RSS

Zarny Win – Burmese Puppet Show a glance

13 Jan

လျှပ်တပြက် မြန်မာရုပ်သေးပွဲ
ဇာနည်ဝင်း
ဇန်န၀ါရီ ၁၃၊ ၂၀၁၀
(သူ့ဘလော့ဂ်ကနေ ယူတယ်)

ဒီနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာရုပ်သေးအဖွဲ့ တဖွဲ့ ရောက်နေတယ်။ နောက်တပတ်ဆို ပြည်တော်ပြန်ပြီ။ ကျနော်လား – – ဟင့်အင်း – – – သူတို့နဲ့လိုက်မပြန်ပါဘူး)

ဒီရုပ်သေးအဖွဲ့က ချင်းမိုင်မြို့ပြင်မှာ ၃ ပတ်လောက် သင်တန်းလာပေးတယ်၊ စီစဉ်ပေးတဲ့သူရှိရင် အဲဒီနေရာကို သွားကတယ် ဒါပါပဲ သူတို့ခရီးစဉ်က။ အပေါ်မှာ မြင်ရတာက သူတို့ရဲ့ သင်တန်းသားတွေထဲက တချို့ပေါ့။ ဟိုဘက်ကပုံကတော့ ပွဲစဉ်တခု မစခင် တွေ့ရတဲ့ မြင်ကွင်း။ ဟိုတယ်တခုမှာပါ။ ဟိုတယ်ပိုင်ရှင် ယိုးဒယားဦးလေးကြီးက မြန်မာ့ယဉ်ကျေးမှုကို ခရေဇီဖြစ်လို့ စီစဉ်တဲ့ ပွဲပါ။ သူက မြန်မာ ပုဆိုး၊ မြန်မာ တိုက်ပုံ ၀တ်ထားတာ တွေ့ရတယ်။ သူ့နှုတ်ခမ်းမွှေးကတော့ ယိုးဒယားနှုတ်ခမ်းမွှေးဖြစ်မယ်။ မသေချာဘူး) ကဲ – ပုဆိုး၊ တိုက်ပုံက မြန်မာအ၀တ်အစားအစစ် မဟုတ်ဘူး ငြင်းမနေနဲ့၊ မြန်မာပြည်မှာ ဒါပဲဝတ်တာ မြန်မာဝတ်စုံပေါ့ဗျာ။ အဲဒီနေ့က သူ့အလုပ်သမားတွေကိုလည်း ပုဆိုးနဲ့တိုက်ပုံ ဆင်ထားတာ တွေ့လိုက်ရတယ်။ မြန်မာပြည်က ရှမ်းတိုင်းရင်းသား လူငယ်တွေလို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်။ အင်း – ဟုတ်မှာပါ၊ ဟိုတယ်ဝန်ထမ်းတယောက် မြန်မာလိုပြောတာ ကြားလိုက်ရတယ်။

ဟောဗျာ – ကပြီ။ ပရိသတ်ကြီး မြင်ရတာကတော့ နဂါးနဲ့ဂဠုန်အက။ နဂါးကတဲ့ အမျိုးသမီးက သီချင်းဆို ၀ါသနာပါတယ်။ ဒီလို ဒီလို – စင်ရဲ့ မြောက်ဘက် အဲ – စင်ရဲ့ ညာဘက်မှာ ဗုံအဖွဲ့တွေ့တယ်မဟုတ်လား၊ အဲဒါက ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ လှည့်လည်နေတဲ့ ဗုံဆရာတွေ။ ရှမ်းလူမျိုး။ သူတို့က မြန်မာတီးလုံးတွေ တီးတယ် ပွဲမစခင်။ နဂါးရုပ်ဆွဲတဲ့ အမျိုးသမီးက တီးလုံးအတိုင်း သီချင်းလိုက်ညည်းတာ ကြားလိုက်ရလို့ပါ။ ကျနော် သွားနားထောင်တာတော့ မဟုတ်ပါဘူး။ စင်နောက်ဘက်ကို ဒီလိုပဲ ဘာရယ်မဟုတ် လျှောက်ကြည့်ရင်းနဲ့ ကြားလိုက်တာပါ။ အင်း – အကအကြောင်း ပြန်ဆက်ရရင် သူတို့က နဂါးနဲ့ဂဠုန် နောင်ဂျိန်ခန်း ကနေကြတာ။ ဂဠုန်ရုပ်ဆွဲတဲ့ ဆရာသမားလေးက ရုပ်သေးဆရာပဲ နို့ပေမယ့် ဒီအရုပ်တွေ အားလုံးကို သူထုလုပ် ပြင်ဆင်ထားတာလို့ ဆိုတယ်။ သူက ၂ မျိုး ကျွမ်းကျင်တဲ့ ပညာရှင်ပေပဲ။

