RSS

Thet Khaing – No More Burma Poem

26 May

ပျောက်ကွယ်တော့မည့် မြန်မာပြည်

သက်ခိုင်

မေ ၂၆၊ ၂၀၁၀

အရှေ့ တောင်အာရှရဲ့စပါးကျီ

ဒါ …

တခေတ်တခါဆီက

သားတို့မြန်မာပြည်လား

ကလေးတွေအကုန်လုံး

ငါ့ကို တချိန်လုံး မေးကြတယ်။

မဟုတ်လို့မဆို

ဒါတွေအားလုံးပြိုလို့

အခုဆိုယိုင်လဲ

ငါတို့ပြိုင်လဲ

အထောက်အကန် မရ

ပျောက်ကွယ်ရတော့မယ့် မြန်မာပြည်ပါကွယ်။

သန်းငါးဆယ်သော မြန်မာပြည်

မှန်းရမခက်သော အချိန်အခါဆီမှာ

ဘယ်ရောက် ဘယ်မှောက်

အလိုလို သမိုင်းပျောက်တော့မယ်။

ရဟန်းကိုသတ်

မိစ္ဆာကိုဖက်လို့

သာသနာချွတ်ယွင်း

ကမ္ဘာမှာ ကျွန်တွင်းဆင်းရတယ်။

စာသင်ကျောင်းသား

ဝေဒနာများလို့

လွယ်အိတ်ကိုစွန့်

နှုတ်ကို တွန်ခဲ့ရတော့တယ်။

စစ်သည် ငါးသိန်း

အခုသာထိန်းနိုင်ပေမယ့်

နောင်လာမယ့် ဆယ်နှစ်

အခွံကြီးသာ ကျန်ရစ်

မျိုးဆက်အသစ်တခု

မင်းတို့မပြုစုနိုင်

တရားမှ မခိုင်ပဲကွယ်။

ကျေးလက်ဒေသအပျိုမ

လူလိုဘဝဖြစ်ဖို့

အမိမြေကိုစွန့်

အသိတွေကိုအဖော်ပြုလို့

မျိုးဆက်ကိုရှာ

အဲဒါ

သူများ မြေမှာလေ။

နိုင်ငံ့ခွန်အား

တို့လုပ်သားလည်း

ထမင်းမဝ

ခါးမလှ

ကုန်ထုတ်စွမ်းအား ကျခဲ့ပြီ။

သမိုင်းကိုသိ

အမှားအမှန်ကိုမိတဲ့

တို့ရဲ့ဘိုးဘွား

သူတို့အားလည်း

အကုန်လုံးပျက်သုဉ်း

ဒီခေတ်မှာ ဆုံးခဲ့ပြီ။

အလင်းတန်ဆောင်

ကလောင်ကိုင်များလည်း

ဟိုဒီဖိနှိပ်

ဒီလိုအမိန့်နဲ့

ဉာဏ်ရိပ် တိုးတိတ်ခဲ့ရပြီ။

တို့ရဲ့ထမင်းရှင်၊ ကျေးလက်သခင်

ဦးကြီးတို့လည်း

မိုးခေါင် ရေပြောင်၊ ခေတ်အမှောင်ကျ

ဒီလိုဘဝထဲ

သားသမီးတွေ ခွဲသွားကြပြီ။

ဘွဲ့ရပညာတတ်

စာတကယ်မှတ်သလား

ကမ္ဘာမှာ သူများမေးကြပြီ။

တိုင်းစွန့်ပြည်စွန့်

ဒီလူညွန့်တွေ

ဘယ်အခါပြန်မတုန်း

ငါ တချိန်လုံး စဉ်းစားတယ်။

“ထိုင်းမှာ ကလေး မွေး

သူတို့အခွင့်အရေး

ဘာတွေပေးသလဲ”

ငါ့ကိုမေးနေကျ

ဘယ်လိုဖြေရပါ့။

“တောင်ပေါ်သားလက်မှတ်

အမောင်ဆောင်ထားတသက်

ဒါ …

နောင်အတွက်စိတ်အေး

မောင်တို့ရင်သွေးအတွက်လည်း ပါတယ်” တဲ့။

“ကျနော်တို့တရွာလုံး

ဒီကိုအကုန်လုံးပြောင်းလာတာ

အော် … နှစ်များစွာကြာပေါ့” တဲ့။

“မြန်မာပြည်ဆိုတာ

ဖေဖေတို့ နေခဲ့တဲ့အိမ်

သမီး အိပ်တောင်မမက်

ဒီတသက် …” တဲ့။

“ရွာကိုပြန်သွားတော့

အမေတို့ကိုသနားမိပေါ့

ဒါပေမယ့် …

ဒီမှာပဲ ခေါင်းချ

ဘဝက ပြောင်းမှမရပဲ” တဲ့။

“ဒုက္ခသည်ခံယူကြ

တချိန်ချိန်ကြ

ဘဝဟာလှပ

ကွယ် …

နှစ်များစွာကြာပလေ့စေဟယ်” တဲ့။

ဒီလိုနဲ့ …

လူသားမျိုးဆက်ပျက်တုံး

အဲဒီလို …

ခေတ်အဆိုးဆုံးမှာ

ကလေးတွေ အမေး

ငါ အမြဲ ရင်လေးနေရတယ်

တခါတခါလည်း ဘဝအေး သေသွားတယ်။

အရှေ့ တောင်အာရှရဲ့စပါးကျီ

ဒါ  …

တခေတ် တခါဆီက

သားတို့မြန်မာပြည်လား

ကလေးတွေအကုန်လုံး

ငါ့ကို တချိန်လုံး မေးကြတယ်။

မဟုတ်လို့ မဆို

ဒါတွေ အားလုံးပြိုလို့

အခုဆိုယိုင်လဲ

ငါတို့ ပြိုင်လဲ

အထောက်အကန် မရ

ပျောက်ကွယ်ရတော့မယ့် မြန်မာပြည်ပါကွယ်။

၀၀း၃၀ နာရီ (မေ ၅။ ၂၀၁၀)

 
Leave a comment

Posted by on May 26, 2010 in poem

 

Leave a comment