆီတန်းစီ၊ ဝယ်ယူခွင့်စာအုပ်နဲ့ လောင်စာဆီဝယ်ယူစရာ မလိုတော့ဘဲ နီးရာဆိုင်မှာ ကားဆန့်သလောက်ဝယ်လို့ ရခဲ့တာပါ။

ဒါပေမယ့် အဲဒီလို ပုဂ္ဂလိကပိုင်ပြုပြီး ၅ လဝန်းကျင်အကြာ နိုဝင်ဘာလဆန်းမှာတော့ အစိုးရက ပုဂ္ဂလိကလောင်စာဆီဆိုင်တွေကို ရောင်းချပေးနေတဲ့ ဓာတ်ဆီခွဲတမ်းကို လျော့ချခဲ့ပါတယ်။ အဲလိုလျော့ချတဲ့ အကျိုးဆက်နေနဲ့  ပုဂ္ဂလိကဆိုင်တွေကလည်း ဓာတ်ဆီကို အကန့်အသတ်နဲ့ ပြန်ရောင်းပေးတာ ဖြစ်လာပါတယ်။ နယ်မြို့က စက်သုံးဆီဆိုင်တဆိုင်ဆို တနေ့ ဓာတ်ဆီဂါလံ ၈၀၀ ရောင်းချပြီးတဲ့နောက် အရောင်းပိတ်လိုက်ပါတော့တယ်။

အဲဒီလို အစိုးရက ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေကို တဂါလံ ၂၃၅၀ ကျပ်နဲ့ ရောင်းပေးတဲ့ အပြင် ဆီဖြန့်ဖြူးသူတွေကို အစိုးရက ဓာတ်ဆီ ရောင်းချပေးနေသရွှေ့ လက်လီမှာ တဂါလံ ၂၅၀၀ ကျပ်ထက် ပိုမရောင်းရလို့လည်း သတ်မှတ်ထားခဲ့တာပါ။

https://moemaka.files.wordpress.com/2010/11/aprivategasolinestationinyangon.gif?w=300

ဒီအချက်ကြောင့်ပဲ ယခုအခါမှာ စက်သုံးဆီဆိုင်များမှာ ဓာတ်ဆီ ဝယ်ယူဈေး မတက်ဘဲ ရောင်းပေးမယ့် ပမာဏကို ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်စီးပွားရေး စနစ်ကိုဦးတည်သွားနေတယ်လို့ ကြွေးကြော်ထားပေမယ့်လည်း လောင်စာဆီ ဖြန့်ဖြူးရောင်းချရာမှာ ပုဂ္ဂလိကစီးပွားရေး ဆန်ဆန် မလုပ်ကိုင်သေးဘဲ ယခင်ကလို ခွဲတမ်းစနစ်နဲ့ ပြန်လည် စခန်းသွားနေကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် ခွဲတမ်းနှင့်ဝယ်ယူရသဖြင့် ပုံမှန်ပြေးဆွဲ အသုံးမပြုသည့် ခေတ်ဟောင်းကားများ ဆီဆိုင်တွင် ဆီဝယ်ယူရန် တန်းစီနေသည်ကို ထူးခြားစွာ မြင်တွေ့ကြရသည်။ ရန်ကုန်မြို့မှ ပုဂ္ဂလိက ဆီဆိုင်တွေမှာ ယခုရက်ပိုင်းအတွင်း ဓာတ်ဆီဝယ်ယူရန် ကားများ နာရီနှင့်ချီကာ စောင့်ဆိုင်းလာကြခြင်းဖြစ်သည်။

ဓာတ်ဆီတဂါလံလျှင် ကျပ် ၂၅၀၀ နှင့်ဝယ်ယူကာ ပြင်ပဈေးကွက်မှာ ၃၂၀၀ နဲ့ ပြန်ရောင်းနိုင်တယ်လို့သိရပြီး ကောက်ပြီးပြန်ရောင်းသူတွေရဲ့ လက်လီရောင်းဈေးမှာ ၃၄၀၀ ကျပ်အထိရှိတယ်လို့ သိရပါတယ်။  ထို့ကြောင့် ရန်ကုန်မြို့ ဆီဆိုင်များတွင် ယခင်က အသုံးမပြုတော့သည့် ခောတ်ဟောင်း အိမ်သုံးကား တချို့ကို ထုတ်ကာ ဆီဝယ်ယူရန် တန်းစီလာကြတာလည်း ဖြစ်ပါတယ်။

အခုတလော မာစတာ၊ ဖန်မလီယာကားတွေ လေးဘီးကားတွေ ကိုဆီဆိုင်တွေမှာ တန်းစီလာတာ တွေ့ရတယ်။ အရင်က ဆီစာအုပ်နဲ့တန်းစီရင် သတ်မှတ်တဲ့ တဆိုင်မှာ တကြိမ်ပဲ စီရပေမယ့် အခုကုမ္ပဏီမတူတဲ့ ဓာတ်ဆီဆိုင်တွေကို လှည့်တန်းစီထုတ်လို့ ရတယ်လေ။ အဲလိုနဲ့ ဆီမှောင်ခိုဈေးကွက်ပြန်တွင်ကျယ်လာတာလို့ ရန်ကုန်မြို့နေတဦးက ပြောပြသည်။

နိုင်ငံရဲ့ စီးပွားရေး နယ်ပယ် အတော်များများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ဆောင်နေတဲ့ စစ်အစိုးရ၊ ဈေးကွက်စီးပွားရေး စနစ်ကိုဖေါ်ဆောင်နေပါတယ်ဆိုတဲ့ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ လွတ်လပ်စွာ တင်သွင်းခွင့်၊ ဈေးနှုန်းကို ဈေးကွက်က ဆုံးဖြတ်ခွင့်တွေ ပေးထား မထားဆိုတာကို ယခုအဖြစ်က မှတ်ကျောက်တင်သလို ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသူတဦးက မှတ်ချက်ချသည်။

 
Leave a comment

Posted by on November 22, 2010 in Local News Headlines

 

Leave a comment