ဟောသမှာ ခေါင်းပေါင်းနဲ့ ဦးလေးကြီးက ရုပ်သေးဆရာကြီး။ နောက်ကကွက်တခုအတွက် ရယ်ဒီလုပ်နေတာ။ အမျိုးသမီးက နတ်ကန်တော့ခန်း ကနေတာ။ ခုံပေါ်က အုန်းပွဲငှက်ပျောပွဲက ပလပ်စတစ်နဲ့ လုပ်ထားတာလေ၊ အဲဒါကို နတ်ရုပ်က ကောက်ကိုင်ပြီး ကသဗျ။ ကျသွားရင် ဒုက္ခ။ အင်း – ပညာရပ်တွေကတော့ ကြောက်စရာ။ ညာဘက်က ပုံကတော့ သူတို့ရဲ့ ၃ ပတ်ကြာ သင်တန်းကာလမှာ ပညာယူကြတဲ့ ချင်းမိုင်တက္ကသိုလ်က ကလေးတွေ ဖြစ်မယ်။

စင်နောက်ဘက်မှာ ချိတ်ထားတာတွေဗျ။ မဟုတ်ဘူး၊ အဲဒါ ဘောလုံးသမားအရုပ်မဟုတ်ဘူး၊ ခြင်းခတ်တဲ့အရုပ်ဗျ။ ခြင်းလုံးကို တချက် တချက် တော့ တာပေါ့ ကနေရင်းနဲ့။ အလယ်က အရုပ်တွေက နတ်သမီး နတ်သားလား ကိန္နရာ ကိန္နရီလား မမှတ်မိတော့ဘူး။ ဟိုဘက်ဆုံးကတော့ ဘီလူး ၂ ကောင်၊ ပြီးတော့ မျောက် နဲ့ ဦးရွှေရိုး။ ဦးရွှေရိုးကတော့ အင်မတန် ပညာပါတယ်၊ ကနေရင်းနဲ့ ပုသိမ်ထီးကိုဖွင့်တယ်၊ မျက်လုံး မျက်တောင် နှုတ်ခမ်းမွှေးတို့ကို ကစားပြတယ်၊ ဒါ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ထွင်တာလေ။ တခြားအဖွဲ့တွေလည်း ဒီလို အရုပ်တွေ ရှိမရှိ မသိ။

သေချာတာကတော့ ရုပ်သေးဆရာ ဆရာမ ဖြစ်ဖို့ မလွယ်ပါဘူး။ ကြိုးကိုင်တတ်ရုံတင်မက အတွင်းအားပါ ကောင်းဖို့ လိုမယ်။ ရုပ်သေးတွေက မပေါ့ဘူး။ ကခုန်ကြတာတော့ အရုပ်တွေပါပဲ၊ သူတို့ ကနိုင်ခုန်နိုင်အောင် လူက ကြိုးကိုင်ရ ဆွဲထားရတာ လက်မောင်းပြုတ်မတတ် ဖြစ်လိမ့်မယ်။
အင်္ကျီဖြူနဲ့ ဆရာသမား လက်စွမ်းပြနေတာက ဟွန်းတယော ဆိုပဲ။ သူတို့ဝိုင်းကလည်း မြိုင်တယ်။ သံပတ္တလား၊ ဗုံ၊ မောင်း၊ ဟွန်းတယော၊ ဒါပဲ။ ထိုင်းပန်းချီဆရာတယောက်က အဲသမှာ ကျနော့်ကို မေးတယ်၊ ဒီပွဲကြည့်ပြီး မင်း မြန်မာပြည်ကို လွမ်းသွားသလား တဲ့။ ဟင့်အင်း – အဲသလိုတော့ ဟုတ်ပါဘူး။ သူကတော့ ထင်မှာပဲ – မြန်မာပြည်သားတွေဟာ ရုပ်သေးပွဲ ကြည့်နေကျမို့ ပြည်ပမှာ ဒီလိုပွဲ ကြည့်လိုက်ရတော့ အိမ်လွမ်းပြီပေါ့ ဆိုပြီး။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံးသော အတွေ့အကြုံပါ၊ ရုပ်သေးပွဲကို ကြည့်ဖူးတာ။ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောင်မှပဲ ပုံတွေ ထပ်တင်ပြီး လျှောက်ရေးဦးမယ်လေ။ ။

http://zarnywin.blogspot.com/2010/01/puppet.html

 
Leave a comment

Posted by on January 13, 2010 in Travelouge

 

Leave a comment